အိမ်အပြန် လမ်းခရီး

အိမ်အပြန် လမ်းခရီး

စစ်ကိုင်း

စာရေးသူသည် ရှမ်းပြည်နယ်မှ သတင်းထောက်တစ်ဦး ဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ဦးရဲ့ ခရီးအကြောင်းပါ။ 

မြန်မာ - တရုတ် နယ်စပ် မူဆယ်ကနေ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ တရုတ် နိုင်ငံ Guangdong ခရိုင်က Huizhou မြို့ မှာ ၂ နှစ်ကြာ အလုပ်သွားလုပ်နေတဲ့ မြန်မာလုပ်သား မိန်းကလေး တစ်ဦးရှိပါတယ်။ သူ့ကို နှင်းဆီလို့ပဲ ခေါ်ကြပါစို့။ ဖခင်ဖြစ်သူ ကျန်းမာရေး မကောင်းဘူးဆိုတော့ အရေးပေါ် နေအိမ်ပြန်လာဖို့ ပြင်ဆင်ခဲ့တယ်။ 

"အရင်လက ဆို ကျွန်မနာမည်ပဲ ခေါ်နေတာတဲ့။ အဲဒါကြောင့် ပြန်ရတာ။" 

ပြန်ဖို့ဆိုတာက တရုတ် နိုင်ငံ တောင်ပိုင်း ယူနန်ဒေသကိုကျော်ဖြတ်ပြီး စစ်တွေဖြစ်နေတဲ့ မြန်မာနိင်ငံ မြောက်ပိုင်းကနေဝင် ပြီးတော့မှ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းကိုရောက်အောင် သွားရမှာပါ။ ထွက်တုန်းက တစ်ပတ်ကြာခဲ့တဲ့ ခရီးဟာ ပြန်အဝင်မှာ လေးလကြာခဲ့ရတယ်။ 

သူမရဲ့ အိမ် အပြန် လမ်းခရီး ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ လဆန်း နေ့လယ်လောက်မှာပေါ့။ တရုတ်နိုင်ငံက Zero ကိုဗစ် စီမံကိန်းလုပ်နေတဲ့ အချိန် ဖြစ်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ ပြန်လို့ မရဘူး။ ဒါပေမယ့် ရဲစခန်းကို အကြောင်းကြားရင် ကြန့်ကြာတာကြောင့် ပြည်တော်ပြန်ဖို့ ကိုယ့်ဘာသာ စီစဉ်ပြီး ပြန်လာလိုက်တယ်။ 

Huizhou ကနေ သူမနဲ့ အတူ မြန်မာပြည်ပြန်မဲ့သူ အားလုံး လူ ၂၁ ယောက် ရှိတယ်။ ဒါပေမယ့် အစီအစဉ်မချောမွေ့ခဲ့ဘူး။  ကားက လာခေါ်ပြီး ၂၄ နာရီနီးပါးစီးပြီးအချိန်မှာ မြန်မာပြည်ထဲ မဝင်ဘဲ ပွဲစားတွေက ယူနန်ကနေ အဝေးကြီးဖြစ်တဲ့တောရွာထဲမှာ ချထားခဲ့တာကို ခံခဲ့ရတယ် ။ 

"တောထဲ ချမ်းကချမ်း၊ ထိုင်စရာကမရှိနဲ့ အဲမှာ ဘယ်ကို သွားလို့ ဘယ်ကိုလာရမှန်း မသိကြတော့ ရဲကိုခေါ်ပြီး အကူအညီတောင်းခဲ့ကြချိန်။ တအောင့်နေတော့ လူ ၂ ယောက်က ကား ၂ စီးနဲ့ လာခေါ်တော့ လိုက်သွားကြတယ်။ ကားလမ်းမကြီးနဲ့ နည်းနည်းနီးရွာတစ်ရွာက ​ဂို​ဒေါင် လိုမျိုး အ​ဆောက်အဦးနား ခေါ်သွားတယ်။ 

"ကိုယ့်အထုပ်အပိုးတွေနဲ့ လမ်းဘေးမှာ စောင့်ခိုင်းထားတယ်။ လမ်းဘေးကနေ မြန်မာသံရုံးကိုဖုန်းခေါ်တော့ လာခေါ်မယ်လို့ ပြောပြီး ညနေစောင်းထိ ပေါ်မလာဘူး။ ထပ်ခေါ်တော့ သံရုံးကလည်း ဝေးလို့ မလာနိုင်ဘူးတဲ့။ ရဲစခန်း ခေါ်တော့လည်း ဝေးလို့တဲ့။ ထမင်းလည်း မစားရ။ ဗိုက်ဆာရမှန်းလည်းမသိ။ ကား ကလည်းရှာမရနဲ့ နေရတာ။

"ညနေရောက်တော့ ကံကောင်းထောက်မစွာနဲ့  ရဲစခန်းကလာခေါ်တယ်။ ကိုဗစ်စစ်၊ PPE ဝတ်စုံတွေ ဝတ်ခိုင်းပြီး Longlin က ဟိုတယ်တခုဆီကို ကားတစ်စီးနဲ့ ခေါ်သွားတယ်။ အဲဒီ ဟိုတယ်မှာ တစ်ယောက် တစ်ခန်း နဲ့ ၃ ရက် နေခဲ့ရတယ်။ အဲမှာ ဖုန်းနဲ့ မှတ်ပုံတင် သိမ်းတယ်။ ကျွန်မတော့ ဖုန်းမသိမ်းဘူး။ သူတို့ မေ့သွားတာနေမှာ။ ဘုရားကျေးဇူးတော်ကြောင့်ပေါ့။ 

"အဲဒီ ဟိုတယ်ကနေ Longlin မြို့ထဲက ရဲစခန်းကို ခေါ်သွားပြီး မိန်းကလေး ၁၁ ယောက်ကို တစ်ခန်း၊ ယောက်ျားလေး ၁၀ ကို တစ်ခန်းထားတယ်။ အခင်းမရှိ၊ ခြုံစရာမရှိ အိပ်ရတယ်။ နောက်ရက်တော့ သူတို့ထားတဲ့ ဂုံနီအိတ်တွေ တောင်းပြီး အိပ်ကြရတယ်။ အိမ်သာမှာပဲ ရေချိုးရတယ်။ 

"နောက်တစ်ရက်တော့ ဖောင်တွေ ဖြည့်ခိုင်းတယ်။ ဘယ်ကနေ ဝင်တာလဲ၊ နာမည်၊ မှတ်ပုံတင်၊ ဖခင်နာမည်၊ ဆက်သွယ်ရမယ့် မိဘ အိမ်က ဖုန်း နံပါတ်တွေ မေးမြန်းပြီး လက်မှတ်ထိုး၊ လက်ဗွေနှိပ်ခိုင်းတယ်။ အရပ်၊ ပေါင်ချိန်၊ မျက်စိ၊ လက်ဖနောင့်၊ ခြေဖဝါး၊ အကုန်ယူတာ။ ပြီးတော့ မြန်မာ စာစီစာကုံးဖတ်ခိုင်းတယ်။ ဘယ်နှစ်တန်းစာလို့တော့ မဟုတ်ဘူး။

"နောက်တစ်ရက်ကျတော့ တစ်ယောက်ချင်း စစ်တာ။ လာတော့ ဘယ်သူပို့လဲ၊ အိမ်ရှင် / ကုမ္ပဏီ၊ နာမည်၊ ဖုန်း စုံနေအောင်မေးတာ။ ကိုယ်က တတ်နိုင်သလောက် လိမ်ရတာပေါ့။ ကားမောင်းသူ၊ ကားနံပါတ်၊ ဘယ်လို့ ဆက်သွယ်လဲ ကအစ ကွန်ပြူတာနဲ့ မှတ်ထားတာ။ တစ်နာရီလောက်စစ်တာ။ နောက်နေ့လည်း ထပ်ခေါ်စစ်တာ။ ကိုယ်ပြောတဲ့စကားကို မှတ်ထားရတာ။ လှည့်ပြီးမေးတာ။ နောက်တနေ့ ဆေးရုံ သွား။ အကုန်စစ်တာ။ ဓာတ်မှန်ရိုက်၊ သွေးစစ်၊ ဆီးစစ်၊ အမျိုးမျိုးစစ်တာ။ 

"ရဲစခန်းမှာ တစ်ပတ်လောက်နေတော့ အိတ်တွေ အကုန်သယ်သွားတာ။ အဲမှာပဲ ကျွန်မနဲ့ ၂ ယောက်က ဖုန်းခိုးယူထားလိုက်တာ။ အဲမှာ ၃ ရက်လောက် ဆက်ထားတာ။ အောက်ခံဘောင်းဘီတွေ၊ သွားတိုက်တံတွေ မရှိတော့ တောင်းပြီး ဝယ်ရတာ။ သွားလေရာ ရဲက လိုက်နေတာ။ 

"လလယ်လောက်မှာ နေ့လယ်ကျတော့ လာခေါ်တာ။ အချုပ်လို။ အဲမှာ ဘာမှ ယူလို့ မရဘူး။ ကျွပ်ကျွပ်အိတ် တစ်ခုထဲ ပိုက်ဆံတွေ၊ ဖုန်း၊ ရှိတာလေးတွေ ထုပ်ပြီး ကားထဲ ထားခဲ့ရတာ။ 

"အထဲဝင်ကြပြီး ၄ ဖွဲ့ ခွဲပြီး စစ်တာ။ အကုန်လုံးချွတ်ရတာ။ မိန်းကလေးတွေက အောက်ခံဘောင်းဘီ ဝတ်ရသေးတယ်။ ယောက်ျားလေးတွေ အကုန်ချွတ်ခိုင်းတာ။ အင်္ကျီ ဇစ်တွေလည်း ညှပ်ချပစ်တာ။ ရှူးဖိနပ်ကြီးတွေရောလွှင့်ပစ်တာ။ ဘော်လီတွေရော။ ဘော်လီမပါပဲ နေရတာ အဝတ်တစ်ထည်၊ ကိုယ်တစ်ထည် ဆိုသလို တစ်ခန်းကို ၂ ယောက်ထားပြီး ဆပ်ပြာ တစ်ခု၊ အိမ်သာ တစ်ရှူး၊ စောင်၊ အိပ်ယာ ဖိနပ် တစ်ရံပေးပေးတယ်။ အခန်းမှာ စားအိပ် အိမ်သာလဲ အထဲမှာ တစ်ပေပတ်လည်လောက်ရှိတဲ့ အပေါက်ကနေ ရေ၊ ထမင်း ပေးတာ ယူရတယ်။ 

"ကွာရန်တင်းလို့တော့ ရေးထားတာပဲ။ အဲဒီ နေရာမှာ ၁၀ ရက် နေတယ်။ မနက်မှာတော့ ဘာမှ မပါတဲ့ ဆန်ပြုတ်၊  နေ့လယ် နဲ့ ညနေက ထမင်း ကျွေးပေမယ့် ဟင်းက မုန်လာထုပ်နဲ့ ပဲငပိကြော်သလား၊ ပြုတ်တာလား မသဲကွဲ။ လူကို ပိန် သွားတာ။ နေ့တိုင်း ကိုဗစ်စစ်တယ်။ အဲက အစောင့် တာဝန်ကျတဲ့ သူတွေကလည်း ဆိုးလိုက်တာမှ မပြောနဲ့။ ၁၀ ရက်ပြည့် သွားပြီးတဲ့ နောက်ရက် နေ့လယ်မှာတော့ အရင်က လာပို့တဲ့ကားက ပြန်လာခေါ်ပြီး ယူနန်ပြည်နယ်ဘက် ခေါ်သွားတယ်။ 

"ယူနန်ရောက်ခါနီး ထောင်တစ်ခုကို ပို့ဖို့ကို ကျွန်မတို့ ၆ ယောက်က ရောဂါရှိလို့ ထောင်က လက်မခံဘူး ဆိုပြီး ၁၅ ယောက် ထောင်ထဲ ပို့ထားခဲ့ပြီး ကျွန်မတို့ကို Longlin ဟိုတယ်တစ်ခုမှာ ရက်ပေါင်းများစွာ ထားထားတာ။ အဲမှာ နေတာ ပိုက်ဆံတော့ မပေးရဘူး။ ကိုယ်သိသလောက် တရုတ်၊ ဗီယက်နမ်၊ မြန်မာ လူမျိုးတွေပါတယ်။ ဟိုတယ်မှာ ဆိုတော့ အဆင်ပြေတယ်။ အပြင် လုံးဝ မထွက်ရဘူး။ ပုံပြင် တစ်ပုဒ်ပေါ့။ 

"တရုတ်နိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ အပါအဝင် ပြည်ကြီးထဲဘက် ရောက်သွားရင် Passport က တရား မဝင်သလို ဗီဇာလည်း အဆင်မပြေ ပေမယ့် မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် စွန့်စွန့်စားစား အလုပ်သွားလုပ်ရတာပေါ့။ အဝေးကြီး အလုပ်သွားလုပ်တာ သတ္တိကောင်းတယ်လို့ တော့ ဘယ်ဟုတ်မလဲ။ ကိုယ့်အခြေအနေက အဲလို လုပ်မှ ရတာကိုး။

"မတတ်နိုင်ဘူး။ အဖေက ဆေးရုံ တစ်လ နီးပါးနေရတာ။ အမေကလည်း အသက်ကြီးပြီ။ ငွေတော့ မရှိဘူး။ ပြုစုပေးဖို့ ပြန်ရတာ။ 

"ဒီလိုနဲ့ တရုတ်ကို သွားတုန်းက တပတ်လောက်ကြာတဲ့ ခရီးကို အိမ်အပြန်ခရီးက ၄ လ နဲ့ ၃ ရက်ကြာမှ ကိုယ့်မြန်မာနိုင်ငံ နယ်စပ်ကို ရောက်လာခဲ့တယ်။ အိပ်မပျော်တဲ့ စိုးရိမ်ထိတ်လန့်စရာတွေ အများကြီးတွေ့ခဲ့ရတဲ့အချိန်တွေပေါ့။

"ပါ့စ်ပို့မှာ ဗီဇာမပါပဲ တရုတ်ပြည်ထဲ သွားတာ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် စားဝတ်နေရေး ရုန်းကန်နေရတဲ့ မိသားစုအတွက် ကျွန်မပံ့ပိုးပေးရမယ်လေ။

"ဒီလိုဝေးလန်ခေါင်ဖျားမှာ အလုပ်သွားလုပ်တယ်ဆိုတာ ကျွန်မသတ္တိရှိလွန်းလို့မဟုတ်ပါဘူး။ အခြေအနေက မလုပ်ရင် မရလို့ပါ။" 

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။