စစ်အာဏာရှင်လက်အောက်က လူငယ်သောက

စစ်အာဏာရှင်လက်အောက်က လူငယ်သောက

ရန်ကုန်

စာရေးသူသည် ရန်ကုန်တိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

အလုပ်ပြီးလို့ နာရီကိုကြည့်လိုက်တော့ ရှစ်နာရီခွဲခါနီးနေပြီ။ လုပ်လက်စ Video Edit တစ်ခုကို ဒီနေ့ အပြီးသတ် ချင်တာကြောင့် တထိုင်တည်းလုပ်လိုက်မိတယ်။ အချိန်နောက်ကျသွားလို့ ညစာအတွက် မပြင်ဆင်တော့ဘဲ အပြင် မှာပဲ ထွက်စားတော့မယ်လို့ စိတ်ကူးလိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူငယ်ချင်းတစ်ယောက်ကဖုန်းဆက်လာတယ်။ ကျွန်မနေတဲ့အိမ်အနားကို သူရောက်နေလို့ မုန့်စားကြမယ်တဲ့။ အဲ့ဒါနဲ့ပဲ သူနဲ့ကျွန်မနဲ့ မုန့်စားကြဖို့ ကျွန်မနေတဲ့ရပ်ကွက်နဲ့ ကပ်ရပ်ရပ်ကွက်က ဆိုင်တဆိုင်ကို စကားတပြောပြောနဲ့ အေးအေးလူလူလမ်းလျောက်သွားကြတယ်။

မုန့်ဆိုင်ကလှမ်းမြင်နေရပြီး ရောက်ခါနီးအချိန်မှာပဲ “အုန်း” ဆိုတဲ့ အတော်လေးကျယ်တဲ့အသံနဲ့အတူ မြေကြီးပါ တုန်သွားတယ်။ ရုတ်တရက်လန့်သွားပေမယ့် ဗုံးပေါက်တယ်ဆိုတာကို ချက်ချင်းသိလိုက်တယ်။

ရန်ကုန်မှာတော့ စစ်ကောင်စီဂိတ်တွေရှိတဲ့နေရာတွေကိုတိုက်ခိုက်တဲ့ ဖောက်ခွဲမှုတွေက အမြဲတစေရှိနေတယ်။ မြေအောက် တော်လှန်ရေးအဖွဲ့တွေကလည်း ပြည်သူတွေကို စစ်ကောင်စီတပ်တွေရှိတဲ့နေရာနဲ့ နီးနီးကပ်ကပ် မနေဖို့ အမြဲသတိ ပေးကြတယ်။

ဗုံးပေါက်နိုင်ခြေရှိတဲ့နေရာကို ခန့်မှန်းကြည့်တော့ ဒီရပ်ကွက်အနောက်က လမ်းမကြီးပေါ်က စစ်တပ်အထိုင်ချထား တဲ့နေရာဖြစ်မယ်လို့ တွေးလိုက်တယ်။ တွေးနေတုန်း နောက်ထပ် ဗုံးတလုံး ထပ်ပေါက်တယ်၊ အသံလည်း ကျယ်တယ်။ အဲ့အချိန်မှာတော့ စစ်တပ်ဘက်က သေနတ်နဲ့အတွဲလိုက် ရမ်းသမ်းပြီး ပစ်ပါတော့တယ်။

တဒိုင်းဒိုင်းနဲ့ အတွဲလိုက်ပစ်တဲ့အသံကြောင့် လူတွေအကုန်လန့်ဖြန့်ကုန်ကြတယ်။ ရုတ်တရက်ဆိုသလို လမ်းတလျောက် ဈေးဆိုင်တွေက သူတို့ပစ္စည်းတွေကို ဆိုင်အတွင်းထဲကိုသွင်းကြ၊ သွားလာနေတဲ့ လမ်းပေါ်က လူတွေလည်း အကုန် လုံး ကို့အိမ်ကိုပြေးကြနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ မီးကလည်းပျက်နေတာကြောင့် မိနစ်ပိုင်းအတွင်းမှာ ဆိုင် တွေရော အိမ်တွေရော အကုန်တံခါးတွေပိတ်၊ လမ်းတခုလုံးလည်း မှောင်မဲပြီး တိတ်ဆိတ်သွားတယ်။

ကျွန်မနဲ့ကျွန်မသူငယ်ချင်း နှစ်ယောက်တည်း လမ်းမပေါ်ကျန်နေခဲ့တယ်။ ပစ်ခတ်ပေါက်ကွဲမှုတွေနဲ့ အနီးဆုံး နေရာ ဖြစ်နေတဲ့အပြင် အိမ်နီးနီးမဟုတ်တာကြောင့် ဘယ်ကိုဝင်ပုန်းရမှန်းမသိဘူး။ လူကထူပူသွားတာပဲ။ စစ်ကား တွေသာ လမ်းအတိုင်းဝင်လာရင်တော့ဖြင့် ငါတို့တော့ဖမ်းခံရပါပြီ ဆိုတဲ့အတွေးနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။

ဘာဖြစ်လို့စိုးရိမ်ရသလဲဆိုတော့ ကျွန်မတို့နှစ်ယောက်လုံးက လူငယ်တွေဖြစ်တယ်၊ ပြီးတော့ အခုအချိန်ကြီး လမ်းပေါ်မှာ ရှိနေကြတယ်။ သံသယဝင်မယ် ဖမ်းမယ်ဆို အဖမ်းခံရနိုင်တဲ့အခြေအနေပါ။ စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ် ကလည်း ဆိုကြပါစို့ ပေါက်ကွဲမှုပစ်ခတ်မှုတခုခုဖြစ်ပြီဆို အဲ့ဒီအနီးအနားမှာရှိတဲ့လူငယ်တွေကို အရင်ဖမ်းပြီး တရားခံရှာကြတယ်။ အထူးသဖြင့် လူငယ်ယောင်္ကျားလေးတွေဆိုရင် ပိုစစ်ဆေးကြသလို အဖမ်းခံရနိုင်ခြေလည်း ပိုရှိတယ်။

သတင်းတခုအတွက် အင်တာဗျူးမေးဖူးတဲ့ ရန်ကုန်မြို့ထဲကလူငယ်လေးတစ်ဦးကတော့ အခုလိုပြောတယ်။

“ကျွန်တော်တို့ တခါမှတ်မှတ်ရရ အလုပ်ကိစ္စတခုနဲ့အပြင်သွားတာ ကျွန်တော်တို့အဖွဲ့ကလူတွေလည်းပါတာပေါ့။ အလွန်ဆုံးပါ ငါးယောက်လောက်ရှိတယ်အဲ့နေ့က။ သူတို့ကားတားစစ်တယ်၊ ကျွန်တော်တို့ ကားက လူငယ်တွေများသွား တော့ ကျွန်တော်တို့ကားကို အသဲအသန်တားပြီးတော့စစ်တယ်။”

တကယ်လည်း လူငယ်တွေဆို သံသယထားပြီး သေချာစစ်ဆေးမေးမြန်းတာတွေရှိနေတယ်။ စစ်ဆေးလို့ ဖုန်းထဲမှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တခုခုတွေ့တာ အားပေးထောက်ခံတယ်လို့ ယူဆတဲ့ အရာတခုခုတွေ့ တာမျိုးဆိုရင်တော့ တခါတည်းဖမ်းဆီးခံလိုက်ရတော့တာပဲ။

“ကျွန်တော်ဆို အရင်က လွယ်အိတ်ထဲမှာလက်သည်းညှပ်ဘူးလေးတွေ ဓါးလေးတွေပါတဲ့ဟာမျိုးလေးတွေ လွယ်အိတ် ထဲဆောင်ထားတာတွေရှိတယ်၊ အခုနောက်ပိုင်း ကျွန်တော်မထည့်ရဲဘူးဗျာ၊ မဆီမဆိုင်နဲ့ ပိုက်ဆံလိုချင်တာ တခု တည်းနဲ့ အမှုတွေတပ်ပြီးဖမ်းမှာကြောက်တယ်။”

“အတတ်နိင်ဆုံးတော့ ကို့လုံခြုံရေးအတွက်ပြင်ဆင်သွားကြတာပေါ့။ ဆိုင်ကယ်စီးရင်လည်း လိုအပ်တဲ့ဟာတွေ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုပ်အားလုံးကို ပြင်ဆင်ပြီး သွားရတယ်၊ ဖုန်းတွေဘာတွေဆိုရင်လည်း ဖျက်သွားတယ်။ သူတို့တွေ့ရင်ပြသာနာရှာနိုင်တဲ့ပုံတွေ ဖျက်သွားတယ်၊ အပြင်သွားမယ်ဆို ဒါတွေအကုန်အစအဆုံးလုပ်ပြီးမှသွားရတယ်။ လမ်းထိပ်ကိုမုန့်ထွက်ဝယ်ရင်တောင်မှ။”

ကျွန်မနဲ့စကားပြောခဲ့ရတဲ့လူငယ်လေးတွေက သူတို့ခံစားချက်တွေကို ပြောပြကြတယ်။ လူငယ်တွေဟာ အုပ်စုလိုက်သွားလာကြဖို့ ဆုံတွေ့ကြဖို့ ဝန်လေးလာကြတယ်၊ သူတို့အတွက်လုံခြုံမှုမရှိဘူးလို့ ခံစားနေကြတယ်။

ဆိုတော့ ခုနကကျွန်မတို့အဖြစ်ကို ပြန်ပြောရမယ်ဆိုရင် ဆိုင်တဆိုင်ကို အကျိုးအကြောင်းပြောပြပြီး ခဏဝင်ခိုနေ ခဲ့ကြရတယ်။ နာရီဝက်လောက်အကြာမှာ ကျွန်မတို့ရပ်ကွက်ဆီကို ပြန်လာခဲ့တယ်။ လမ်းတလျောက်လုံးဟာ မှောင်မဲတိတ်ဆိတ်နေပြီး အရမ်းကိုခြောက်ခြားစရာကောင်းတယ်။ ကင်းလှည့်နေတဲ့ စစ်ကားတွေနဲ့ လမ်းမှာထိပ် တိုက်ဆုံမှာကိုလည်း လန့်နေခဲ့ရတယ်။ နေတဲ့နေရာဆီကို ပြန်ရောက်မှပဲ စိတ်ဒုံးဒုံးချနိုင်တော့တယ်။

ဗုံးပေါက်ကွဲမှုအပြီးမှာ အဲ့ဒီနေရာဖြတ်သွားတဲ့ အရပ်သားပြည်သူလူငယ်နှစ်ယောက် သုံးယောက်ကို ဒူးထောက်လက်မြှောက်ခိုင်းပြီး စစ်ဆေးခဲ့တယ်ဆိုတာကို သတင်းပြန်ကြားခဲ့ရတယ်။ အဲ့ဒီလူငယ်တွေထဲက အန္တရာယ်ကင်းကြလားဆိုတာ ကိုတော့ ဘယ်သူမှ သေချာမပြောနိုင်ခဲ့ကြဘူး။

စစ်အာဏာရှင်လက်အောက်မှာ တစ်နိုင်ငံလုံး တောရွာတွေမြို့တွေပါမကျန် အကြောက်တရားတွေ စိုးရိမ်စိတ် တွေနဲ့နေနေရတာ မဟုတ်လား။ အခု အာဏာသိမ်းတာနှစ်နှစ်ပြည့်ပြီ။ အခြေအနေကပိုဆိုးလာတယ်။ ကျွန်မတို့ ဘဝတွေ မလုံခြုံကြတော့ဘူး။

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိနေသည့် Songbird၏ အနုပညာလက်ရာဖြစ်သည်။