ငလျင်ဘေးသင့်ခံရသူ

ငလျင်ဘေးသင့်ခံရသူ

Central Myanmar

စာရေးသူသည် မြန်မာနိုင်ငံအလယ်ပိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

ပူပြင်းလှတဲ့ မတ်လ ၂၈ရက်နေ့က နေ့လည်စာ စားပြီး အချိန်။ 

ငလျင်စလှုပ်တဲ့ အချိန် ကိုယ်က အိမ်ထဲမှာ။ ပထမဦးဆုံးတွေးမိတာက အိမ်အပြင်ရောက်နေတဲ့ ကလေးလေးယောက်။ ( ၄နှစ်အရွယ်ကလေးတစ်ဦးက ကိုယ့်သားလေး၊ ကျန်တဲ့ ၃ ယောက်က နွေကျောင်းပိတ်လို့ ကျွန်မတို့မြို့ကို အလည်ရောက်နေတဲ့ ရွာက တူမလေးတွေ။

လှုပ်လှုပ်ချင်း ငလျင်ဆိုတာ ကိုယ်က သိလိုက်တယ်။ ငလျင် လှုပ်တယ်ဟေး….လို့ အော်လိုက်သေး တယ်။ 

ဒါပေမယ့် ကိုယ်ကိုယ်တိုင် အိမ်အပြင်ကို ထွက်ဖို့ကြိုးစားပေမယ့် ထိုင်ရာကနေ ထလို့ မရတော့ပါဘူး။ စလှုပ်လှုပ်ချင်းမှာပဲ အသံကြီးမြည်ပြီးလှုပ်လာတာပါ။ ထဖို့ကြိုးစားလေ ထလို့မရလေ။ အပြင်ရှိနေတဲ့ သားလေးကို စိုးရိမ်စိတ်ဇောနဲ့ ထလေ ပစ်လဲလေ။ 

တစ်ပြိုင်တည်းမှာပဲ အမြင့်မှာ တင်ထားတဲ့ ပစည်းတွေက ကိုယ့်အပေါ်ပြုတ်ကျ၊ ကံကောင်းစွာနဲ့ပဲ စာအုပ်စင်လဲကျတာကို မြင်လိုက်တော့ ရှောင်နိုင်တဲ့အတွက် စာအုပ်စင်အပိမခံရလိုက်ပါဘူး။

ဘုရားစင်ရှေ့ အိမ်မကြီးထဲမှာ အခုလို အသည်းအသန်ဖြစ်နေချိန်မှာပဲ မီးဖိုဘက်က ကာထားတဲ့ အုပ်ချပ် တွေ တစ်ခုပြီးတစ်ခု ပြိုကျလာတဲ့အသံတွေဟာ အုန်းအုန်း ဒိုင်းဒိုင်းနဲ့ပါ။ ကိုယ်ကိုယ်တိုင်ကလည်း ထဖို့မပြောနဲ့ ဆန်ကောထဲမှာ ဇီးဖြူသီးထည့်လှိမ့် နေသလိုပါဘဲ။ 

နည်းနည်းလေး ငြိမ်တဲ့အချိန် အပြင်ကို ပြေးထွက်သွားတဲ့ အခါမှာတော့ ကလေး ၄ ယောက်ဟာ  အိမ်အပြင်က ခေါင်းရင်းဘက်မှာ မှောက်လျက်သားလေးတွေ အော်ငိုနေတာကို တွေ့လိုက်ရမှပဲ ရင်ထဲက အပူလုံးကျပါတော့တယ်။ 

ကလေးတွေကိုခေါ်ထုတ်ပြီးတဲ့ အချိန်မှာပဲ နောက်ထပ်တစ်ကြိမ်   ထပ်လှုပ်ပါသေးတယ်။ 

အဲ့ဒီအချိန်မှာတော့ ကလေးတွေနဲ့ကိုယ်ဟာ အတူတူရှိနေပါပြီ။ ကြောက်စိတ်နဲ့ အော်ငိုနေတဲ့ သားလေးနဲ့  တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတဲ့ ကျမ။  သားလေးကို ပွေ့ချီလိုက်ပြီး မြေကြီးပေါ်မှာ ထိုင်ချလိုက်ပါတယ်။ 

ငါမသေလို့ ငါ့သားလေးကို ဒီလိုလေး ချီခွင့်ရတာဆိုတဲ့စိတ်ဝင်လာပြီး သားကို မကြောက်ဖို့ မေမေရှိတယ်၊ သား ဘာမှ မဖြစ်ဘူးလို့ ပြောပြီး ကလေးကိုနှစ်သိမ့်ပေးပြီး အငိုတိတ်အောင် ချော့လိုက်နိုင် ပါတယ်။

အဲ့ဒီအချိန်မှာပဲ တူမလေးက အပြေးလာပြောပါတယ်။ 

“မီးဖိုချောင် အကုန်ပြိုကျပြီး ပစ္စည်းတွေလည်း ဘာမှ ရစရာမရှိတော့ဘူးတော့။ အိမ်ထဲမှာလည်း ဘုရားဆင်းတုကအစ ပြုတ်ကျ ပန်းအိုးတွေလည်း ကွဲကုန်ပြီ” 

အိမ်ထဲမှာ ထားတဲ့ ပစ္စည်းမှန်သမျှ အားလုံးဟာ ဖရိုဖရဲတွေ ဖြစ်ကုန်တာပါပဲ။ ငလျင်လှုပ်ပြီး တစ်နာရီ ဝန်းကျင်ထိ ကျမ မြေကြီးပေါ်မှာ ထိုင်လျက်ကနေ မထနိုင်သေးပါဘူး။ သားကို ကျစ်ကျစ်ပါအောင် ပွေ့ချီထားဆဲပါ။ အဲ့ဒီအချိန် ဘာပစ္စည်းမှလည်း မမက်မောတော့ပါဘူး။ 

မိသားစုဝင်တွေဆီ ဖုန်းခေါ်တော့လည်း တစ်ယောက်ကိုမှ ဆက်သွယ်လို့ မရပါဘူး။နောက်တစ်နာရီလောက် နေတော့ ကမြို့ထဲက သတင်းတွေ စပြီး ကြားရပါပြီ။ 

တိုက်တွေ တော်တော်များများပြိုတယ်၊ လူတွေ သေကြပါတယ်။ ညနေ ၄နာရီလောက် မြို့ထဲဘက် ဆိုင်ကယ်နဲ့ သွားကြည့်တဲ့ အချိန်မှာတော့ တကယ့်ကို တုန်လှုပ် ခြောက်ခြားဖွယ်ရာ မြင်ကွင်းတွေကို မြင်လိုက်ရတာပါပဲ။

ဝိုင်းအုံကြည့်နေတဲ့ လူတစ်စုက ပြောနေတဲ့ အသံတွေက ဒီပြိုထားတဲ့ တိုက်ထဲမှာ လူပိနေတာ ၃ ယောက်ရှိတယ်တဲ့။ ဘယ်သူမှလည်း ချက်ချင်းမကယ်နိုင်ကြဘူး။ ဘာလို့လည်းဆိုတော့ ပြိုကျတဲ့ တိုက်အလုံးရေ မနည်းတဲ့အတွက် အကူအညီတွေ ချက်ချင်း မရခဲ့ကြပါဘူး။ 

ငလျင်လှုပ်ပြီး ၁၈ ရက်နေ့မှာ တော့ ပြိုကျတဲ့ တိုက်တွေ အုတ်ပုံတွေ ရှင်းလင်းရေးလုပ်တာ၊ တစ်ဝက်တစ်ပြတ်ပြိုတဲ့တိုက်တွေကို စက်ကြီးတွေနဲ့ ထိုးကော်နေ တာတွေကို လုပ်နေတာကို မြင်ရပါတယ်။

ကျမတို့မိသားစုလည်း အိမ်မှာ ဆက်နေလို့ မရတော့တဲ့ အခြေအနေမို့ ငှားလို့ရတဲ့ အိမ်လေးတစ်လုံး ငှားနေရပါတယ်။ 

သတင်းထောက်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့တာ  ဆယ်စုနှစ်ကျော် ခဲ့ပေမယ့် အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ဒီအလုပ်ကို လုပ်လို့မရတော့ပါဘူး။ သတင်းထောက် ဆိုတာနဲ့ ဖမ်းခံရမလား ကြောက်နေရတာပါ။ အလုပ်မလုပ်ရတဲ့အခါ စားဝတ်နေရေး ကြပ်တည်းတာအပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်မှုတွေ အများကြီး ကြုံခဲ့ရပါတယ်။

ကြုံရာကျပမ်းလုပ်ပြီး ဝမ်းရေးအတွက် ဖြေရှင်းခဲ့ပြီး အသက်မသေရုံတမယ် ဘဝကို နေထိုင်နေရတဲ့အချိန်မှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ငလျင်ဘေးက ဆိုက်ဆိုက်မြိုက်မြိုက်ထပ်ရောက်လာပါတယ်။

ဆုံးရှုံးမှုတွေများပေမယ့် အသက်ဘေးကလွတ်တာကိုပဲ ကျေးဇူးနေရပါသေးတယ်။ လတ်တလောမှာ စားဝတ်နေရေးအတွက် ဆွေမျိုးတချို့နဲ့ မိတ်ဆွေတချို့က  ထောက်ပံ့တဲ့ အတွက် ဟန်မပျက် ဆက်ပြီး နေထိုင်နိုင်တာဖြစ်ပါတယ်။ 

နောက်ဆက်တွဲ ငလျင်ငယ်တွေက ဆက်တိုက်နီးပါးလှုပ်နေသေးတဲ့အတွက် စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်နဲ့ နေနေရသေးတဲ့ အခြေအနေပါ။ ကိုယ်တစ်ယောက်ထဲ ဒီလို ခံစားနေရတာတော့ မဟုတ်ပါဘူး။ မန္တလေးနေ ပြည်သူအများစုဟာ အခုချိန်ထိ အိမ်ထဲမှာ မအိပ်ရဲလို့ အိမ်ရှေ့ကွင်းပြင်လို နေရာတွေမှာ ထွက်အိပ်နေရဆဲဖြစ်ပါတယ်။ 

ရပ်ကွက်ထဲက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ယောက်ဆိုရင် သူ အဝတ်လျော်နေတုန်း ငလျင်လှုပ်တဲ့အတွက် ဘေးအိမ်က ခြံစည်းရိုး အုတ်တံတိုင်း ပိမိပြီးပေါင်ထိပ်နဲ့ တင်ပါးဆုံဆက်ထားတဲ့ အရိုးကျိုးသွားခဲ့ပါတယ်။

ဆေးရုံသွားဖို့ စရိတ်မရှိသလို နောက်ဆက်တွဲငလျင်လှုပ်မှာ ကြောက်တဲ့စိတ်နဲ့ အရိုးကျိုးတာကို ကြိတ်ခံနေတာ တစ်ပတ်တိတိပါ။ 

ဆေးရုံသွားဖို့ ပြောတဲ့အချိန်မှာတော့ “အမက အဝတ်လျော်မှ စားရတာလေ။ ဆေးရုံက အလကား ကုပေးရင်တောင် ဒီကသွားတဲ့ ကယ်ရီခ၊ ဟိုမှာ စားဖို့ စရိတ်ကလိုသေးတယ်လေ” လို့ ပြောပါတယ်။

ပြီးတော့ သူဆက်ပြောတာက သူဆေးရုံမှာ ရှိနေတုန်း ငလျင်ထပ်လှုပ်ရင် မိသားစုနဲ့ တစ်ကွဲတစ်ပြားဖြစ်မှာလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။

မြို့က ပြည်သူ့ဆေးရုံကြီးရဲ့ အဆောက်အဦးတစ်ချို့ပါ ပြိုကျ ပျက်စီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ငလျင်ဘေးသင့် လူနာတွေ များတဲ့အတွက် မြို့အတွင်းက ဘောလုံး ကစားကွင်းလိုနေရာတွေမှာ ယာယီဆေးရုံတွေ ဖွင့်ပြီး မည်သူမဆို အခမဲ့ လာရောက် ကုသနိုင်ပါတယ်ဆိုတဲ့ ဗွီနိုင်းစာသား တွေ ချိတ်ဆွဲထားတာကို တွေ့ရပါတယ်။ 

ကျမကိုယ်တိုင်လည်း ငလျင်လှုပ်တဲ့နေ့က ဘယ်ဘက်လက်တစ်ချောင်း ဒဏ်ရာအနည်းငယ် ရခဲ့ပါတယ်။ လူးဆေးလူးရင်း ဒဏ်ရာတွေဟာ ပျောက်သွားပေမယ့် ကျမစိတ်ထဲတော့ ငလျင်ဆိုတဲ့ အသံကြား လိုက်တာနဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေဖြစ်နေသေးတာကြောင့် ညပိုင်းတွေ အခုချိန်ထိ နှစ်နှစ် ခြိုက်ခြိုက် မအိပ်ရဲသေးပါဘူး။ 

ပန်းချီလက်ရာ Songbird။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ Songbird ကိုပံ့ပိုးကူညီပေးနေပါသည်။