စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
တောတောင်တွေ ကြားထဲမှာ မိုးကာအမိုးနဲ့ တန်းစီပြီး ဆောက်လုပ်ထားကြတဲ့ တဲအိမ်တွေ တစ်ထောင်ကျော်လောက်ရှိပါတယ်။ အဲဒါက ထိုင်းနယ်စပ်နဲ့နီးတဲ့ ကယားပြည်နယ်ထဲက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေတစ်နေရာထဲက စစ်ဘေးဒုက္ခသည်စခန်း တစ်ခုပဲဖြစ်ပါတယ်။
အဲဒီစခန်းမှာ လူဦးရေ နှစ်ထောင်ကျော်လောက်ရှိပြီး အဲဒီနယ်စပ်ဒုက္ခသည်စခန်းကို ရောက်ဖို့ဆိုရင် တစ်ပတ်ကြာ တောတောင်တွေကြားထဲကနေ ခြေလျှင်လျောက်ပြီး လာရတာဖြစ်ပါတယ်။တောထဲတောင်ထဲက စစ်ဘေးဒုက္ခသည်စခန်းဖြစ်တဲ့အတွက် ရေရှားပါးတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ရိက္ခာသယ်ယူပို့ဆောင်ရေးတွေလည်း ခက်ခက်ခဲခဲနဲ့ သယ်ယူပို့ဆောင်နေကြရပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းထဲမှာပဲ နောက်ထပ် ပညာရေးဌာနက အရာရှိ ဆရာမကြီးတစ်ဦးနဲ့ သူ့အိမ်မှာ ထိုင်ရင်း စကားပြောဖြစ်တယ်။ သူ့မှာ ၁၁နှစ် အရွယ် သားကလေးတစ်ဦးရှိတယ်။
"အဆင်ပြေလားဆရာမကြီး"လို့ မေးတော့ "ပြည်သူတွေရဲ့စောင့်ရှောက်မှုကိုရထားပါတယ်။ ဘေးကင်းလုံးခြုံပါတယ်။ ဒါပေမဲ့သားအတွက်စိတ်မကောင်းတာတစ်ခုရှိတယ်။ သားအဖေ CDM ကို အောက်တိုဘာလတုန်းက စစ်ကောင်စီဖမ်းသွားတယ်။ ခုထိ သေလားရှင်လားမသိရဘူး' ကျွန်မ အရမ်းဝမ်းနည်ရပါတယ်။" လို့မျက်ရည်သုတ်ပြီးပြောပြရှာတယ်။
အနာဂတ်ကလေးတွေ ကျွန်မတို့လိုမခံစားရအောင် ကျွန်မတို့အားလုံးအတူတူ တိုက်ပွဲဝင်ရမှာပဲလို့ ဆရာမကြီးပြောတယ်။
အားတင်းထားပါဆရာမကြီးလို့အားပေးခဲ့တာကလွှဲပြီးပါမှ မလုပ်ပေးနိုင်ခဲ့ဘူး။
စစ်ကောင်စီက အာဏာသိမ်းပြီး သုံးပတ်အကြာ ၂ ငါးလုံးနေ့ဖြစ်တဲ့ ၂၂.၂.၂၀၂၁ နေ့မှာ မြန်မာ တစ်နိုင်ငံလုံး လမ်းပေါ် ဆန္ဒ ဖော်ထုတ်ပွဲလုပ်ခဲ့ကြချိန် ကယားပြည်နယ်မှာလည်း တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဆန္ဒ ဖော်ထုတ်ပွဲကို တစ်စုတစ်စည်းတည်း တစ်နေရာတည်းမှာ ကျင်းပခဲ့ကြတယ်။
အဲဒီနေရာကလွိုင်ကော်မြို့ရဲ့အထင်ကရ နေရာတခုဖြစ်တဲ့ ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပနေကျ ကွင်းပြင်ကျယ်ကြီးထဲမှာ ဖြစ်ပါတယ်။
လူထုထဲမှာမှ စစ်အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်အောင် အစိုးရဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေက အာဏာ ဖီဆန်ရေး (CDM) လုပ်လာကြတဲ့ သူတွေကိုလည်း နေပူပြင်းပြင်းအောက်မှာ သူတို့ဌာန ကိုယ်စားပြုအလံတွေ ယူနီဖောင်းတွေ ကိုင်ဆောင် ဝတ်ဆင်ကာ သပိတ်မှောက် ဆန္ဒ ဖော်ထုတ်ခဲ့ကြတာတွေ့ခဲ့ရပါတယ်။
တစ်သက်နှင့်တစ်ကိုယ် ဒီလိုမြင်ကွင်းမျိုး ကိုယ်တွေ့ တစ်ခါမှမမြင်ဖူးခဲ့တော့ အံ့ဩမိသလို လေးလည်း လေးစားမိတယ်။
မကြာခင်မှာပဲ CDM လုပ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီက အလုပ်ကနေ ယာယီရပ်ဆိုင်း အမိန့်စာတွေထုတ်ပြီး နောက်လတွေမှာ ထုတ်ပယ်စာတွေ ဆက်လက်ထုတ်ပါတော့တယ်။
အခုတော့ CDM လှုပ်ရှားမှုဟာတစ်နှစ်ခွဲနီးပါးရှိခဲ့ပါပြီ။ ဆက်လက်ပြီးအားကောင်းနေသလို ဝမ်းနည်းစရာတွေလည်းရှိနေပါတယ်။
ဝမ်းရေးအခက်ကြုံလာတဲ့ မိသားစုတွေအများကြီးကျွန်မတွေ့ခဲ့တဲ့အတွက်လည်း ဝမ်းနည်းရပါတယ်။
ဉပမာ ကလေး၄ ယောက် CDM ဆရာမတစ်ဦးရဲ့အခြေအနေ − ယောကျာ်းကလည်း အရက်သမား ဝင်ငွေကမရှိ၊ ဆန်မရှိဆီမရှိ ကိုဗစ်ဘေးကလည်းရှိ ကြတော့ မိသားစုပြသနာဖြစ်လာတယ်။
အိမ်တွင်းအကြမ်းဖက်မှုဆက်တိုက်ဖြစ်ပွားတော့ အရပ်ဘက်အဖွဲ့အစည်းက ပါဝင်လာရတော့တာပေါ့။ အမျိုးသမီး အဖွဲ့အစည်းက ဆရာမနှင့်ကလေးတွေကို ထိန်းသိမ်းခေါ်ယူထားပြီး စောင့်ရှောက်ထားရတယ်။
တခြား CDM အရာရှိလင်မယား နှစ်ယောက်မှာလည်း သူများမြို့ရွာ သူများအိမ်မှာနေရာတာ ကြာတော့ အားနာလှပြီ။ အလုပ်ကမရှိ မိသားစု စားဝတ်နေရေးအတွက် မျက်နှာငယ်ငယ်နဲ့ နေနေကြရတယ်။
ကျန်းမာရေးချို့တဲ့နေတဲ့ ပညာရေး CDM ကျောင်းဆရာမ ဝန်ထမ်း တစ်ယောက် ကိုလည်းစစ်ရှောင်စခန်းတစ်ခုမှာဆုံမိနေတယ်။ သူမ သောက်နေကျဆေးပြတ်တောက်နေတယ် ဝယ်မရဘူး။
ဆရာမက သွေးတိုးရောဂါ အဆစ်အမြစ်ကိုက်တဲ့ရောဂါရှိနေတော့ ခုလို တောထဲ အိပ်စက်ခဲ့တာ အစာရေစာ မပြည့်စုံတာလည်းပါတော့ ကျန်းမာရေးအခြေအနေကပိုဆိုးလာတယ်လို့ပြောပြတယ် ။
CDM သမားတွေရဲ့ဘဝက ဒီစစ်အာဏာ သိမ်းပြီးနောက်ပိုင်း စားဝတ်နေရေး ကျန်းမာရေး အစစအရာရာ ဒုက္ခ တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတယ်။
တစ်ဦးချင်းအခြေအနေတွေဘယ်လောက်ပဲ ကွဲပြားနေပါစေ ဒီလိုစစ်ဘေး အငတ်ဘေးကြုံလာတဲ့ သူရဲကောင်း CDM တွေရဲ့ အဖြေတစ်ခုကတော့ တူနေကြပါတယ်။ အဆုံးထိ ပြည်သူနဲ့အတူ ရပ်တည်ပြီးတိုက်ပွဲဝင်မယ်၊ အရေးတော်ပုံ အောင်ကိုအောင်ရမယ် ဆိုတဲ့အဖြေပါ။
သူတို့တွေရဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံပြီးအာဏာရှင်ကို တော်လှန်နေကြတာကိုတော့ အရမ်းလေးစားမိပါတယ်။
CDM ဝန်ထမ်းတွေ အားကောင်းနေသ၍ တော့ စစ်အာဏာရှင်က ပြည်သူတွေကို အုပ်ချုပ်ဖို့ ခက်ခဲဖြစ်လာစေတဲ့အတွက် အာဏာရှင်စနစ်က မလွှဲဧကန် သက်ဆိုးရှည်နိုင်မှာ မဟုတ်ပါဘူး။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိနေသည့် အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦးမှ အနုပညာလက်ရာဖြစ်သည်။