လမ်းဘေး စာအုပ်ဆိုင်တွေဟာ ကျောက်တံတားမြို့နယ်ရဲ့ အထင်ကရ အမှတ်အသား တစ်ခုပါ။ ဂန္ထဝင်ဝတ္ထုတွေက အစ၊ ကျောင်းသုံးစာအုပ်တွေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ပြုပြင်ပြောင်းလဲ ရမယ် ဆိုတဲ့ လမ်းညွှန်ချက်တွေ ပါတဲ့စာအုပ်တွေ အလယ်၊ ရင်ခုန်စေတဲ့ အချစ်ဝတ္ထုတွေ အဆုံး၊ စာအုပ်မျိုးစုံကို တွေ့နိုင်ပါတယ်။
စာအုပ်ရောင်းသူတွေဟာ နံနက်တိုင်းမှာ သူတို့ရဲ့စာအုပ်တွေကို ခနော်နီခနော်နဲ့ စာအုပ်စင်လေးတွေမှာ စီတန်းပြီး တင်တဲ့ သူက တင်၊ ဒါမှမဟုတ် နေဒဏ် မိုးဒဏ်တွေ တချိန်လုံး ခံနေရတဲ့ ပလက်ဖောင်းတွေပေါ်မှာ ဖြန့်ခင်းနေကြတာကို တွေ့ရမှာ ပါ။
ညနေပိုင်းကျရင်တော့ ဒီရောင်စုံစာပေတန်းကြီးကို ပြန်သိမ်းကြရပြန်ပါတယ်။
အချို့စာအုပ်ဆိုင်တွေဟာ ပန်းဆိုးတန်း လမ်းမပေါ်က ဒီနေရာလေးမှာ အမြစ်တွယ်နေတာ ဆယ်စုနှစ် နှစ်စု နီးပါး ရှိပါပြီ။ လမ်းတွေချဲ့လို့ ပလက်ဖောင်းတွေ ကျဉ်းလာတာက တစ်ကြောင်း၊ ၁၉၈၈ အရေးအခင်းကို ဖြိုခွဲခဲ့ပြီး နောင်းပိုင်း နှစ်တွေမှာ ရဲတွေရဲ့တားမြစ်မှုကြောင့် တစ်ကြောင်း၊ အကြောင်းကြောင်း တွေကြောင့် သူ့လို မကြာမြဲကြဘဲ တစ်နေရာကနေ နောက်တစ်နေရာ ရွေ့ပြောင်းသွားရတဲ့ ဆိုင်တွေလည်း အများကြီးပါ။
အရင် စစ်အစိုးရလက်အောက်က မီဒီယာနဲ့ ပတ်သက်လို့ ထိန်းချုပ် စစ်ဆေးမှုတွေဟာ အလွန်တင်းကျပ်ခဲ့ပြီး သတင်းစာတွေ တင်မကဘဲ စာအုပ်တွေ၊ သီချင်းစာသားတွေ၊ ရုပ်ရှင်တွေ အပြင် ထီလက်မှတ် ရလဒ်တွေတောင် ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပြီး မကြာမီ ၂၀၁၂ ခုနှစ်မှာ ပုံမနှိပ်ခင် ကြိုတင်စိစစ်ခြင်းကို ဖျက်သိမ်းလိုက် ပါတယ်။
ဦးဌေးအောင်ဟာ လူငယ်ဘဝတုန်းက အိမ်နဲ့ အလှမ်းဝေးရာမှာ စွန့်စွန့်စားစား သွားလာချင်တဲ့ အိမ်မက်တွေ မက်ခဲ့ပါတယ်။ အချိန်ကလည်း စစ်အစိုးရရဲ့ လက်အောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတွေ ကျဆင်းလာပြီး အထီးကျန်နိုင်ငံ ဖြစ်လာတဲ့ အချိန်ပေါ့။
ဒါပေမယ့် ကံကြမ္မာ အလှည့်အပြောင်း တစ်ခုကြောင့် မထင်မှတ်ဘဲ သူ့ဖခင်နဲ့ ပူးပေါင်းပြီး ပုဂံစာအုပ်ဆိုင်ကို ၁၉၇၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ကားဟွန်းသံတွေနဲ့ မြို့ပြရဲ့ ယောက်ယက်ခတ် လှုပ်ရှားမှုတွေနဲ့ သိပ်မနီးတဲ့ ၃၇ လမ်းပေါ်က အဆောက်အအုံ အကျဉ်းလေး တစ်ခုရဲ့ အောက်ထပ်မှာ ဖွင့်ထားတဲ့ စာအုပ်ဆိုင်လေးဟာ အခုတော့ ရန်ကုန်မြို့မှာ အကျော်ကြားဆုံးသော စာအုပ်ဆိုင်တွေ ထဲက တစ်ခု ဖြစ်နေပါပြီ။
“အစကတည်းကကျွန်တော်က ဝါသနာအပါကြီး မဟုတ်ဘူးဗျ။ သင်္ဘောတောင် လိုက်ဖို့ လုပ်ထားသေးတယ်။ ပတ်စပို့တ်တို့၊ ဘာတို့ အကုန်ရပြီးပြီ။ သူခိုးခိုးသွားတဲ့နောက်မှာ ဘာမှ မကျန်ခဲ့ဘူး”
“အဖေက နိုင်ငံခြားတော့ မသွားဖူးဘူး။ ဒါပေမယ့် သူက စာသိတ်ဖတ်တော့ တခြားနိုင်ငံက ဧည့်သည်တွေကဆို သူ့ကို ရောက်ဖူးလား။ ဘယ်လို တာဝန်ထမ်းဆောင်ဘူးလဲ လို့ မေးကြတယ်”
“အဖေက စာအုပ်ကို သိပ်ချစ်တော့ တစ်ခါတလေ ကျရင် သူ မရောင်းဘူး။ တစ်ခါတလေ သူရောင်းပြီးရင်လည်း မှိုင်သွားတယ်။ စာအုပ်ကအမြဲ မရနိုင်ဘူး။ ရှားတယ်”
“ဟိုဘက်ခေတ်က ထိန်းချုပ်တယ်။ ထိန်းချုပ်ခံရတယ် ဆိုတာ စာအုပ်တင် မဟုတ်ဘူး။ လူ့ရဲ့ စိတ်ပါ ထိန်းချုပ်ခံရတယ်။ ဘာမှ ပြောရေးဆိုခွင့်လည်း မရှိဘူး။ ပြောရင် ဖမ်းမယ် တို့၊ ဆီးမယ် တို့ လုပ်တဲ့ အခါကျတော့ လူတွေရဲ့စိတ်တွေဟာ ပျော်ရွှင်မှု သိပ်မရှိကြဘူး။ အနောက်က ဒေါက်ထောက် ကြည့်နေတာ။ အဲဒီလို အနေအထား။ စာအုပ်ဆိုလည်း ဘယ်လို စာအုပ်က ဖတ်ခွင့် မပေးဘူး၊ သွင်းခွင့် မပေးဘူး။ ရောင်းရင်လည်း အဖမ်းခံရတာကိုး။ တော်တော်လေးကို ထိန်းချုပ်တယ်”
“နောက်ပိုင်းကျတော့လည်း သူ့ဟာနဲ့သူ ပျော်သွားပါတယ်။ ရောင်းရတာ၊ မရောင်းရတာ အပထား ပျော်နေတာပဲ။ ဒါပေမယ့် ဝင်ငွေ မရှိတဲ့အခါကျတော့ စိတ်ညစ်စရာပေါ့။ သားသမီးရလာတဲ့ အခါကျတော့ ပိုဆိုးတာပေါ့”
“ကျွန်တော်ဖတ်တဲ့ စာအုပ်တွေက adventure တွေဗျ။ Treasure Island တို့, Robinson Crusoe တို့, Robin Hood တို့, The Old Man and The Sea တို့။ အဲဒါမျိုးတွေကို ကြိုက်တယ်”
“ဒီ (The Old Man and The Sea) ကို ပြန်ရထားတာ မကြာသေးဘူး။ ဒီလို ကျွန်တော် ကြိုက်တဲ့ စာအုပ်တွေဆို ပြန်ပြန် ဝယ်တယ်။ လွမ်းတယ်လေ”
“ကျွန်တော်တို့ ဘဝက ငယ်ငယ်လေးကတည်းက စာကြည့်တိုက်ရှိရင် စာကြည့်တိုက်၊ အရင်တုန်းက အငှားဆိုင်လည်း ရှိတယ်။ အငှားဆိုင်မှာ ကျွန်တော်တို့ ငယ်စဉ်က ကာတွန်းဖတ်မယ်၊ သိုင်းဝတ္ထု ဖတ်မယ်။ နည်းနည်းလေး ၉ တန်း၊ ၁၀ တန်း အရွယ် ရောက်လာတော့ အချစ်ဝတ္ထု ဖတ်လာတယ်။ ဒါ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရွေးချယ်တတ်လာတာ။ စာဖတ်ချင် လာတာ။ ဖုန်းတွေ ဘာတွေ မရှိဘူး။ တီဗွီလည်း မပေါ်သေးဘူး”
“ဖုန်းက အင်မတန် ဒုက္ခပေးလိုက်တာ။ ကောင်းတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့လည်း ဖေ့ဘုတ်ကနေ ချက်ချင်း သိရတဲ့ဟာတွေ အများကြီးပါ။ ဒါကတော့ ကိုယ့်ရွေးချယ်မှုပေါ့ နော်။ ဒါပေမယ့် စာဖတ်အား ကျဆင်းလာတာလည်း ဒါတွေကြောင့် ပါတယ်”
ဒီသတင်းစာဟာ သမာဓိ သတင်းစာရဲ့ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံ ဗြိတိသျှတွေရဲ့လက်အောက်က လွတ်လပ်ရေး ရတဲ့ အချိန်မှာ အမှတ်တရ အဖြစ် ပုံနှိပ်ထားတဲ့ မူရင်း သတင်းစာ ဖြစ်ပါတယ်”
“အဖေဆုံးပြီး အတော်ကြာမှ ပစွည်းတွေ ရှင်းတော့ ထွက်လာတာ။ ၂ စောင်။ နောက် တစ်စောင်က သိပ်မကောင်းတော့ဘူး”
“တချို့တွေက သိမ်းထားတာတွေ ရှိမှာပေါ့။ ဒါပေမယ့် မပြတာနေမှာပေါ့”
“သိပ်မကောင်းတဲ့ သတင်းစာ စာရွက်ကလည်း တစ်ယောက်က လာဝယ်သွားတယ်။ ကျွန်တော် အဲဒီတုန်းက ၂၅ ဒေါ်လာနဲ့ ပေးလိုက်တယ်။ နည်းနည်း ညံ့တဲ့ဟာမို့လို့။ ပြဲနေတယ်လေ”
“လိုချင်တယ်၊ ငါ့ကို တစ်ခုပေးတဲ့။ ကျွန်တော်ကလည်း အဲဒါ ပြဲနေတာလေးတွေ လိုက်ဖာနေတဲ့ အချိန်။ ပြဲနေတဲ့ဟာကို ပေးလိုက်တယ်။ သူက ပြောတယ်၊ ကောင်းနေတဲ့ဟာ ငါ့ကို ရောင်းတဲ့။ မရောင်းဘူးလို့”
“ဒါကို ခဏသိမ်းဦးမယ်။ ပြီးမှ ရောင်းချင်လည်း ရောင်း။ သံယောဇဉ် သိပ်မထားတော့ပါဘူး။ အရင်တုန်းက အရမ်းထားတယ်။ ။”
(၂၀၁၅ ဇွန်တွင်မေးမြန်းခဲ့ခြင်း)