စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
အနားမှာ ကစားနေရင်းနဲ့ ရုတ်တရက် အသံကျယ်လောင်စွာထွက်လာတဲ့ ကလေးငယ်ရဲ့ငိုသံကြောင့် ကျွန်တော် ပြာယာခတ် သွားခဲ့ရတယ်။
စိုးရိမ်တကြီး နဲ့ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲဆိုပြီး သူ့အမေကိုမေးလိုက်တော့ ''တီဗွီထဲက စစ်သား တွေကိုကြည့်ပြီးငိုတာတဲ့''
''အမ်'' ဆိုပြီး ကျွန်တော်ကြောင်သွားခဲ့ရတယ်။
ချင်းပြည်နယ် မတူပီမှာ ဒေသခံကာကွယ်ရေးတပ် (CDF)တွေနဲ့ စစ်ကောင်စီတပ် တွေကြောင့်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မတူပီမြို့ပေါ်နေသူတွေနဲ့ ကျေးရွာနေပြည်သူတွေက အဆင်ပြေသလို ဆွေမျိုးနီးစပ်အိမ်တွေမှာတည်းခိုနေကြရသလို တချို့ကလည်း မြန်မာ − အိန္ဒိယ နယ်စပ် ကိုဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ ခိုနေကြရပါတယ်။ ဒီထဲမှာမှ ဒီသားအမိက ကျွန်တော်တို့မိသားစုနေထိုင်တဲ့ နေရာမှာ လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။
(၄)နှစ်အရွယ်မိန်းကလေးက ဘာကြောင့်များ ရုပ်မြင်သံကြားမှာလာတဲ့ဇာတ်လမ်းထဲက စစ်သားတွေကို တွေ့တာနဲ့ လန့်အော်ငိုရတာလဲဆိုပြီးသူ့အမေကိုမေးကြည့်မိလိုက်တယ်။
“မတူပီမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြို့ပေါ်မှာစစ်ဆေးမှုတွေကကြမ်းလာခဲ့ပါတယ်။ လူတွေတော်တော်များများကိုလည်း အသက်အရွယ် ကြီးတယ်၊ ငယ်တယ်မရွေး လမ်းပေါ်မှာအားလုံး ကိုဒူးထောက်ခိုင်းပြီးအကုန်ဖမ်းဆီးတော့တာပါ။
"မတူပီအခြေစိုက်စစ်ဗျူဟာထိုင်တဲ့တပ်ကုန်းပေါ်မှာ စေတီတစ်ခုရှိတယ်။ အရင်ထဲကရှိတဲ့ စေတီပါ။ ဒီစေတီကို စစ်တပ်ကနေပြီး စေတီအကြီးတစ်ဆူ ပြန်လုပ်ကြပါတယ်။ အရင် စေတီအဟောင်းကို ငုံပြီးတော့ပေါ့။ အဲဒီစေတီကိုလည်း ဆုတောင်းပြည့်စေတီဆိုပြီး နာမည်ပေးထားတယ်။ ဒီစေတီတည်ဆောက်နေတဲ့အချိန်မှာ လူငယ်တွေ CDF (ဒေသခံကာကွယ်ရေးတပ်) လာပြီး နှောက်ယှက်မှာကြောက်တယ် ထင်ပါတယ်။ နေ့ည လက်နက်ကြီးတွေနဲ့ အနီးအနားကရွာတွေကို တောက်လျောက်ပစ်နေတော့တာ။ မြို့ပေါ်မှာလည်း လုံခြုံရေး တွေက အများကြီး။
"အရင်ကတိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းတဲ့မတူပီမြို့မှာ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ ကလည်း ညစဉ်ဆက်တိုက်ကြားနေရတော့ ကလေးငယ်ရှိတဲ့အိမ်တိုင်းမှာ ငိုသံတွေက ပြိုင်တူဆိုသလို ထွက်ထွက်လာပါတယ်။ အဲဒီကတည်းက ကားသံတွေ ဟွမ်းသံတွေ ရုတ်တရက်ဆူညံသံကြားရင် အမေ့ဆီပြေးလားပြီး ထငိုလာတတ်တယ်။ အသံကျယ်တာကို ကြောက်တတ်လာတယ်။
"အဲဒီနေ့က အမြဲမှတ်မိနေတယ်။ ၄နှစ်အရွယ်သမီးလေးရဲ့စိတ်ထဲမှာ ဆူးတစ်ချောင်း ဆူးဝင်သွားတဲ့နေ့ ဆိုလည်းမမှားပါဘူး၊
"မတူပီမြို့ဆိုတာပင်လယ်ရေမျက်နှာပြင် ၃၅၆၀ပေ အထက်မှာရှိတာ။ အရမ်းကို အေးချမ်းပြီး နေလို့ကောင်းတဲ့မြို့လေး။ ခါတိုင်းလိုပါပဲ မနက်ခင်းဈေးမှာ ဈေးဝယ်နေတုန်း ရှိသေးတယ်။ လမ်းဆုံတစ်ခုမှာ စစ်ကားနှစ်စီးက ကန့်လန့်ဖြတ်ရပ်လိုက်ပြီး ကားပေါ်ကနေ စစ်သားတွေ ဆင်းလာကြတယ်။ လမ်းပေါ်ကနေ သွားလာနေတဲ့သူတွေကို စစ်ဆေးမေးမြန်းတယ်။ ဆိုင်ကယ်တွေကိုလည်း ရပ်ပြီးတူးဘောက်တွေဖွင့်ခိုင်းတယ်။ မသင်္ကာ တဲ့သူတွေကျတော့ မြေကြီးပေါ်မှာ ဒူးတွေထောက်ခိုင်းကြတယ်။ လောင်ဗန်းရပ်ကွက်ဘက်က စစ်သားတွေဆိုရင် လမ်းသွားလမ်းလာတွေကို အင်္ကျီချွတ်ပြီးတော့ကို ဒူးထောက်ခိုင်းတာ။
"အဲဒီချိန်မှာ ဘယ်လိုကနေဘယ်လို သေနတ်ပစ်ဖောက်လိုက်လည်းမသိဘူး။ စစ်သားတစ်ဦးဆီက သေနတ်သံ ထွက်လာတယ်ထင်တယ်။ အသံလည်းကြားရော လန့်နေတဲ့သူတွေက ပိုလန့်ပြီး ထွက်ပြေးကြတယ်လေ။
“ကျွန်မလည်း ကြောက်အားလန့်အားနဲ့ သမီးလက်ကိုဆွဲပြီးပြေးတဲ့အခါ သမီးလေးက ခြေခေါက်ပြီး ချော်လဲသွားတယ်။ ခေါင်းနဲ့ကျသွားတော့နားထင်မှာအမာရွတ်ဖြစ်သွားတာ။ လန့်ပြီးတော့ ငိုတာလေ တော်တော်နဲ့ အငိုမတိတ်ဘူး။ အဲဒီထဲက သမီးကစစ်သားတွေမြင်ပြီဆိုတာနဲ့ ငိုတော့တာပဲ။ သူ့စိတ်ထဲမှာ သူတို့ကြောင့်ဆိုတဲ့အတွေး၊ ကြောက်စိတ်ဝင်သွားပြီး၊ ဘယ်လိုမှဖျောက်လို့ရတော့ မယ်မထင်ပါဘူး။”
ကလေးအမေပြောစကားအဆုံးမှာတော့ ကျွန်တော် တော်တော်လေး စိတ်မကောင်း ဖြစ်သွားရတယ်။
သူ့အမေနဲ့အဖေကတော့ သူ့သမီးအတွက် ရိုးသွားပြီးပြောရမလား၊ အသံတွေကြားလို့ သမီး ငိုတာနဲ့ သမီးကိုပွေ့ဖက်ပြီးချော့ကြတယ်။ တအောင့်လောက်နေရင်တော့ ကလေးက အငိုတိတ်သွားတယ်။ ဒါပေမယ့်ကျွန်တော်အပါဝင် ကလေးမိဘတွေကရော စိုးရိမ်တာတစ်ခုက ဒီပြသနာကကလေးစိတ်ခံစားချက်က အရွယ်ရောက်တဲ့အထိပါသွားမှာကို စိုးရိမ်တာ။
"ဒီလိုတိုက်ပွဲအတွင်းမှာကြုံတွေ့ခဲ့ရတဲ့ နုငယ်တဲ့ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ဘာနဲ့များ ကုစားပေးရပါ့မလဲ။"
အနီးအနားမှာ နေထိုင်ကြတဲ့ ကလေးငယ်တွေ အိမ်ထောင်စုတွေ အားလုံးက စစ်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်မိသားစုတွေ ဖြစ်နေတဲ့ အခါဘယ်လိုများ နှစ်သိမ့်အားပေးရပါ့မလဲ။
“မြန်မာနိုင်ငံ၏ကလေးသူငယ်မျိုးဆက်တစ်ဆက်၏ ကျန်းမာပျော်ရွှင်မှု၊ သူတို့၏ အနာဂတ်နှင့် ရှင်သန်မှုတို့ ကို ပဋိပက္ခအရှိန်မြင့်တက်လာမှု၊ မလုံခြုံမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုနှင့် ဆင်းရဲမှုတို့က ခြိမ်းခြောက်ထားသည်,” လို့ ကုလသမ္မဂရဲ့ ကလေးသူငယ် အေဂျင်စီ UNICEF ကဆိုထားပါတယ်။
ကိုဗစ်-၁၉ကပ်၊ ကျောင်းတွေပိတ်တာ၊ စီးပွားရေးကျဆင်းမှု နဲ့ ပဋိပက္ခအရှိန်အဟုန်မြင့်တက်လာတာ တွေဟာ "ကလေးသူငယ်သန်းပေါင်းများစွာ၏ စိတ်ကျန်းမာပျော်ရွှင်မှုနှင့် အနာဂတ်အလားအလာများမှာ ထိခိုက်နစ်နာနေပြီ ဖြစ်သည့်အပြင်၊ အချို့သောဖြစ်ရပ်များတွင်မူ အမြဲတမ်းနစ်နာသွားစေပါသည်" လို့လဲ UNICEF ကပြောပါတယ်။
ချင်းလူ့အဖွဲ့ အစည်း တွေရဲ့စစ်တမ်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ချင်ပြည်နယ်အတွင်းမှာ အသတ်ခံရတဲ့ ကလေးငယ်ပေါင်း (၁၄)ယောက်ရှိပြီး ခြေပြတ်လက်ပြတ်ဘဝရောက်သွားတဲ့ကလေးငယ် (၉) ယောက် ရှိနေတယ်လို့ဆိုပါတယ်။
သေချာတာတစ်ခုကတော့ စစ်အာဏာရှင်လက်အောက်ကမလွတ်နိုင်သေးသ၍တော့ မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပြင်၊ လူကြီးတွေပါ နေ့စဉ်ရက်ဆက်ဆိုသလို စိတ်အနာတရတွေရပြီး ငိုကြွေးနေရအုံးမှာပါ။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိနေသည့် Songbird၏ အနုပညာလက်ရာဖြစ်သည်။