ပိုးသားတွေကို ကတ်ကြေးနဲ့ ဖြတ်သလို ရေပြင်ပေါ်ကို အင်ဂျင်တပ်ထားတဲ့ လောင်းလှေတွေ တစီစီ ဖြတ်သွား နေတဲ့ အင်းလေးကန်ဟာ စိတ်ကူးယဉ်စရာတွေ ပြည့်နှက်နေတဲ့ နေရာတနေရာ ပါ။ အခုတော့ ဒီလောင်းလှေ တွေဟာ ရောင်စုံထီးတွေ အောက်မှာ ခိုလှုံနေတဲ့ ခရီးသွားတွေကို ပို့ပေးဖို့ အသုံးပြုကြပါတယ်။ ခရီးသွားတွေ ကလည်းသူတို့ရဲ့ ကင်မရာတွေ တပြင်ပြင်နဲ့။ အင်းလေးကန်ရဲ့ အထင်ကရ ဖြစ်တဲ့ ခြေထောက်သုံးပြီး ပဲ့ကိုင်တဲ့ တံငါသည်တွေ သူတို့ ပိုက်တွေကို လှမ်းပစ်ချိန်မှာ ဓာတ်ပုံရိုက်ချင်လို့ လေ။
ခရီးသွားလုပ်ငန်းတွေ မတိုးတက်သေးတဲ့ လွန်ခဲ့တဲ့ ရာစုနှစ် ၆ စုလောက်တုန်းက ဒေါ်မေသန်းဟာ ဆုံးဖြတ်ချက် တခုကြောင့် အပြေးအလွှားနဲ့ လောင်းလှေတစ်စီးကို စီးပြီး အင်းလေးကန် တဖက်ကို ပြေးခဲ့ဖူး ပါတယ်။ ဒီလုပ်ရပ်ဟာ သူ့ဘဝ တစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။
ဆက်ကျော်သက် မိန်းကလေးတစ်ဦး အရွယ်တုန်းက မမေသန်းကို လက်ဆက်လိုသူတွေ “အများကြီး” ရှိခဲ့တယ် လို့ ဆိုပါတယ်။
“(သူတို့ကြောင့်) ဦးနှောက်ခြောက်လွန်းလွန်းလို့”
“ကြီးကြီး အဖေ အမေက စစ်ဗိုလ်နဲ့ ပေးစားမလို့ လုပ်ထားပြီးသား၊ စီစဉ်ပေးမယ့်သူနဲ့ တွေ့ဖူးတယ် မကြိုက်ဘူး”
“ကြီးကြီးက အရင်က ဗထူးတပ်မှာ နေသေးတယ်၊ စစ်တပ်နဲ့ အမြဲလို သွားလာနေကျ၊ ကြီးကြီးအဖေက အဲဒီမှာ ပန်းတိမ်ဖို ဖွင့်ထားတယ်၊ ကျောင်းတက်တော့ ညောင်ရွှေက အဒေါ်အိမ်မှာ နေတယ်၊ ကျောင်းပိတ်တဲ့အခါ ဖေဖေ့ဆီ သွားရတယ်၊ အဲဒီမှာ ကြီးကြီးမေမေရော နေတယ်”
“မိဘတွေက စီစဉ်ထားတယ် ဆိုတာသိပြီး တစ်လ အကြာမှာ လိုက်ပြေးဖို့ ဆုံးဖြတ်တယ်၊ တစ်ပတ်အတွင်း ပေးစားမယ်၊ အဲလိုတော့ မပြောဘူး၊ သဘောတူတယ် ဆိုတာပဲ။ ကြီးကြီးထက် အသက်ပိုကြီးတယ်၊ မသိဘူး နာမည်လည်း မမေးကြည့်ဘူး”
“ဦးကြီးက ကြီးကြီးနဲ့ အသက်ရွယ်တူ၊ ကြိုက်တတ်ပီးရင် နောက်တစ်ယောက် မကြိုက်တတ်ဘူးလေ”
“(ဦးကြီးနဲ့က) ကျောင်းရောက်မှ သိတာ၊ ၅ တန်းမှာမှ သိတာ။ ချောတာလည်း မသိဘူး၊ ကောင်းတာလည်း မသိဘူး ရည်းစားစာပေးပြီး ကြိုက်တာပဲ သိတယ် လေ။ ဘာမှမသိဘူး”
“လိုက်ပြေးဖို့ ကြိုစဉ်းစားထားတာ၊ ကြီးကြီးစဉ်းစားတာပါ၊ မိဘတွေက စစ်ဗိုလ်နဲ့ ပေးစားတော့မယ် ပေါ့ အဲ့ဒါကြောင့် ခိုးပြေးဖို့ ပြောတယ်၊ ဦးကြီးက မငြင်းဘူး”
“မော်တော်နဲ့ ခိုးပြေးတာ နွေရာသီ ကျောင်းပိတ်တုန်း”
“အင်းလေးဆိုတာ ရိုးရိုးကန်ကြီးပဲ ဗေဒါတွေ ဘာတွေများတယ် လေ၊ အဲဒီ ဗေဒါတွေ အမှတ်တရ၊ အင်းလေးက ဗေဒါတွေ ပိတ်တယ် လေ၊ ကျွန်းမျှောတွေနဲ့၊ ကြီးကြီးတော့ ရေကြောက်တယ်…၊ မဆော့ရဲဘူး ခုထိ ရေမကူးတတ်ဘူး၊ ရေနဲ့ နီးပေမယ့် မကူးတတ်ဘူး”
“လှေက ညောင်ရွှေကနေ ငှားပီးသွားတယ်၊ ရွာနာမည်က ရွာမ၊ ရွာမဘက်မှာ ယောက်ျားဘက်က အမျိုးတွေ ရှိတယ်၊ ၁ နာရီလောက် ကြာတယ်”
“မိဘတွေက နောက်လိုက်ခေါ်တယ်၊ ယောက်ျားတွေဘက် မိဘတွေကလည်း မရမက ခေါ်တယ်”
“၁၆ နှစ်နဲ့ အိမ်ထောင်ပြုတာ။ မင်္ဂလာဆောင်တာ ပွဲတော့ မလုပ်ဖြစ်ဘူး။ နတ်မင်းကြီးနားမှာ ကန်တော့တာ တော့ လုပ်တယ်”
“မှန်မှန်ကန်ကန် ကျောင်းနေတုန်းယူတာ၊ ရ တန်းတောင် မဖြေရသေးဘူး… လိုက်ပြေးတာ၊ နှစ်ယောက်စလုံး ကျောင်းဆက် မတက်ဖြစ်တော့ဘူး”
“အိမ်ထောင် စောစောကျတာ နောင်တရမိတာ မရှိပါဘူး၊ ကိုယ်ယူထားတာ ကိုယ့်အပြစ်ကိုယ်၊ ကိုယ့်သားသမီးကိုယ် ပညာတတ်အောင် ပြုစုပျိုးထောင်ပေးတယ်၊ ပညာရေးရော ကျန်းမာရေးရော”
“သားသမီး ၁၁ ယောက် ရှိတယ်၊ ၂ ယောက်ဆုံးပြီ၊ ၁၁ ယောက်စလုံး ဆေးရုံမှာ မွေးတယ်၊ ဆေးရုံက ဆရာမပဲ ကျန်းမာရေး သားဖွားနဲ့ မီးယပ်ဆရာမ၊ ရိုးရာအနေနဲ့ လုပ်ရတာ မရှိပါဘူး၊ မီးကင်တာတော့ လုပ်ရတယ်၊ အဲဒါကြောင့်မို့ ကြီးကြီးကျန်းမာတာပေါ့ ခုခေတ်နဲ့မှ မတူပဲ၊ မီးလှုံရတာ ချွေးထုတ်တဲ့ သဘောပဲ၊ အခန်းထဲမှာ စောင်တွေ ကာထားပြီး မီးဖိုတည်ထားတယ်။ ၁၀ ခေါက်ပဲ လုပ်ရတယ် နှစ်ယောက်က အမြွှာလေ”
“အမြွှာတစ်ယောက် မွေးပြီး ၃ ရက်ပဲ ရှိသေးတယ် ညောင်ရွှေမြို့ကို သူပုန်ဝင်တယ်။ ကြောက်တော့ မကြောက်ဘူး။ ကြီးကြီးက သတ္တိရှိတယ် လေ။ သေနတ်တွေ ဖောက်တယ် တစ်ညပဲ၊ လူတွေဘာတွေ မသေဘူး”
“(ကြီးကြီးအမျိုးသားက) သားသမီးအပေါ် ချစ်ပါတယ်၊ သားသမီးများများရ များများကြိုက်တယ်၊ သူက ပျော်တယ် လေ၊ အဲ့ဒါတော့ အဓိကပဲ သူကတော့၊ လူအများကြီးနဲ့ ပျော်ပျော်နေချင်တယ်။ သူ့စိတ်ကတော့ အေးအေးနေသမား လေ။ သမီးတွေနဲ့ မယားနဲ့ ရှာသရွေ့၊ ပေးသရွေ့၊ ကျွေးသရွေ့ ဘာမှ မပြောဘူး၊ ကြင်ကြင်နာနာ ရှိပါတယ်။ သူ့ရဲ့ ငယ်ငယ်တုန်းက ပုံတော့ မရှိဘူး၊ ဒါပေမယ့် အရပ်ရှည်တယ် ကြည့်ကောင်း တယ်”
“ပင်ပန်းတာပေါ့ ကြီးကြီးတို့က လင်ကိုမယား နှစ်ယောက်တည်း လေ။ အလုပ်လည်း လုပ်ရတယ်၊ ကလေးလည်း ထိန်းရတယ်၊ ကိုယ့်အားကိုယ်ကိုးရတယ်ပေါ့”
“ကုန်တင်ကုန်ချ ခရမ်းချဉ်ခြင်းတွေ ထမ်းပြီး လုပ်ကျွေးတယ်။ ပင်ပင်ပန်းပန်း လုပ်ခဲ့တဲ့ ဒဏ်တွေပေါ့။ ဆုံးသွားတာ ၁၀ နှစ်ရှိနေပြီ”
“ညောင်ရွှေက အရင်က မြို့ငယ်လေး။ အခုနောက်ပိုင်း ပိုကျယ်လာတယ်။ မြို့ရှေ့ဘက်တွေ အကုန်လုံး အိမ်ရာတွေ ဖြစ်ကုန်တယ်၊ အရင်တုန်းက မြို့ရှေ့ဘက် ဆိုတာ တောတွေလေ၊ မြို့တောင်ဘက် ဆိုတာလည်း တောတွေ။ တိုးတက်လာတယ်”
“လူအများ အာရုံစိုက်ပြီး (အင်းလေးကို) လာကြတာ ၁၃ နှစ်လောက် ရှိပြီ၊ အင်းလေးကို လူအများကြီးလာတာ အံ့သြတာပေါ့ လေ။ ဧည့်သည်တွေ အနေနဲ့ ထူးဆန်းတယ်ပေါ့ နော်။ ကြီးကြီးတို့အနေနဲ့က ရိုးသွားပြီ။ လာသင့်ပါတယ်”
“၃ နှစ် အတွင်း ပိုပြီး တိုးတက်လာတယ်၊ လူသစ်တွေတော့ အများကြီး ဖြစ်နေပြီ။ ဟိုတယ်တွေ များလာတယ်၊ အပြင်လူတွေ များလာတယ်”
“တန်ဖိုးထားတာကတော့ ဒီအိမ်လေးပေါ့။ အိမ်ကတော့ အမျိုးသားရဲ့ အမေအိမ်။ ဒီအိမ်မှာ ကြီးကြီး ယောက္ခမ က ဟင်းထုပ် ရောင်းတယ်။ (ကြီးကြီးတို့) လင်မယား နှစ်ယောက်စလုံးက ကူလုပ်ပေးရတယ်။ အခုထိ သမီး ရောင်းစားနေတယ်။ အဖွားက အနားယူနေပြီ၊ မိဘအမွေ လက်ဆင့်ကမ်းပြီးပြီ”
“သူများတွေ ရောင်းကြတယ် ကိုယ်မရောင်းဘူး၊ ဒီအိမ်မှာ မိသားစု ဘယ်သူပဲ လာနေလာနေ၊ လာနေလည်း လာနေပါတယ်။ အိမ်ထောင်ကျနေ ကတည်းက ရောက်ခဲ့တဲ့အိမ်ကလေးကို အမြဲတန်ဖိုးထားတယ်၊ မြို့ထဲလည်းဖြစ် စျေးလည်းရကြောင်းမှန်း သိတယ် မရောင်းဘူး။ သားသမီးအကုန်လုံးက ဒီအိမ်မှာပဲ မင်္ဂလာဆောင်တယ်။ အပျိုကြီးတစ်ယောက် လူပျိုကြီးတစ်ယောက်နဲ့ ဆုံးသွားတဲ့ တစ်ယောက်ပဲ မဆောင်တာ။ နှစ်တိုင်းနီးပါး မင်္ဂလာဆောင်ဖြစ်တယ်”
(၂၀၁၆ ဇွန်လတွင်တွေ့ဆုံမေးမြန်းခဲ့ခြင်း)