အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်မောင်ဟာ စွန်ပညာရှင်မျိုးရိုးကလာတာဖြစ်ပြီး ရန်ကုန်မြို့တွင်းမှာ အခုချိန်အထိ စွန်တွေပြုလုပ်ပြီး အသက်မွေးဝမ်းကျောင်းနေသူ ၄ ဦးသာ ကျန်တဲ့အထဲက တစ်ဦးပါ။
စွန်တွေစတင်ပြုလုပ်လာတာ အနှစ် ၃၀ ကျော်လာပါပြီ။ သူ့ရဲ့ တောင်ဒဂုံက တစ်ထပ် အိမ်လေးမှာပဲ ရစ်လုံးအလုပ်ရုံအသေးလေးဖွင့်ထားပြီး မြန်မာနိုင်ငံ တဝှမ်းလုံးကို တင်ပို့ရောင်းချပြီး နေတာပါ။ အိမ်အတွင်းဘက်မှာတော့ သူ့လက်ရာစွန်တွေရထားတဲ့ ဆုဖလားတွေက တန်းစီလို့တင်ထားလေရဲ့။
အိမ်ရှေ့ တမံသလင်းပေါ်မှာ မနက် ၆ နာရီခွဲကနေ ည ၁၀ နာရီအထိ အလုပ်သမား ၆ ဦး နဲ့ နေ့စဉ်နေ့တိုင်းအလုပ်လုပ်ရတာ ကြာလာတော့ ခန္ဓာကိုယ်က ပြန်လည်တွန်းလှန်လာပါတော့တယ်။ ဆယ်စုနှစ်ပေါင်းများစွာ ခါးညောင်းအောင် လုပ်လာပြီးချိန်မှာတော့ ဦးမြင့်မောင်ရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာအများအပြား တွေ့နေရပါပြီ။
ဦးမြင့်မောင်ရဲ့ ညာဖက် လက်ခလယ်ဟာ ရစ်လုံးလုပ်ရင်းနဲ့ ဓါးထိမိလို့ ထိပ်ပြတ်သွားပါတယ်။ တစ်နေရာတည်း အကြာကြီး ထိုင်ရတာ များလာတော့ ခြေထောက်မှာ သွေးကြောတွေပိတ်ပြီး ညာဖက် ခြေဖဝါးကို ဆုံးရှုံးခဲ့ရပါတယ်။
ချိုင်းထောက်နဲ့သွားနေရပြီး မြန်မာပြည်မိုးတွင်း ၆လ မှာစွန်မလွှတ်ကြလို့ လစာဝင်ငွေပုံမမှန်ပေမယ့်လဲ စွန်လုပ်တဲ့ပညာကို အမြတ်တနိုးထားဆဲဖြစ်ပြီး အခုချိန်အထိ ဆက်လက်လုပ်ကိုင်ဆဲပါ။
"(စွန်လုပ်ရတာ) လက်ဝင်တယ်။ ဒါပေမယ့် စွန်လုပ်သူတိုင်းက လက်လုပ်လက်စားပဲ။ တော်ရုံတန်ရုံက ဒဏ်မခံနိုင်ဘူး။ ထိုင်ပြီးလုပ်ရတဲ့အလုပ်ဆိုတော့ သွေးလေမကောင်းဘူး"
“မြန်မာ့ရိုးရာအားကစားအဖွဲ့ချုပ်ကလူတိုင်းရော၊ ဒီလောကကသူတွေရော ကျွန်တော့အဖေကို သိကြတာပေါ့။ အဲဒီတော့ ကျွန်တော်က မိဘရိုးရာအမွေအနှစ်ကို စောင့်ရှောက်နေတဲ့သဘောပဲပေါ့”။ ။
(ဒီဇင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)