ဒီဒိုင်ယာရီကတော့ စစ်ဘေးရှောင် CDMဝန်ထမ်းအမျိုးသမီးတစ်ဦးရဲ့ဘဝကို မေးမြန်းပြီး သရုပ်ဖော် ရေးဖွဲ့ထားတာဖြစ်ပါတယ်။ စာရေးသူသည် သတင်းထောက်တစ်ဦး ဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါတယ်။
စိတ်တွေက ဟိုရောက်လိုက်၊ ဒီရောက်လိုက်
ကြောက်စိတ်တွေကပေါ်လိုက်၊ ပျောက်လိုက်
လူကဂဏာမညိမ် ကျွန်မဘာလုပ်ရမလဲ။
ကလေးတွေ ရှေ့မှာတော့ ကျွန်မဟာအာဂအမျိုးသမီးပေါ့ရှင်။ မိသားစုမစုံမလင်နဲ့ မြို့ပေါ်ကနေတောထဲ ရောက်ခဲ့ရတယ်။ မင်းတို့သွားနှင့် ငါနောက်ကလိုက်ခဲ့မယ်ဆိုတဲ့ ကလေးတွေရဲ့အဖေလည်း ဒီတစ်ရွာမမီရင် နောက်တစ်ရွာပေါ့ ဆိုတဲ့အတွေးနဲ့ ကျွန်မအားတင်းခဲ့တာ။
CDM သမားတွေလိုက်ဖမ်းနေတယ်ဆိုလို့ နောက်တစ်နေရာကို ပြေးဖို့စီစဉ်ရပြန်ပြီ။
အမျိုးသားသာပါလာခဲ့မယ်ဆိုရင် ကျွန်မဒီလောက် ကြောက်မိမှာမဟုတ်ဘူး။ အားငယ်မိမှာ မဟုတ်ဘူး။ စစ်ဘေးရှောင်တဲ့အခါမှာ အားလုံးကရွာတွေကိုပြေးကြပေမယ့် အိမ်ကအမျိုးသားကတော့ ကျန်ရစ်ခဲ့ပါတယ်။ အိမ်မှာမွေးထားတဲ့၊ ကြက်ဝက်တွေကို ဒီတိုင်းထားပစ်မယ်ဆိုရင် စိတ်မချတာလည်း ပါတာပေါ့။ သူမပါတော့ ကလေးကတစ်ဖက် အထုပ်ကတစ်ဖက် သောကတွေတစ်ပွေ့တစ်ပိုက်နဲ့ ကလေးတွေလည်း သူများတွေရွာမှာ ခိုလှုံနေရပေမယ့် စိတ်မလုံဘူး။ ကိုယ့်ကြောင့် ကူညီနေရသူတွေလည်း ဒုက္ခရောက်သွားမှာစိုးတယ်။
အာဏာရှင်ကိုတော်လှန်ဖို့ပြေးနေရတာ ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး ဓမ္မဘက်မှာ ရပ်ခဲ့တဲ့ သူတိုင်းပြေးနေရတဲ့ကာလ ဒီကာလကြီးမှာ ဖရိုဖရဲဖြစ်သွားတဲ့ မိသားစုတွေ ဘယ်တော့မှ ပြန်မစုံနိုင်တော့တဲ့ သေကွဲကွဲသွားတဲ့မိသားစုတွေ ကျွန်မတို့လိုပဲ ရှင်ကွဲကွဲတဲ့မိသားစုတွေ အများကြီးမှအများကြီးပါ။
ပြေးလွှားနေတဲ့အချိန်မှာ ဖမ်းခံရတဲ့သူတွေ၊ အသတ်ခံရတဲ့သူတွေကိုလည်းမြင်ခဲ့ပြီးပြီ၊ ကျွန်မက ကျန်းမာရေးဝန်ထမ်းမို့ ကိုယ်တတ်တဲ့ပညာနဲ့ ကူညီသင့်တာကိုကူညီခဲ့ပြီးပြီ လူသေကောင်တွေကို မြင်ဖူးပါတယ် ဒါပေမယ့်ယုံကြည်ချက်အတွက် အသက်စွန့်သွားတဲ့သူတွေကိုကြည့်ပြီး စိတ်မကောင်းတော့ဖြစ်ရတယ်။ တစ်ချို့ဆိုကျွန်မနဲ့သက်တူရွယ်တူ တစ်ချို့ဆို ကျွန်မထက်ငယ်တယ် တစ်ချို့က ကျွန်မထက်ကြီးတယ်။ သူတို့မှာလည်းမျှော်လင့်ချက်တွေနဲ့ အနာဂတ်တွေနဲ့ ကျန်ခဲ့တဲ့ကျွန်မတို့မှာလည်း မျှော်လင့်ခြင်းများစွာနဲ့ ဆက်ပြေးနေရတုန်းပဲ။
သေနတ်သံ၊လက်နက်ကြီးသံတွေကိုလည်း ကြားနေရတယ်။ ဒီအသံတွေကို ကျွန်မကြောက်တယ် ဒီအသံတွေက ကျွန်မတို့ကို ကောင်းကျိုးမပေးဘူး။ စစ်ပွဲတွေကိုမုန်းတယ်။ အာဏာရူးတဲ့သူတွေကို ကျွန်မမုန်းတယ် သူတို့ကြောင့်သေသွား တဲ့သူတွေ အနာဂတ်ပျောက်ခဲ့တဲ့သူတွေအများကြီးပဲ။ ဒီဖက်က ကလေးတွေတိုက်ပွဲထွက်သွားတယ် ပြန်လာတဲ့ သူတွေရှိတယ်။ ပြန်မလာတော့တဲ့သူတွေရှိတယ်။ ဒီအနိဋာရုံတွေကိုကျွန်မမြင်ချင်တော့ဘူး။ တိုက်ပွဲကျသွားတဲ့သူတွေအတွက်လည်း ကျွန်မမငိုချင်တော့ဘူး။ ဒဏ်ရာတွေရင်နဲ့မမျှဘူးရှင့်။
ကျွန်မတို့နေတဲ့ရွာကိုရောက်ပြီးတစ်လနီးပါးကြာတဲ့အခါမှာ ကျန်ခဲ့တဲ့ ကျွန်မအမျိုးသားကို စစ်တပ်ကဖမ်းသွားပြီတဲ့။ ဘုရား-- ဘုရား-- ဘုရား။
သူ့အတွက် ကျွန်မအရမ်းစိုးရိမ်တာပဲ။ ဘယ်လောက်များ နှိပ်စက်နေမလဲ။ သတင်းတွေမှာကြားပါတယ်။ စစ်ကြောရေးမှာသေသွားတဲ့သူတွေရှိတယ်တဲ့။ ညဖမ်းသွားတယ် မနက်အလောင်းပြန်ပို့တယ် ဆိုတာလေ။
ကျွန်မရင်ထဲမှာအပူကန်နေတယ်။ ကလေးတွေလည်း သူတို့အဖေတွက် စိတ်မ ကောင်းဘူး။ ကျွန်မငိုတာကလွဲလို့ ဘာများတတ်နိုင်မှာလဲရှင်။ ဒီအတွေးတွေနဲ့ကျွန်မ အိပ်မပျော်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုပြီးစုံစမ်းမေးမြန်းကြည့်တဲ့ခါမှာ ဖုန်းထဲမှာ သူတို့သဘောမကျတဲ့ ဓါတ်ပုံတွေ့လို့တဲ့။ အဲဒီချိန်မှာ ကျွန်မတို့ဆီမှာ အင်တာနက်တွေရနေသေးပါတယ်။ သူတွေ့မြင်တာတစ်ခုကိုဖုန်းနဲ့ပုံရိုက်ပြီး ကျွန်မတို့ဆီကိုလှမ်းပို့ပေးတာပါ။ စစ်ကြောင်းနဲ့တွေ့ပြီး ဖုန်းစစ်ခံရတော့ စစ်ကောင်စီတပ်တွေကတော့ ပြည်ဖျက်မီဒီယာတွေဆီကိုပုံတွေပို့တယ်ဆိုပြီး စွဲချက်တင်လိုက်တာပါ။
ကျွန်မအမျိုးသားကို ထောင်နှစ်အများကြီးချလိုက်ပြီတဲ့။ ကလေးတွေလည်းငို ကျွန်မလည်းငို ထောင်ကျနေတဲ့ ကလေးတွေအဖေကိုလည်း သွားမတွေ့နိုင်။ သူထောင်ထဲမှာ အဆင်ပြေပါ့မလား။ နားခိုနေတဲ့ရွာမှာ အစားကောင်းလေးများစားရရင် သူ့ကိုအရမ်းသတိရတာပဲ။ မိုးရွာတဲ့အခါ နှင်းကျတဲ့အခါ၊ ပူအိုက်တဲ့အခါ အေးမြတဲ့အခါ သူဘယ်လိုများနေသလဲ။ ရာသီအလိုက် လအလိုက် နေ့အလိုက် သတိတွေရနေတယ်။ ညညဆိုသူ့အကြောင်းပဲတွေးနေတယ်။
သူနဲ့ထောင်ဆိုတာကလည်း ဘယ်လိုမှမအပ်စက်တဲ့အရာပဲလေ။ တပ်ထဲမှာရိုက်ခံထားရတော့ ညာဘက်နား သိပ်မကြားဘူးလို့လည်း ပြောပါတယ်။ သူ့လက်ထဲကိုရောက်မရောက်မသိပေမယ့် ကျွန်မကတော့ လတိုင်းနီးပါးပိုက်ဆံအနည်းငယ်တော့အဆက်အသွယ်တွေရှာကြံပြီးပို့ပေးနေပါတယ်။
စစ်တပ်ကအာဏာကို မသိမ်းရင် သူလည်းထောင်ကျမှာမဟုတ်ဘူး။ ကျွန်မတို့သားအမိတွေလည်း ဒီလိုပြေးနေရမှာမဟုတ်ဘူး။ ကျွန်မမှာကလေးတွေကလွဲရင် ပိုင်ဆိုင်မှုဆိုတာ ဘာမှမရှိတော့ဘူး။
အနှစ်နှစ်အလလ ကတည်ဆောက် ထားတဲ့ အရာအားလုံးပြိုကျပျက်စီးသွားခဲ့ပြီ။ ဒုက္ခတွေလည်းအများကြီးကြုံခဲ့ရပြီးပြီ။
မနက်ဖြန်ဆိုတဲ့ မရေရာတဲ့ မျှော်လင့်ချက်တွေနဲ့ ကျွန်မအသက်ရှင်နေခဲ့တယ်။ အလုပ်အကိုင်တွေ စွန့်လွှတ်ခဲ့ရတယ်။ စည်းစိမ်တွေစွန့်လွှတ်ခဲ့ရတယ်။ ယောင်္ကျားဆိုထောင်ထဲမှာ ကျွန်မဆိုတောထဲမှာ။ ကျွန်မတို့အဖြစ်ကို ဘယ်သူတွေက စာနာပေးမှာလဲ။ တကယ်တော့ကျွန်မမျှော်နေတုန်းပါပဲ။ သူပြန်လာမယ့်နေ့ မျှော်နေတုန်းပါပဲ။”
ဘယ်သူနဲ့မှလည်း ကျွန်မစကားမပြောချင်တော့ဘူး ကျွန်မတစ်ယောက်တည်းပဲနေချင်တယ်။ ညညဆိုမျက်ရည်ကျလာရော ယောင်္ကျားအတွက် ကလေးအတွက် ဝမ်းနည်းတယ်။ ဘယ်လောက်ဝမ်းနည်းရသလဲဆိုရင်၊ လူတစ်ချို့က ကျွန်မကို ရူးသွားပြီလို့တောင်ထင်ကြတယ်။ အရာအားလုံးကို မေ့လိုက် ချင်တယ် ဒါပေမယ့် ကျွန်မမှာ ကလေးတွေရှိနေတယ်။
လူရှေ့သူရှေ့မှာ ဘယ်လောက်ပဲအားတင်းထား အားတင်းထား ညရောက်ပြီဆိုတာနဲ့ တင်းထားတဲ့ စိတ်တွေပြိုလဲသွားတယ်။ မျက်ရည်ကျတဲ့ညတွေလည်း မနည်းပါဘူး။ ခေါင်းစဉ်မဲ့ စီးကျလာတဲ့ မျက်ရည်တွေကို ကလေးတွေမြင်မှာစိုးတယ်။
ကလေးတွေက ဘာလို့မျက်ရည်ကျတာလဲလို့မေးလာခဲ့ရင် ကျွန်မဘာပြန်ဖြေရမလဲ ကျွန်မမှာ အဖြေမရှိဘူး။ တစ်ခါတစ်ခါစဉ်းစားတယ် ကျွန်မဘာအတွက် အသက်ရှင်နေတာလဲ၊ အမှန်တရား အတွက်လား၊ မိသားစုအတွက်လား၊ တိုင်းပြည်အတွက်လား။ တောင်စဉ်ရေမရအတွေးတွေနဲ့ အိပ်ပျော်သွားလား အိပ်မပျော်ဘူးလား မသိတော့ပါဘူးရှင်။
ဒါပေမယ့် နေရောင်ခြည်နဲ့အတူ နောက်နေ့မနက်မှာ ကျွန်မအသက်ရှင်ရအုံးမယ်။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိနေသည့် Songbird၏ အနုပညာလက်ရာဖြစ်သည်။