အေးချမ်းမှုကို လိုချင်တဲ့ ကချင်စစ်ဘေးဒုက္ခသည်

အေးချမ်းမှုကို လိုချင်တဲ့ ကချင်စစ်ဘေးဒုက္ခသည်

မြစ်ကြီးနား

ဒေါ်ဂျားခွန်ရာနဲ့ ကျွန်မတို့ အခုနှစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက တွေ့တော့ သူနဲ့ သူ့ရဲ့ ကလေး ၆ ယောက်ဟာ သူတို့ရဲ့ မိသားစု အိမ်လေးမှာ မနေထိုင်ခဲ့ရတာ ၅ နှစ် ရှိပြီ လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် နှစ်လယ်လောက်က စတင်ခဲ့တဲ့ တပ်မတော်နဲ့ ကချင် လက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရာကနေ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှာ ရှိတဲ့ လူထူထူ ဒုက္ခသည်စခန်းတွေကို ရောက်နေခဲ့တာပါ။ သူ့မိသားစု နေရတဲ့ အခန်းလေးဟာ မှောင်မည်းပြီး နွေရာသီမှာ ဆို ပူလောင်မွန်းကျပ်ကာ မိုးရာသီမှာတော့ ရေတွေ ယိုတယ် တဲ့။ 

ဒီဒုက္ခသည်စခန်းမှာ လူဦးရေ ၅၀ဝ နီးပါး ရှိပြီး အချင်းချင်း ချစ်ခင်ရင်းနှီး ကူညီပံ့ပိုးပေးကြ ပါတယ်။ ဒါပေမယ့် အလုပ်လုပ်ဖို့ အခွင့်အရေး အလွန်ရှားပါးပြီး အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း မရှိကြပါဘူး။ စစ်ဘေးဒဏ်ကြောင့် စိတ်ဒဏ်ရာ ရသူတွေလည်း အများအပြားပါပဲ။ 

ဒေါ်ဂျားခွန်ရာဟာ စစ်ကြောင့် အိမ်ကိုသာလျှင် ဆုံးရှုံးခဲ့တာ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်း ရောက်ပြီးမှ သူ့ယောက်ျား ဆုံးသွားရှာ ပါတယ်။ ဝမ်းနည်းပူဆွေးပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ သူမဟာ တစ်မိသားစုလုံးကို လုပ်ကိုင် ကျွေးမွေးသူလည်း ဖြစ်လာခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နှစ်လယ်လောက်က စတင်ခဲ့တဲ့ တပ်မတော်နဲ့ ကချင် လက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒေါ်ဂျားခွန်ရာလို စစ်ဘေးဒုက္ခသည်တွေ နေတဲ့ မြစ်ကြီးနားမြို့ပေါ်က စခန်းတစ်ခုပါ။

“ကျွန်မ ယောက်ျားက ဒီ(ဒုက္ခသည်) စခန်းရောက်ပြီးမှ ဆုံးသွားတာ။ ၃ နှစ်ရှိပြီ။ မြစ်ထဲမှာ ရွှေသွားတူးရာကနေ ရေစီးနဲ့မျောသွားတာ။ ၂၀၁၁ခုနှစ်၊ နှစ်လယ်လောက်တုံးက ရွာကနေထွက်ပြေးလာကြတာ။ စခန်းမှာ ဒီလောက်ထိ ကြာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အခုချိန်အထိ ရွာကို ပြန်သွားလို့ မရသေးဘူး။ အိမ် အများစုက ဖျက်ဆီးခံရ ဒါမှမဟုတ် ပျက်နေပြီ

“ကျွန်မရွာက ဒီစခန်းကနေ ကားနဲ့ဆိုရင် ၂နာရီ ၃နာရီလောက်ဝေးတယ်။ ငယ်ငယ်တုန်းကလည်း ထွက်ပြေးဘူးတယ်။ အသက် ၁၂နှစ်လောက်ပဲရှိသေးတယ်။ ဒါကြောင့် စစ်တွေ... နိုင်ငံရေးတွေကို အရမ်းစိတ်နာတယ်။ စစ်ပြေးတွေရော၊ အားလုံးရော၊ လူမျိုးဘာသာ မခွဲခြားပဲ  ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင် နေနိုင်တဲ့ နိုင်ငံလိုမျိုး လိုချင်တယ် 

“ကျွန်မမှာ သားသမီး ၆ယောက် ရှိတယ်။ ဒါပေမယ့် မှီခိုရမဲ့သူမရှိဘူး။ ကလေး ၃ယောက်က အလယ်တန်းကျောင်းမှာ။ ၂ယောက်က မူလတန်း တက်နေတယ်။ အငယ်ဆုံးက ကလေးထိန်းကျောင်း တက်တယ်။ ဒီမှာနေရတာ ကျဉ်းတယ်၊ စိတ် လွတ်လွတ်လပ်လပ်လည်း နေလို့မရဘူး။ လုပ်ကိုင်စားသောက်ဖို့ နေရာလည်း မရှိဘူး။ မျှော်လင့်ချက် မရှိတဲ့ အရူးတွေလိုပဲ"

ကျမ်းစာဖတ်နေတဲ့ အချိန်တွေ မှာဆိုရင် စိတ်က တည်ငြိမ်တယ် လို့ ဒေါ်ဂျားခွန်ရာက ဆိုပါတယ်။

“ကျွန်မရဲ့ တန်ဖိုး အထားရဆုံး ကိုယ်ပိုင်ပစ္စည်းကတော့ ကျမ်းစာအုပ်ပါ။ ကျွန်မ တစ်ယောက်တည်းနဲ့ မိသားစုကိုသာ မကပဲ ဒီမှာရှိတဲ လူတိုင်း အားလုံးအတွက် အများကြီး အထောက်အကူ ပေးတယ်။ 

“ကျမ်းစာဖတ်နေတဲ့ အချိန်တွေ မှာဆိုရင် ကျွန်မစိတ်က တည်ငြိမ်ပြီး ပျော်တယ်။ အဲဒါကြောင့် ကျွန်မ စိတ်ဓာတ်ကျတဲ့အချိန် စိတ်မကောင်း ဖြစ်တဲ့ အချိန်မှာ ကျမ်းစာကိုဖတ်တယ်။  

“တိုက်ပွဲတွေ စစ်တွေက ထွက်ပြေးနေရတာမို့ ကျမ်းစာက တန်ဖိုးအရမ်းထိုက်တန်နေတာလည်း ဖြစ်နိုင်တာပေါ့။ ပြီးတော့ ကျွန်မဆုတောင်းတိုင်း၊ ဆုတောင်းတိုင်း ကျွန်မ ယောက်ျားအတွက် အမြဲဆုတောင်းပေးတယ်။ ငရဲဘုံမှ လွတ်ပါစေ… လို့။ လူတစ်ယောက် အနေနဲ့ အပြစ်ကင်းတယ်ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား။ ညတိုင်း ညတိုင်း ကျွန်မ ကျမ်းစာ ဖတ်ပြီးမှ အိပ်တယ်။ ကလေးတွေကိုလည်း သွန်သင်ပေးတယ်။ ။”  

 

(၂၀၁၆ ဇန်နဝါရီ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)