လက်ဖက်ရည်ဆိုင် မှတ်တမ်းများ − ဆရာမ

လက်ဖက်ရည်ဆိုင် မှတ်တမ်းများ − ဆရာမ

မန္တလေး

(ဒီပုံပြင်ဟာ မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ကလေးတွေအကြောင်း ရေးသားထားတဲ့ စီးရီးထဲက ဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တဲ့ ကလေးတစ်ဦးနဲ့လည်း စကားပြောခဲ့ပါတယ်။) 

မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တွေမှာ အလုပ် လုပ်နေကြရတဲ့ ကလေးတွေ အတွက်ကတော့ ကလေးဘဝဆိုတာဟာ များပြားလှတဲ့ အလုပ်တွေ ကြားက ခိုးယူရတဲ့ အချိန်လေးတွေမှာပဲ ခံစားရတာပါ။ အဲဒီ အလုပ်ဆင်းချိန်လေးထဲမှာ လမ်းပေါ် ထွက်ပြီး ဘောလုံးကန်တာတို့၊ စိတ်ထဲမှာ ပျောက်လုလု ရှိပြီဖြစ်တဲ့ ရွာက အမေနဲ့ အဖေကို ရတဲ့ မိနစ်ပိုင်းလေးအတွင်း ဖုန်းခေါ်ရတာတို့…ပေါ့။ တချို့ကလေးတွေအတွက်တော့ စာသင်ခန်းဟာ သူတို့အတွက် ကလေးဘဝကို ပြန်ရောက်သွားစေတဲ့ နေရာပါပဲ။ 

လူတွေစည်ကားများပြားနေတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရဲ့ စတိုခန်းလို တစ်နေရာမှာ ကလေးတစ်သိုက် စာသင်နေကြ ပါတယ်။ သင်ပြပေးနေတဲ့ ဆရာမကတော့ မအိမွန်ဇင်ပါ။ သူမဟာ တကယ်လက်တွေ့ကျတဲ့ ဘာသာရပ်တွေ ဖြစ်တဲ့ သင်္ချာ၊ ကိုယ်ခန္ဓာသန့်ရှင်းမှုနဲ့ ခရီးသွားတွေနဲ့ စကားကောင်းကောင်း ပြောနိုင်ပြီး ပိုကောင်းမွန်တဲ့ အလုပ်ကို ရနိုင်တဲ့ အင်္ဂလိပ်စာ တို့ကို အဓိကထား သင်ပေးပါတယ်။ သူမဟာ အလုပ် လုပ်နေတဲ့ ကလေးသူငယ်တွေကို အခမဲ့ပညာသင်ကြားပေးနေတဲ့ MyME အဖွဲ့မှာ စေတနာ ဆရာမ အဖြစ် လုပ်ကိုင်နေသူပါ။ 

မန္တလေးတိုင်းဒေသကြီးမှာ ရှိတဲ့ အသက် ၁၄ နှစ်အောက် ကလေးတွေထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေမှုကြောင့် အလုပ် ဝင်လုပ်နေကြသူတွေပါ။ လယ်တောတွေမှာ အလုပ် လုပ်တဲ့သူ၊ လမ်းဖောက်ဖို့ ကျောက်တုံးတွေ သယ်ယူရတဲ့သူ၊ မြို့ကို တစ်ယောက်တည်း တက်လာပြီး လက်ဖက်ရည်ဆိုင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လာလုပ်သူတွေပေါ့။ သူတို့ အလုပ်တွေဟာ ယာယီသဘောဖြစ်တဲ့ အတွက် တချို့ စာတော်တဲ့ ကျောင်းသားလေးတွေ အလုပ်ထွက်ပြီး စာသင်ခန်းကနေ ပျောက်ပျောက်သွားတာ ကလည်း မနည်းပါဘူး။ 

မိဘတွေ စီးပွားရေး ကျဆင်းလာတာမို့လို့ မအိမွန်ဇင်တို့ မိသားစုဟာလည်း သူတို့ရဲ့ ဆွေမျိုးနီးစပ်တော်တဲ့ ဘုန်းဘုန်းက ကျောင်းထိုင်ဖြစ်တဲ့ မန္တလေးမြို့က ဖောင်တော်ဦးကျောင်းကို ငယ်ငယ်ကလေးကတည်းက ရောက်လာပြီး မှီခိုနေထိုင်ခဲ့ကြရ ပါတယ်။ ဒီဗုဒွဘာသာ ကျောင်းဝင်းထဲမှာ လူသိများတဲ့ နွမ်းပါးတဲ့ ကလေးတွေကို စာသင်ပေးတဲ့ ကျောင်းမှာ တက်ပြီး အခုတော့ ဒီကျောင်းမှာပဲ ပြန်လည် အလုပ် လုပ်နေပါတယ်။ အသက် ၂၅ နှစ်ရှိပြီ ဖြစ်တဲ့ မအိမွန်ဇင်ဟာ သူ့ရဲ့ အနာဂတ် အတွက် ဘာဆုံးဖြတ်ချက်တွေ ချရမလဲ လို့လည်း တွေးနေသူပါ။ သူ့ဘဝကို သူကိုယ်တိုင် ဆုံးဖြတ်နိုင်ခွင့်ကတော့ သူ့အတွက် အမြတ်နိုးရဆုံးထဲက အရာတခုပါပဲ တဲ့။ 

ဖောင်တော်ဦးဘုန်းကြီးစာသင်ကျောင်းက နားချိန်မှာ ကျွမ်းပစ်နေတဲ့ ကိုရင်တစ်ပါး

“အမှန်တိုင်းပြောမယ် ဆိုရင်  ဆရာမ လုပ်မယ် ဆိုတဲ့ စိတ်ကူးက ငယ်ငယ်တုန်းက မရှိခဲ့ဘူး၊ ကိုယ် ဘာဖြစ်ချင်တယ် ဆိုတဲ့ စိတ်လေးတော့ ၈တန်း ၉တန်းလောက်ကဆို တွေးမိတယ် ပေါ့၊ အဲ့တုန်းက ကိုယ်ဖြစ်ချင်တာက အင်ဂျင်နီယာပေါ့၊ ဒါပေမယ့် အခုနေ ပြန်တွက်လိုက်ရင် အင်ဂျင်နီယာလည်း တကယ်ဖြစ်ချင်တာ မဟုတ်ဘူး ပေါ့၊ အဓိကကတော့ ကိုယ့်စိတ်ထဲမှာ အလုပ် ကောင်းကောင်း လုပ်နိုင်တယ် ဆိုရင် ပိုက်ဆံအများကြီး ရမယ် ပေါ့နော်။ ဒါပေမယ့် ၁၀ တန်းလည်း ရောက်ရော ဂုဏ်ထူးလည်း မပါဘူး၊ ရိုးရိုးပဲ အောင်ခဲ့တာ ဆိုတော့ အင်ဂျင်နီယာလိုင်း မမီတော့ဘူးပေါ့။ အဲဒီတော့ အင်ဂျင်နီယာ မဖြစ်နိုင်လည်း အနည်းဆုံးတော့ ငါအင်္ဂလိပ်စာမှာ နည်းနည်းတော်အောင် ကြိုးစားမယ် ပေါ့၊ အဲဒီနောက်ပိုင်းမှာ အင်္ဂလိပ်စာကိုပဲ ဖိပြီးတော့ လုပ်ဖြစ်တယ် ပေါ့နော်” 

(၂၀၀၈ မှာ သပြေ ပညာရေးအုပ်စုကနေ ချင်းမိုင်မှာ ကျောင်းသွားတက်ဖို့ အခွင့်အရေးရခဲ့ပါတယ်) 

“ဟိုရောက်တဲ့ အခါကျတော့ ကိုယ့်အနေနဲ့ တအားကြီးတော့ ကြိုးစားရတာပေါ့၊ အသက်က အငယ်ဆုံးလည်း ဖြစ်တယ်၊ အကိုတွေ အမတွေ ကိုယ့်ထက် အများကြီး အတွေ့ကြုံရှိတဲ့ သူတွေ ရင့်ကျက်တဲ့ သူတွေ တွေ့တယ် ပေါ့နော်။ (ပြီးတော့) တိုင်းရင်းသား ပေါင်းစုံပေါ့နော်၊ အဲဒီအချိန်ကျမှ ကိုယ့်အနေနဲ့ ပထမဦးဆုံး သူတို့နဲ့ ရင်းရင်းနှီးနှီး စကားပြောဖူးတာပေါ့။ ရှမ်းတို့၊ ကချင်၊ ကရင်၊ မြန်မာ၊ ရခိုင်၊ မွန်တွေ အစုံပဲပေါ့။ အတွေ့အကြုံတွေ အများကြီးရတယ်၊ သူတို့ဆီကလည်း သင်ယူခဲ့တယ် ပေါ့နော်” 

ဖောင်တော်ဦးကျောင်းပေါ်က ကျောင်းသူတစ်ဦး

“(နောက်) ကျောင်းလျှောက်ထားတာက ဖိလစ်ပိုင်က Miriam College အမျိုးသမီးကျောင်းပေါ့၊ သူကတော့ sister တွေစပြီး တည်ထောင်ခဲ့တာ ဆိုတော့ နည်းနည်းတော့ စည်းကမ်းတင်းကျပ်တဲ့ ထဲမှာပါတယ်၊ ကိုယ့်အတွက် အကြာကြီး နေရမှာလည်း ဖြစ်တယ်၊ ၄ နှစ်နဲ့ ၄ လ ကြာသွားတယ်” 

“ပထမနှစ်ကဆို တော်တော်လေး စိတ်ညစ်ရတယ်၊ ပြန်ပြေးချင်စိတ်တောင် ပေါက်တယ်၊ ဘာလို့လဲ ဆိုတော့ ဟိုမှာက ကိုယ်နဲ့ ရွယ်တူတွေက မရှိဘူး။ ကိုယ့်ရဲ့ မြန်မာအသိုင်းအဝိုင်းလေးက နည်းတယ် ပေါ့၊ နည်းတဲ့အခါ ကျတော့ ပထမပိုင်း စရောက်တော့ နည်းနည်းလေး စိတ်ညစ်တယ် ပေါ့” 

“နောက်တခုက အတန်းထဲမှာ သူတို့က participation က အမှတ် တခုအနေနဲ့ ပေးတာပေါ့နော်။ ကိုယ်ကကျတော့ ၁၀ တန်း အထိ လောက်က ဆရာပြောတဲ့ ဟာကိုပဲ အမြဲတမ်း နားထောင်လာတဲ့ အခါကျတော့ ကိုယ့်အနေနဲ့ နားလည်တယ် လို့ပဲ ပုံစံမျိုးပဲ ယူဆတာပေါ့။ ပြန်ပြီးတော့ မေးခွန်း မထုတ်တတ်ဘူး ပေါ့။ အတန်းတွေထဲမှာ ဆိုရင် discussion လုပ်ခိုင်းတယ်၊ ဆရာမတွေက သူတို့ကို မေးခွန်းမေးတာကို ကြိုက်တယ် ပေါ့။ ကိုယ်ကကျတော့ အတန်းထဲမှာ ဒီအတိုင်း ငြိမ်ထိုင်ပြီးတော့ စာတွေ ဖတ်နေတာ။ ကိုယ်ရဲ့ စတိုင်က သူတို့လိုချင်တဲ့ ပုံစံမျိုး မဟုတ်တဲ့အခါ ကျတော့ အမှတ်တွေက အဲ့လောက်ကြီး မကောင်းဘူး ပေါ့။ ပထမနှစ် တုန်းက ဆိုရင် အောင်တာတော့ အောင်တယ်၊ အဲ့လောက်ကြီး မကောင်းဘူး။ တော်တော်လေး ရုန်းခဲ့ရတယ် ပေါ့” 

“ဘယ်လို ပြောင်းခဲ့တယ် ဆိုတော့ ကိုယ်တစ်ယောက်တည်းနေလို့ မရတော့ဘူးလေ၊ ဖိလစ်ပိုင် သူငယ်ချင်းတွေကို ပေါင်းလိုက်တယ် ပေါ့၊ သူတို့နဲ့ အဆင်ပြေအောင် နေတယ်။ တခါတလေကျရင် စိတ်ထဲက ကိုယ်တစ်ယောက်တည်းလို့ ခံစားရရင် ကြောက်ရွံ့စိတ်ကို ပိုဖြစ်စေတယ် ပေါ့။ ငါတစ်ယောက်တည်း ပါလား ဆိုတဲ့ စိတ်နဲ့ ကိုယ့်ဟာနဲ့ကိုယ် သိမ်ငယ်နေတာလေ။ အဲလိုမျိုး ဖြစ်တဲ့အခါကျတော့ ကြောက်တဲ့ စိတ်နဲ့ ဘာမှ မပြောရဲတော့ဘူး။ ဒါပေမယ့် အကုန်လုံးနဲ့ ခင်မင်အောင် ပေါင်းထားတဲ့ အခါကျတော့ စကားပြောရတဲ့ အခါကျတော့ အကုန်လုံးက ငါနဲ့ သိနေတာပဲ၊ ဘာမှမဖြစ်ဘူးလို့ ကြောက်စရာမလိုဘူး ဆိုတဲ့ စိတ်ကလေးပေါ့။ နောက်တခုက ပါမောက္ခတွေကိုလည်း ကိုယ်က နားလည်အောင် ပြောရတာပေါ့ နော်။ ဒီ assignment ကို နားမလည်ဘူး ဆိုရင်တောင် ကိုယ်က အတန်းထဲမှာ တကယ်လို့ မပြောရဲဘူး ဆိုရင် အတန်းပြီးသွားရင် ဒီပါမောက္ခကို သွားပြီးတော့ ချဉ်းကပ်တယ် ပေါ့နော်”   

“(မြန်မာပြည်မှာ) ဆရာမတွေ ကိုယ်တိုင်ကလည်း ကလေးတွေကို မေးချင်လာအောင် ပါဝင်လာအောင် motivate မရှိဘူး ပေါ့၊ လုပ်ရကောင်းမှန်းလည်း မသိဘူးပေါ့ နော်။ ဒါဆရာမတွေကို အပြစ်ပြောတာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ အမြင်ဆိုရင် တချို့ ကလေးတွေဆို အရမ်းသိချင်တဲ့ စိတ်များရင်တောင်၊ ကျောင်းသားတစ်ယောက်က အရမ်းမေးရင်တောင် ဆရာမတွေက သိပ် မကြိုက်ချင်ကြဘူး။ အဲဒီတော့ ငယ်ငယ်လေးထဲက သူတို့ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့တဲ့ စိတ်က အောင်းလာတာလေ။ (အဲဒီစိတ်) အောင်းလာတဲ့ အခါကျတော့ ကျွန်မတို့ အနေနဲ့ ဆိုရင် ၁၀ တန်းပြီးတဲ့ အချိန်ထိတောင် လူရှေ့မှာ ထွက်ပြီးတော့ စကားတောင် သိပ်ပြီးတော့ မပြောရဲဘူးပေါ့၊ သူများတွေက ကိုယ့်ကို ကြည့်တဲ့ အကြည့်ကို မခံနိုင်ဘူးပေါ့နော်၊ ဒါပေမယ့် (ဖိလစ်ပိုင်မှာတော့) ကျောင်းလည်း ပြီးသွားရော မကြောက်တော့ဘူး ပေါ့နော်၊ အတော်လေးကို ပြောရဲ ဆိုရဲ ရှိလာတယ်ပေါ့”     

ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ဘောလုံးကန် ကစားနေကြတဲ့ ကိုရင်များ

“ကျွန်မ ၂၀၁၄ မတ်လမှာ ပြန်လာတယ်။ အခု လောလောဆယ်ကတော့ အခု ဖောင်တော်ဦးရုံးမှာ Pre College Programme မှာ ကျွန်မက ပရိုဂရမ် မန်နေဂျာပေါ့။  ဒီ MyME ကတော့ ညနေပိုင်း အချိန်လောက်ပဲ ဆိုတော့၊ တပတ်ကို ကျွန်မ ၄ ရက် ညနေပိုင်း သွားပြီးတော့ သင်ပေးတယ်။ သင်တာ ၁ နှစ် ကျော်ပြီ” 

“ဒီ MyME ကတော့ အမှန်တိုင်းပြောရင် မိုဘိုင်းဖြစ်နေတယ်။ ကလေးတွေကလည်း  မိုဘိုင်းပေါ့။ အမြဲတမ်း တသမတ်တည်း မရှိဘူးပေါ့ နော်။ မရှိဆင်းရဲသား ပေါ့နော်၊ ပညာရေးကို ကောင်းကောင်းကြီး မလေ့လာခဲ့ရတဲ့သူတွေပေါ့” 

“သင်ရတာက အဆင်ပြေတယ်။ သူတို့ အနေနဲ့လည်း တကယ် ကြိုးကြိုးစားစား သင်ယူချင်တဲ့ ကလေးတွေ” 

MyME သင်တန်းက တပည့်တွေကို စာသင်ပေးနေတဲ့ မအိမွန်ဇင်

“ကလေးတွေ တော်တော်များများက တော်တယ်။ ကျွန်မတို့ ဒီဘက်ကနေ အသိအမှတ်ပြုတဲ့ အနေနဲ့ သူတို့ လိုအပ်တဲ့ ဟာလေးပေါ့။ ဥပမာ-ယောက်ျားလေးတွေ ဆိုရင် (ဆံပင်အတွက်) ‘ဂျယ်’ထောင်တယ် ပေါ့။ အဲ့ဒါလေးတွေ ကျွန်မတို့ ဝယ်ပေးပြီး ဆုချတယ် ပေါ့။ MyME မှာကတော့ အမှန်တိုင်း ပြောရင် ဒီကလေးတစ်ယောက်က အရမ်းတော်နေမှန်း သိသော်ငြားလည်း ဒီကလေးကိုပဲ ဆုပေးတယ် ဆိုရင် တခြားကလေးတွေ အနေနဲ့ ဖီးဖြစ် (တစ်စုံတရာ ခံစားရတာတွေ) တာပေါ့။ အဲဒီတော့ တခြား ကလေးတွေ ကိုလည်း သူတို့ရဲ့ တော်တဲ့ အချက်ပေါ့။ ဥပမာ ဒီကလေးက အတန်းပုံမှန်လာတယ် ဆိုရင် သူ့ကို perfect attendance ဆိုပြီး ဆုချတယ်” 

“တကယ်တမ်းလည်း တော်တဲ့ ကလေးတွေ ရှိတယ် ဒါပေမယ့် မမြဲဘူး။ သူတို့ကကျ မန္တလေးကို လာတယ် ဆိုတာ၊ ဒီ လက်ဖက်ရည်ဆိုင်မှာ လုပ်တယ် ဆိုတာ၊ အဓိကက မိသားစုအတွက် လိုအပ်တဲ့ အချက်ဖြစ်တဲ့ ငွေပေါ့။ ငွေကြောင့်ပဲ သူတို့ ဒီမှာ လာတယ်။ တဖက်တလမ်းကနေ မိသားစုကို ထောက်ပံ့ပေးနေတာ ဆိုတော့ သူတို့အနေနဲ့ မိသားစု အတွက် ပိုကြည့်ရတယ်။ ပညာရေးကို အဓိက မထားနိုင်ကြဘူးပေါ့။ ပညာရေးကြောင့် လာတာ မဟုတ်ဘူး လေ” 

မန္တလေးက လက်ဖက်ရည်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ကလေးတစ်ဦး

“ဆရာမ သင်ပေးလိုက်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော် ဒီလိုမျိုးတွေ လုပ်နေတယ်။ ကျွန်တော် အဆင်ပြေတယ် ဆိုရင် ကိုယ့်အနေနဲ့က ဘာပဲပြောပြော ဝမ်းသာတယ် ပေါ့နော်” 

“(ဒီကျောင်းသားလေးက) အတန်းထဲမှာတော့ အကြီးဆုံး။ အတန်းပညာကို တအားကြီး မတက်ခဲ့ဘူး ပေါ့နော်၊ မူလတန်း အဆင့်လောက်ပဲ တက်ခဲ့ရတယ် ပေါ့။ ဒါပေမယ့် ကြိုးစားတယ်။ တခြားသူတွေနဲ့ ယှဉ်ရင် ဉာဏ်မကောင်းဘူး။ ဉာဏ်ရည် ဉာဏ်သွေး မထက်မြက် (quick learner) ဘူး ဖြစ်နေမယ်၊ ဒါပေမယ့် အမြဲတမ်း ကြိုးစားတယ်၊  အင်္ဂလိပ်စာကို ပိုပြီး စိတ်ဝင်စားတယ်၊ ညနေပိုင်း ၆ နာရီလောက်ဆို သူတို့ လက်ဖက်ရည်ဆိုင်က သိမ်းပြီ ပေါ့။ သူတို့ လမ်းတွေက ဘုရာကြီးနဲ့ နီးတဲ့ အခါကျတော့ ဖောရိန်နာ (နိုင်ငံခြားသား) တွေ လာတယ်။ အဲဒီတော့ အားတဲ့ အချိန်ဆို သူက ဆိုင်ကယ်တစ်စီး ရှိတဲ့ အခါကျတော့ ဆိုင်ကယ်တက္ကဆီ လိုက်တာပေါ့။ သူ့အတွက် အပိုဝင်ငွေလည်း ရတယ်၊ အင်္ဂလိပ်စာကို သင်တဲ့ အခါကျတော့ သူ့အတွက် အသုံးဝင်သွားတာပေါ့ နော်။ သူဆိုရင် ကျွန်မကို ဖောရိန်နာတွေကို လိုက်ပို့တဲ့ အခါကျရင် direction တွေ သူ မသိဘူးပေါ့၊ သိအောင် သူ့ကို သင်ပေးပါပေါ့၊ မေးတယ်” 

“ဖြစ်ချင်တော့ သူက ပြီးခဲ့တဲ့ ဧပြီလောက်က ဒီ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ နည်းနည်းပြဿနာလေးဖြစ်တယ် ထင်ပါတယ်။ ကျမတို့က ဧပြီ break (သင်တန်း ရပ်နားမယ့်ရက်) ကို ရောက်ရော အတန်းတွေ ပိတ်လိုက်တာပေါ့နော်။ သင်္ကြန်လည်း ပြီးသွားရော အတန်းတွေ ပြန်စတဲ့အချိန် သူက မရှိတော့ဘူး။ တော်တော်လေး စိတ်မကောင်း ဖြစ်တာပေါ့နော်။ သူက ဆိုရင် တခြား ကလေးတွေ မသင်တောင် သူကအမြဲတမ်း ရှိတယ်။ ကိုယ့်အနေနဲ့ သင်ရတာ အရမ်း motivation (စိတ်ဓာတ်ခွန်အားကို) ဖြစ်တယ် ပေါ့နော်”

“ကျွန်မ လှမ်းပြီးဖုန်းဆက်တယ် ပေါ့၊ ဘယ်ရောက်သွားတာလဲဆို။ အဲဒီလို အဲဒီလိုပဲ ဆရာမရေတဲ့ စိတ်တော့မကောင်းဘူးတဲ့။ အဆင်မပြေတော့ ကျွန်တော် ရွာကိုပြန်သွားတယ် ပေါ့။ ဆရာမကို အမြဲတန်းသတိရနေမှာပါ လှမ်းပြောတယ်” 

မအိမွန်ဇင်

“ကိုယ် တန်ဖိုးထားထားတဲ့ အရာတွေဆို အများကြီးပဲ။ ဥပမာ မိဘပေါ့နော် မိဘဆိုတာလည်း  ကိုယ်တန်ဖိုးထားတဲ့အထဲမှာ ပါတယ် ပေါ့နော်။ မိဘတွေရဲ့ အခက်ခဲတွေကို မြင်တွေ့ခဲ့ရတာ ဆိုတော့ ဒီပညာရေးလမ်းကြောင်းကလည်း ကျွန်မအတွက် တန်ဖိုးထားရတဲ့အရာပေါ့” 

“နောက်တခုက ကျွန်မအတွက် တန်ဖိုးထားရတဲ့ အရာဆိုရင် ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့် ပေါ့နော်။  မြန်မာပြည်အနေနဲ့ ဆိုရင် မိဘတွေက သူ့တို့ရဲ့ ဘောင်အတွင်းထဲက မိန်းကလေးတစ်ယောက်ကို ကြည့်တယ် ပေါ့။ ဥပမာ ဘယ်လိုမျိုး မနေရဘူး၊ ဘယ်လိုမျိုး မဝတ်ရဘူး၊ ဘယ်လိုမျိုး ပြောရတယ်၊ အဲ့လိုမျိုး မိန်းကလေးတစ်ယောက်အတွက် ဘောင်ကြီးတခုထဲ ထားပြီးတော့ ကြည့်တတ်တဲ့ဟာ ပေါ့နော်။ အဲဒီလိုမျိုးကျတော့ ဒီနောက်ပိုင်း ကျွန်မ ပြန်ရောက်တဲ့အခါကျတော့ သိပ်ပြီးတော့ လက်မခံဘူး ပေါ့နော်” 

“မိဘတွေ အနေနဲ့ ဆိုရင် နင်က အရမ်းပြောင်းလဲ သွားတယ် ပေါ့နော်။ ငါတို့ ပြောတဲ့ဟာတောင် နားမထောင်တော့ဘူး၊ နိုင်ငံခြားက ပြန်လာလို့ ဆရာကြီးလား ဘာညာနဲ့ပေါ့။ အတိုက်အခိုက်တွေ ဖြစ်တဲ့ အခါကျတော့ ကျွန်မက ပထမတော့ စိတ်ညစ်တာပေါ့။ နောက်ပိုင်းကျတော့ ဒါလူတစ်ယောက်ရဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ခွင့်ကို ကျွန်မကတော့  လက်ခံထားတယ် ပေါ့နော်၊ တန်ဖိုးလည်း ထားတယ် ပေါ့နော်။ ကိုယ့်ရဲ့ဆုံးဖြတ်ခွင့်ကိုပဲ ပိုပြီးတော့ ဦးစားပေးပြီးတော့ လုပ်တယ် ပေါ့နော်” 

 

(စက်တင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)