အိမ်မက်ဆိုးထဲကဘဝတွေမှာ အိမ်မက်ဆိုးတွေနဲ့

အိမ်မက်ဆိုးထဲကဘဝတွေမှာ အိမ်မက်ဆိုးတွေနဲ့

ရန်ကုန်

စာရေးသူသည် ရန်ကုန်တိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

အာဏာသိမ်းပြီးစအချိန်တွေတုန်းက မက်တတ်တဲ့ ကယောင်ခြောက်ခြား အိမ်မက်တွေလိုမျိုး အခုတစ်လော ကျွန်မ ပြန်မက်လာတာ သတိထားမိတယ်။ အာဏာသိမ်းစကဆန္ဒပြပွဲတွေဖြစ်တော့ စစ်တပ်နဲ့ရဲတွေ က ဆန္ဒပြပွဲတွေကို ရာဘာကျည်၊ မျက်ရည်ယိုဗုံး၊ အသံဗုံးတွေကနေ ကျည်အစစ်တွေနဲ့ပါပစ်ခတ် ဖြိုခွင်းခဲ့တယ်။ 

တစ်လျောက်လုံး မငြိမ်းချမ်းမှုတွေခံခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေကလွဲရင် အဲဒီအချိန်က ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးက မြို့ရောတောရောမကျန် လူတိုင်းဟာ အဲ့ဒီကျည်နဲ့ဗုံးသံတွေကို ဆန္ဒပြပွဲတွေမှာမျက်မြင် နဖူးတွေ့ ဒူးတွေ့ ကြုံရကြားကြခဲ့ရတယ်။ ကျွန်မလည်း အဲဒီ ဆန္ဒပြပွဲတွေမှာ ရှိနေခဲ့တော့ အကျိုးဆက်က ဆန္ဒပြပွဲတွေပြီးလို့ အိမ်ရောက်၊ အနားယူ၊ အိပ်ချိန်တွေကျ အဲ့ဒီစိတ်ခြောက်ခြားခဲ့ရတဲ့အဖြစ်အပျက်တွေကို အိမ်မက်ပြန်မက်ကြတယ်။ အိမ်မက်တွေထဲ အထိတ်တလန့်နဲ့ ပြေးလွှားနေရတာ၊ ပုန်းကြရတာ၊ စစ်သားတွေကို ပြန်တိုက်ခိုက်နေတာစတဲ့ စိတ်မသက်သာစရာ အိမ်မက်တွေကို မက်ခဲ့ကြတယ်။ လူတိုင်းလိုလို အဲဒီလို မက်ကြတယ်ဆိုတာ အဲ့ဒီအချိန်က အွန်လိုင်းပေါ်မှာ အချင်းအချင်းမျှဝေရင်းသိရတာ။ 

အခုတစ်လောမှာကျွန်မလည်း အဲဒီလိုစိတ်ခြောက်ခြားရတဲ့၊ စိတ်မသက်မသာဖြစ်ရတဲ့အိမ်မက်တွေကို ပြန်မက်နေတယ်။ တချို့ရက်တွေမှာ အခုတိုက်ပွဲတွေဖြစ်နေတဲ့ နယ်မြေတစ်ခုခုလို နေရာထဲမှာ ရောက်နေပြီး တိုက်ပွဲအလယ်မှာ ပြေးလွှားရှောင်ပုန်းနေတာတွေ၊ တိုက်ပွဲထဲ တစ်ယောက်တည်း အုပ်စုကွဲကျန်ခဲ့တာမျိုး အိပ်မက်တယ်။ အိပ်မက်ထဲတော့ ကြောက်လန့်နေတယ်။ တစ်ခါခါ ဘယ်နေရာမှန်းမသိတဲ့ နေရာတွေမှာ စစ်သားတွေလိုက်လို့ အိမ်ကြိုအိမ်ကြားတွေမှာ ပုန်းနေရတာ၊ နံရံတွေပေါ်ကျော်တက်ပြေးရတာတွေ မက်တယ်။ အိမ်မက်ကလန့်နိုး လာရင် လူတစ်ကိုယ်လုံးနုံး ခွေနေပြီး စိတ်ထဲ မသက်မသာခံစားရတယ်။

တကယ်ကျ ကျွန်မတစ်ခါမှလွတ်မြောက်နယ်မြေတခုခုကိုမသွားဖူးသလို တော်လှန်ရေးအဖွဲ့တစ်ခုခုထဲကိုလည်း ဝင်ခဲ့ဖူးတာမျိုးမရှိ။ အာဏာမသိမ်းခင်ရော အခုထိရော ကျွန်မ သတင်းထောက်ပဲ လုပ်နေခဲ့တာ။ ဘာလို့ မကြုံဖူးတဲ့ နေရာတွေမှာ အိပ်မက်မက်ရလဲ တွေးမရဘူး။

ဒါပေမယ့် အဲဒီလိုအိပ်မက်မျိုးမက်ပြီးပြန်နိုးလာရင် တကယ် အဲ့ဒီနေရာတွေမှာရှိနေတဲ့ စစ်ဘေးရှောင်တွေ၊ တိုက်ပွဲတွေကြား တကယ်ရှိနေကြတဲ့ PDF လူငယ်တွေဆို ဘယ်လိုများနေကြမလဲ။ ဒီလိုအိမ်မက်တွေ မရေတွက်နိုင်အောင်မက်ပြီး ဘယ်လောက်စိတ်မသက်မသာဖြစ်ရမလဲရယ်လို့ တွေးမိပြီး ဝမ်းနည်းရတယ်။ ဒီအခြေနေကြီးပြီး သွားသည့်တိုင် ဒီလိုစိတ်ဒဏ်ရာတွေက အမာရွတ်တွေကျန်နေဦးမှာပဲ။ ကျွန်မလိုမျိုး မြို့ပြမှာ နေတဲ့ပုံမှန်သတင်း ထောက်တစ်ယောက်တောင် ဒါမျိုး အိပ်မက်တွေမက်တယ်ဆိုရင် စစ်တပ်လေယာဉ်တွေ ဗုံးလာကြဲလို့ ဗုံးခိုကျင်းထဲ ဝပ်နေရတဲ့ ပြည်သူတွေဆိုရင် ဘယ်လောက်တောင် စိတ်ပိုင်းဆိုင်ရာထိခိုက်ကြမလဲ တွေးမိတယ်။ သူတို့ဟာ လူတိုင်းကိုယ်ချင်းစာကြည့်ဖို့ခက်ခဲတဲ့ စိတ်ဒဏ်ရာစိတ်မလုံခြုံမှုတွေကို ခံစားနေရမှာ အသေအချာပါပဲ။ 

ကျွန်မက သတင်းထောက်ဆိုတော့ နေ့စဉ်ဖြစ်နေတဲ့သတင်းအကြောင်းအရာတွေကို အမြဲနားစွင့်ပြီး စောင့်ကြည့် နေရတယ်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး သတင်းတွေဆိုတာလည်း အနိဌာရုံသတင်းတွေက အများစုပါပဲ။ တိုက်ပွဲသတင်းတွေ၊ ရွာလုံးကျွတ်မီးရှို့ခံရမှုတွေ၊ သတ်ဖြတ်ခံရမှုတွေ ဒီလိုသတင်းတွေချည်း နေ့တိုင်း ဖြစ်နေတာ။ ဥပမာ ကျေးရွာတွေမီးရှို့ခဲ့ရတဲ့သတင်းကို ဆောင်းပါး ရေးမယ်ဆိုပါစို့ အဲ့ဒီနယ်မြေကသက်ဆိုင်ရာ သတင်း ရင်းမြစ်တွေဆီ ဖုန်းဆက်မေးရတယ်။ သတင်းအတွက် ကျွန်မ ဒေသခံတွေဆီကို ဖုန်းဆက်တဲ့အခါ ပိုင်ဆိုင်သမျှ အကုန်မီးထဲပါသွားတာတွေ၊ ရွာထဲ စစ်တပ်ဝင်လာလို့ အသက်လုပြေးရတာတွေ၊ စားနပ်ရိက္ခာနဲ့ သီးနှံတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ မီးလောင်ပြာကျတာတွေကို ရပ်ကြည့်ခဲ့ရတာတွေ ဒီလိုအဖြစ်အပျက်တွေကို ထပ်တလဲလဲပဲ နာနာကျင်ကျင်ကြားနေခဲ့ရတယ်။ ပိုင်ဆိုင်သမျှ အားလုံးဆုံးရှုံးရတာ သူတို့ဘယ်လောက် ခံစားရလေမလဲ။ သူတို့ကို သတင်းအတွက်မေးတဲ့အခါ ကိုယ်လည်း စီးကူးခံစားရတယ်။ သူတို့ ငိုသံတွေက ကျွန်မကိုစိတ်ထိခိုက်စေတယ်။ 

တိုက်ပွဲကျဆုံးသတင်းက ရဲဘော်တွေရဲ့ မချိတင်ကဲအသံတွေ၊ ပိုင်ဆိုင်သမျှတွေ မီးလောင်တိုက်သွင်းခံရတဲ့ လူတွေရဲ့ ငိုကြွေးသံတွေ အဆင်မပြေမှုတွေ၊ အကြောင်းမဲ့ သတ်ဖြတ်ခံရလိုက်တဲ့ သူရဲ့သား အကြောင်းပြောပြတဲ့ ဖခင်တစ်ယောက်ရဲ့ဝမ်းနည်းနာကျင်မှုတွေ၊ နေထိုင်တဲ့စစ်ရှောင် စခန်းဗုံးကြဲခံရလို့ အသက်လု ထွက်ပြေး လာရတဲ့ လူတွေရဲ့ ထိတ်လန့်မှုတွေ၊ မတရားဖမ်းဆီးခံ ရတဲ့သူတွေရဲ့ မိသားစုဝင်တွေရဲ့ သောကတွေ စတဲ့စတဲ့ ကျွန်မ ထိတွေ့မိတဲ့ နိုင်ငံအနှံ့က ဝမ်းနည်းနာကျင်စရာ အဖြစ်အပျက်တွေဟာ သတင်းတွေကတဆင့် ကျွန်မဆီ စီးမြော လာတယ်။ အင်တာဗျူးတစ်ခုမေးပြီးတိုင်းမှာ ငူငူငိုင်ငိုင်ကြီးကျန်ခဲ့ရတယ်။ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီး စိတ်ကမလန်းတော့ဘူး။ ကျွန်မတို့ဘဝတွေ ဘာတွေဖြစ်ကုန်ကြတာလဲပေါ့။

သတင်းထောက်လုပ်သက်တစ်လျှောက်လုံး သတင်းမှာ စိတ်ခံစားချက်အနည်းနိုင်ဆုံး ကျွန်မလုပ်ခဲ့တယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သတင်းတွေမှာ အရင်ထက်စိတ်ခံစားချက်ပိုလာတာတော့ အမှန်ပဲ။ ဒီအလုပ် နဲ့ပဲ နေ့ညဖြတ်သန်းနေတော့ ဒါတွေက စိတ်ခြောက်ခြားစရာအိမ်မက်တွေအဖြစ် အိမ်မက် ပြန်မက်တာလို့ ကျွန်မ ထင်တယ်။ 

ဒီအထဲ သတင်းထောက်လုပ်ရတာ မိသားစုပါ အန္တရာယ်ရှိလာတဲ့ အခြေအနေတွေလည်း မြင်၊ကြားလာရတယ်။ အခုစစ်တပ်ထောက်ခံသူအုပ်စုတွေဖြစ်တဲ့ ပျူစောထီးလိုအဖွဲ့တွေက သတင်းထောက်တွေရဲ့ မိသားစုတွေကို သတ်ဖြတ်ဖို့ ပြောဆိုလာ တာတွေတွေ့ရတယ်။ ဒါပေမယ့်လည်း ကျွန်မအင်တာဗျူးမေးပြီးရင် တစ်ချို့ဒေသခံပြည်သူတွေက  အခုလိုမေးပေးတာ ရင်ဖွင့်ခွင့်ရလို့ ကျေးဇူးပါဆိုတာပြောကြရင် ကျွန်မ ဝမ်းနည်းပေမယ့် ဝမ်းသာရပြန်တယ်။ အနည်းဆုံးတော့ ကျွန်မဒီအလုပ်နဲ့ မတရားဖိနှိပ်ခံနေရတဲ့ ပြည်သူတွေကို ဘက်က ရပ်တည်နိုင်ပြီး အကျိုးပြုနိုင်သေးပါလားပေါ့။ ဒီစိတ်နဲ့ ဒီအင်အားနဲ့ပဲ ကျွန်မ ရှေ့ဆက်ရမှာပဲ။ အိပ်မက်ဆိုးတွေလည်း ဆက်မက်ပါစေ‌ ဖြတ်ကျော်နိုင်ရမှာပေါ့။

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦး၏ အနုပညာလက်ရာဖြစ်သည်။