တဆင့်ခံ စိတ်ဒဏ်ရာများနဲ့ သတင်းထောက်တဦး

တဆင့်ခံ စိတ်ဒဏ်ရာများနဲ့ သတင်းထောက်တဦး

စာရေးသူသည် ကရင်ပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတံခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။

 

 

၂၀၂၃ ခုနှစ်၊ ဧပြီ လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်၊ ပဇီကြီး ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။​ 

 

“ခလေးသူငယ်တွေ အပါအဝင် လူ ၈၀ လောက် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို ကျမ သိရ၊ ကြားရ၊ မြင်ရပြီး သတင်းရေးသား တင်ဆက်ရတဲ့  အပြင် ရုပ်သံ သတင်းပါ ထုတ်လွှင့် ရတဲ့အခါ  ကျမ စိတ်နှလုံးဟာ ဘယ်လိုမှ ခံစားမနိုင်အောင် စိတ်ကစင့်ကလျားဖြစ်ခဲ့ရပါတယ်” လို့ လို့ ကရင်လူငယ် အမျိုးသမီး သတင်းထောက် ပြောပါတယ်။ 

 

“ကျမ ဘဝမှာ အဆိုးဆုံး၊ အမှတ်တရ အဖြစ်ဆုံး ကတော့ ပဇီကြီး တိုက်ခိုက်ခံရမှုပါပဲ” ။​ 

 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်မှု့ သတင်းဖြစ်စဉ်တွေ ကို မေးမြန်းစုံစမ်းရင်း ကာယကံရှင် သတင်းအရင်း အရင်းအမြစ်တွေရဲ့ နစ်နာ ဆုံးရှုံး‌‌မှုနဲ့ ပူဆွေး ဝမ်းနည်းကြေကွဲ ဖွယ်ရာအကြောင်းအရာ တွေကို ကာယကံရှင်များ နဲ့ ထပ်တူ ခံစားနေကြရတာကတော့ သူမလိုမျိုး မြန်မာ သတင်းထောက်တွေပါပဲ။ 

 

စစ်အာဏာ မသိမ်းခင်ကတော့ သူ့ရဲ့ မွေးရပ်ဖြစ်တဲ့ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတစ်ခုရဲ့ မူလတန်းကျောင်းလေးမှာ လုပ်အားပေး ဆရာမ လေး ဖြစ်ခဲ့ပါတယ်။ ​ကရင်ပြည်နယ်၊ ဖားအံ တက္ကသိုလ်ကနေ ပထဝီဝင် ဘာသာရပ်နဲ့  တက္ကသိုလ်ဘွဲ့ရခဲ့တဲ့ သူမဟာ အသက် ၂၀နှစ်အလယ်ပိုင်းကို ရောက်နေပါပြီ။ 

 

စစ်တပ် အာဏာသိမ်းတဲ့အချိန်မှာ သူ့ကိုမိဘတွေက ရွာကနေ မြို့ဘက် ပေး မထွက်ခဲ့ပါဘူး။​၊ 

 

“ကျမ ရအောင် ခိုးထွက်တယ်၊ ဆန္ဒထုတ် ဖော်ပွဲတွေ လိုက်ခဲ့င်တယ်၊ အိမ်က သိသွားတော့ ကျမ လူမှု့ကွန်ယက်ကနေ သတင်းတွေ မျှဝေတယ်၊ သတင်းတွေ အမြဲနားစွင့် နေတယ်။ သတင်းဆိုတာ သိမှ ကျမတို့ စစ်အာဏာရှင် ရက်စက်မှု့ ကနေ ကင်းမယ် ဆိုတာ သိလာတယ်” 

 

သူ့မိဘတွေကတော့ သူတို့ သမီးလေး လုပ်နေတာတွေကို သဘောမကျကြပါဘူး။​ သူမရဲ့ ရွာဟာ စာမတတ်တဲ့သူများတဲ့အတွက် နိုင်ငံရေး ဘာဖြစ်နေသလဲဆိုတာကို မသိကြသလို စိတ်လည်း မဝင်စားကြပါဘူး။ ရွာကလူအများအပြားက နိုင်ငံခြားရောက်နေတဲ့ သားသမီးတွေရှိရင် သူတို့ပို့တဲ့ ငွေနဲ့ လောက်ငအောင် စားမယ်၊ အလှူချိန် ရောက်ရင် လှူမယ်၊ အေးအေး နေမယ် ဆိုတဲ့ အတွေးပဲရီပြီး သူမရဲ့ မိဘတွေကလည်း ဒီလိုမျိုးဘဲတဲ့။ 

 

အဲ့ဒီအချိန်မှာပဲ​ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ Civl Disobidence Movement ထဲ ပါဝင်ကြတဲ့အတွက် လပ်လပ်သွားတဲ့ နေရာတွေမှာ ဝင်လုပ်ဖို့ သူမရဲ့ အမေက ဖိအားပေးပါတော့တယ်။ 

 

“အမေက လူလိုတဲ့ဝန်ထမ်းနေရာမှာ ဝင်ရင် ဝင်၊ မဝင်ရင် အစိုးရခန့် ရွာ ကျောင်းဆရာမ လုပ်ရမယ်တဲ့ ၊ ကျမ သူငယ်ချင်း အစိုးရခန့် ဆရာမတွေ လည်း CDM လုပ်ကြတယ်လေ၊ သူတို့ရဲ့လစ်လပ်သွားတဲ့ နေရာကို ကျမကို အလုပ်ဝင် လုပ်ခိုင်း တာလည်း ကျမ ဆန့်ကျင် ခဲ့တယ်” လို့ သူက ပြောပါတယ်။​ 

 

မိခင်ရဲ့ ဖိအားပေးမှုကို မခံနိုင်တဲ့အဆုံး သူမ အိမ်ပေါ်ကနေ ဆင်လာခဲ့လိုက်ပါတယ်။ မိသားစုကို ကျောခိုင်းရတယ်ဆိုတာ တကယ်တော့ မလွယ်ပါဘူး။​

 

ဘာဆက်လုပ်မလဲ ၊ဘယ်ကိုသွား မလဲ ဆိုတာကို စဉ်းစားရင်း တက္ကသိုလ် တက်စဉ်က ခင်ခဲ့တဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ ရှိတဲ့  မြဝတီကို ရောက်လာခဲ့တယ်။​ မြဝတီမှာ သူငယ်ချင်းတွေ စုငှားနေကြတဲ့ အဆောင်တန်းလျားမှာ ခဏတာ ခိုလှုံနေတုန်း ကုမ္ပဏီတစ်ခုမှာ အလုပ်ရပေမဲ့ စစ်အစိုးရနဲ့ သက်ဆိုင်နေတော့ အလုပ်ထွက်လိုက်တယ်။ 

အလုပ်ထွက်ပြီးတဲ့နောက် မဲဆောက်ဘက် သွားရမလား၊ လေးကေကော် သွားရမလား ဒွိဟ ဖြစ်ရပြန်ပါတယ်။ ကိုဗစ် တတိယလှိုင်း ကာလ ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံဖက်ကူးဖို့လည်း အဆင်မပြေပါဘူး။​ မိဘတွေကို အဆက်အသွယ် မလုပ်တာလဲ ၂ လလောက် ရှိနေခဲ့ပါပြီ။ 

 

နောက်ဆုံးတော့ လေးကေ့ကော် စာသင်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်လူနာဆောင်မှာ စေတနာ့ဝန်ထမ်း လူနာစောင့်လုပ်ဖို့ သူငယ်ချင်းတွေနဲ့အတူ လေးကေကော်ကို ရောက်လာခဲ့ကြပါတယ်။  လူနာစောင့်လုပ်ရင်းနဲ့ပဲ လေးကေ့ကော်မှာ သတင်း မီဒီယာဆရာတွေ စီစဉ်တဲ့ မိုဘိုင်းဖုန်းနဲ့ သတင်းပေးပို့ခြင်းနဲ့ သတင်းစာပညာအခြေခံ သင်တန်းကို တက်ခွင့်ရခဲ့တယ်။ ဒီမှာ သူမဟာ သတင်းတွေ လက်စမ်းရေးသားတာကို စလုပ် ခဲ့ပါတော့တယ်။

 

အဲ့ဒိ့အချိန်က လေးကေကော်ဟာ  စစ်တပ်ကို ဆန့်ကျင်သူတွေ ရှောင်တိမ်းနေထိုင် နေကြတဲ့ ငြိမ်းချမ်း ရေးမြို့သစ် နေရာဆိုတော့ CDM တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ စစ်ပညာသင်ပြီး စစ်တပ်ကို ပြန်တော်လှန်မယ့် လူငယ်တွေနဲ့ စည်ကား နေတဲ့ ကာလ ဖြစ်ပါတယ်။ 

 

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ စစ်တပ်က  လေးကေကော်ဒေသကို နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ပါတော့တယ်။​ ဒီသတင်ထောက်လည်း တိုက်ပွဲကြားကနေ စစ်ရှောင်ဖြစ်ပြီး မဲဆောက်ကို ရောက်ခဲ့ပါတော့တယ်တယ် ။

 

တရားမဝင် ဝင်ရောက်လာကြတာ ဖြစ်တဲ့အတွက် သူမဟာ ထိုင်းရဲတွေ ဖမ်းဆီးတာကို မခံရအောင်အိမ်ခန်း ထဲ နေရင်း သတင်းအလုပ် လုပ်ခဲ့ကြရပါတယ်။  တစ်နိုင်ငံလုံး တိုက်ပွဲတွေ ညံနေတဲ့ အချိန်တွေပါပဲ။​

 

မိုးလင်းကတည်းက ကြားရ၊သိရ၊ မြင်တွေ့ ရတဲ့ မြန်မာပြည်တွင်းက သတင်းအချက်အလက်တွေဟာ စစ်တပ်အာဏာသိမ်းကာလ ၃ နှစ် ကျော်လာတဲ့ အထိ မနှစ်မျို့စရာ၊ နာကျည်း ခံပြင်းစရာ၊ ဝမ်းနည်း ကြေကွဲစရာ သတင်းဆိုးတွေ ချည်းပါဘဲ။

 

သတင်းထောက်လုပ်သက် ၃ နှစ်ကျော်လာပြီ ဖြစ်တဲ့ သူဟာ သတင်း ဆောင်းပါးတွေ ရေးဖို့ အချက်အလက်တွေ စုတာ၊ စစ်ဘေးနဲ့ တိုက်ပွဲတွေကြားက အမျိုးသမီး တွေ ရဲ့ ဘဝတွေကို မေးမြန်းရတဲ့အခါမှာ ခံနိုင်ရည် မရှိတော့လောက်အောင် ကိုစိတ် ခံစားချက်တွေ ဖြစ်လာရတယ်။ 

 

သတင်းဆို့စ်တွေ ပြောပြတဲ့အကြောင်းအရာတွေကို ညဘက်အိပ်ရာ ဝင်ချိန်တိုင်း ပြန်ကြားနေရပြီး၊ အနိဌာရုံ မြင်ကွင်းတွေကိုလည်း ပြန်မြင်ယောင်နေရပါတယ်။ ဝမ်းနည်းစိတ်မေကာင်းစရာတွေကိုပဲ ထပ်ခါ ထပ်ခါ ပြန်မြင်ယောင်နေပြီး စိတ်ဖိဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။ 

 

ပဇီကြီး ကျေးရွာ တိုက်ခိုက်ခဲရတဲ့ သတင်းက အဆိုးဆုံးပဲပေါ့။ 

 

ဒါနဲ့ပဲ သူ့ အယ်ဒီတာတွေနဲ့ တိုင်ပင်ပြီး စိတ်ရော ကိုယ်ပါ အနားယူဖို့ အခွင့်ရတဲ့တဲ့အပြင် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ တွေ့ပြီး နှစ်သိမ့်ဆွေးနွေးမှု ရယူဖို့ အခွင့်အရေး ရခဲ့ပါတယ်။ 

 

“ဆရာဝန်က အိပ်ပျော်အောင် အိပ်ဖို့ ဆေ ပေးတယ်၊အိပ်ပျော် ဖို့က ကျမရဲ့ အခက်ခဲဆုံး ပါဘဲ။ မျက်စိမှိတ်တာနဲ့ သူတို့ ပြောပြတာတွေ ပေါ်လာတော့တာမျိုး ဖြစ်တယ်လေ” 

 

စိတ်အပြောင်းအလဲ ဖြစ်ဖို့အတွက် သီချင်းနားထာင်တာ၊ ရုပ်ရှင်ကြည့်တာ၊ တခြား လုပ်ဖော်ကိုင်ဘက် သတင်းထောက် မိန်းခ‌လေး အဖော်နဲ့ စကားပြော၊ ဈေးဝယ် စင်တာ သွားတာ စတာတွေကို လုပ်ဖြစ်အောင် လုပ်ရပါတော့တယ်။ နေ့ဘက်မှာ ကိုယ့်ဘေးနား ရှိနေတဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ နေရင်းစားရင်း အလုပ်လုပ်ရင်း အဆင်ပြေပမယ့် ညဘက် အိပ်ယာဝင်ချိန် ရောက်ရင် အိပ်ပျော်ဖို့ကို ကြိုးစားနေရဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

 

မြန်မာ သတင်းထောက်တွေ အများစုမှာ သူ့လိုပဲ စိတ်ကျန်းမာရေးဆိုင်ရာ စိတ်ဒဏ်ရာ ရထားမှုတွေနဲ့ တွေ့ကြုံနေကြရပါတယ်။ သတင်းလုပ်ငန်း လုပ်တဲ့အခါမှာ စစ်တပ်ရဲ့ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ လုပ်ရပ်တွကြောင့် ဖြစ်ပေါ်လာတဲ့ အနိဌာရုံမြင်ကွင်းတဲ့၊ စိတ်နှလုံး မနှစ်မြို့ဖွယ်ရာ သတင်းတွေကို နေ့စဉ်နဲ့အမျှ ရေးသား၊ တည်းဖြတ် တင်ဆက်ရင်း ရှင်သန်နေကြရပါတယ်။  

 

သူကတော့ သက်သာလာပြီလို့ ဆိုပါတယ်။ 

 

“အလုပ်နဲ့ ခံစားချက်ကို တော့ တိတိပပ မခွဲ နိုင် သေးပါဘူး။ တကယ်ကြုံတွေ့နေရတဲ့ သားသယ်မိခင်တွေ၊ မိန်းမပျိုလေးတွေ၊ အရွယ် မတိုင်သေးတဲ့ ခလေးသူငယ်တွေမှာ ဘယ်လောက်တောင်စိတ် ဒဏ်ရာတွေ ရနေကြလိမ့်မလဲ၊ ကျမက တဆင့် ခံစားရတာတွေက သူတို့နဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။​

 

စစ်အာဏာရှင်တွေ အဆုံးသတ်ပျက်စီးသွားရင်တော့ သူ့ရဲ့မွေးရပ်ရွာ လေးနဲ့ မိဘတွေ ဆီပြန်ချင်ပါသတဲ့။ 

 

 “ပြီးရင်တော့ ကျမ သတင်းတွေ ရေးခဲ့ရတဲ့ သတင်းအရင်း အမြစ်တွေ ရှိတဲ့ မြို့ရွာတွေကို ကျမ သွား မယ်၊ အဲဒီ နေရာတွေက  ပြန်လည် ထူထောင်ရေးမှာ ပါဝင်မယ်လို့ ကျမဆုံးဖြတ်ထား တယ်” လို့ သူက ဆိုပါတယ်။

 

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။