လက်ဖက်ရည်ဆိုင် မှတ်တမ်းများ − ဆိုင်ပိုင်ရှင်

လက်ဖက်ရည်ဆိုင် မှတ်တမ်းများ − ဆိုင်ပိုင်ရှင်

မန္တလေး

(ဒီပုံပြင်ဟာ မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ကလေးတွေအကြောင်း ရေးသားထားတဲ့ စီးရီးထဲက ဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တဲ့ ကလေးတစ်ဦးနဲ့ရော၊ စာသင်ပေးတဲ့ ဆရာမနဲ့ရော စကားပြောခဲ့ပါတယ်။) 

မနက်ပိုင်း လူကျချိန်ကတော့ ပြီးသွားပါပြီ။ လက်ဖက်ရည်ကို တဖြည်းဖြည်းချင်းသောက်နေပြီး ဆိုင်နောက်ဖဘက်မှာ ရှိတဲ့ ဖန်သားပြင်ပေါ်က အိန္ဒိယအက်ရှင်ကားကို တမေ့တမောကြည့်နေကြတဲ့ အမျိုးသားအနည်းငယ်သာ ဆိုင်က စားပွဲတွေမှာ ကျန်ပါတော့တယ်။ လမ်းပေါ်မှာ ဖြတ်သွားနေတဲ့ ထရပ်ကားကြီးတွေရဲ့ အသံတွေဟာ ဆူညံနေပြီး အညစ်အကြေး အထပ်ထပ် လိပ်နေတဲ့ နံရံကနေတဆင့် မြင့်မားတဲ့ မျက်နှာကြက်ကို ရိုက်လို့ တဝုန်းဝုန်းနဲ့ ဖြစ်နေတာကြောင့် ရုပ်ရှင်ထဲက အသံကို မကြားရသလောက်ပါပဲ။ 

ဆိုင်မှာ ရှိနေသူတွေ အားလုံးဟာ အခြားတနေရာကနေ ပြောင်းရွှေ့လာသူတွေပါ။ စားပွဲတွေမှာ ထိုင်နေတဲ့ ထရပ်ကား သမားတွေက အစ၊ ဟိုခုံနဲ့ ဒီခုံကြား ပြေးလွှားနေတဲ့ စားပွဲထိုးတွေ အဆုံး အားလုံးဟာ ပုံမှန်အလုပ်တစ်ခုကို မက်မောစွာနဲ့ မြို့ပေါ်ကို ရောက်ရှိလာကြသူတွေပါ။ ငယ်ငယ်က ကြီးပြင်းလာတဲ့ ကျေးလက်ရွာလေးက မိသားစုတွေ၊ ကျောင်းတွေကို စွန့်ပစ်ပြီး လာကြသူတွေပေါ့။ အပြေးအလွား အလုပ်တွေ ကြားက တည်ငြိမ်ပြီး သဘောကောင်းပုံရတဲ့ ဒီဆိုင်ပိုင်ရှင် အမျိုးသမီး ကိုယ်တိုင်ကိုက ဒီမှာ မွေးဖွားကြီးပြင်းလာသူ မဟုတ်ပါဘူး။ 

လားရှိုးဇာတိဖြစ်တဲ့ ဒေါ်ဟော်*ဟာ စီးပွားရေး အဆင်မပြေလို့ အလုပ်အသစ် လုပ်ဖို့ သူ့မိသားစုကို ခေါ်ပြီး မန္တလေးကို ဆင်းလာတာ ၁၀ နှစ် ရှိပါပြီ။ 

လက်ဖက်ရည်ဆိုင်က အိုးများ

“ငါတို့ ကျောင်းမတက်ခဲ့ရဘူး။ ငယ်ငယ်က အရမ်းဆင်းရဲတာ၊ အလုပ်ပဲ လုပ်ခဲ့ရတယ်။ ငယ်ငယ်တုန်းကဆို တောင်ပေါ်မှာ နေတာ။ ပြောင်းဖူးတွေ ဘာတွေ စိုက်တာ၊ စပါးတွေ ဘာတွေ စိုက်တာ” 

“အရင်တုန်းက အလုပ်မရှိဘူးလေ။ အလုပ်မရှိလို့ လက်ဘက်ရည်ဆိုင် ဖွင့်တာ၊ ဖွင့်ရင်း ဖွင့်ရင်းနဲ့ ဒီလိုမျိုး ဖြစ်သွားတာ။ မကျွမ်းကျင်ဘူး။ သူများ လက်ဖက်ရည်ဆိုင်ဖွင့်တော့ ငါတို့လည်း လိုက်ဖွင့်ကြည့်တာပေါ့။ (ရှမ်းပြည်အလယ်ပိုင်း ပတ္တမြား တစ်ခေတ် ထလိုက်သေးတဲ့) မိုင်းရှူးတောင်ပေါ်မှာဖွင့်တာ” 

“လက်ဖက်ရည်ဆိုင်ဆို တစ်မျိုးကောင်းတယ်။ အိမ်ရှိပြီဆို ပစ္စည်းက တခါတည်း ဝယ်လိုက်လို့ ရှိရင် သူက အရင်းအနှီး သိပ်မလိုဘူး လေ။ အရင်းနှီးဆို မနက်ပိုင်းဝယ် ရောင်း၊ ညနေပိုင်းဆို အရင်းနှီးက ပေါ်လာပြီလေ။ မြန်တယ်” 

“(မိုင်းရှုးမှာ) ၁၂ နှစ် ကြာတယ်။ စသွားတုန်းက အဆင်ပြေတယ်။ နောက်ပိုင်းကျတော့ ကျောက်လဲရှားတယ်၊ လူလည်း ပါးတယ်။ ကျောက်စျေးလည်း သိပ်မရှိတော့ဘူး” 

“ဟိုမှာ အလုပ် လုပ်လို့ မကောင်းလို့ ဒီမှာဆို ဆိုင်လာဖွင့်မယ် လို့…၊ မိသားစုပါဒီကို ပြောင်းလာတာ၊ အမျိုးသားရော၊ သားသမီးပါ ပါလာတယ်။ ဒီမှာ ၁၀ နှစ် ကျော်ပြီ။ မိုင်းရှူးမှာ လူနည်းတယ်လေ။ ဒီမှာဆိုလူများတယ်” 

မန္တလေးမြို့က လူငယ်အလုပ်သမားများ

ကလေးအလုပ်သမားအရေးဟာ မြန်မာနိုင်ငံမှာ အလွန်ပဲ အများအပြားရှိပြီး အခြားနိုင်ငံတွေမှာလောက် အငြင်းပွားစရာဖြစ်မနေပါဘူး။ ကုလသမဂ္ဂရဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ အချက်အလက်များအရဆို မြန်မာနိုင်ငံမှာရှိတဲ့ အသက် ၅ နှစ်နဲ့ ၁၇ နှစ်ကြား ကလေးတွေထဲက ၁၀ ရာခိုင်နှုန်းဟာ အလုပ်လုပ်နေပါတယ်။ များသောအားဖြင့်က ကျေးလက်ဒေသတွေမှာ လယ်ယာစိုက်ပျိုးရေးအလုပ်တွေလုပ်နေကြတာဖြစ်ပြီး အချို့တွေကတော့ မြို့ပေါ်က ဆိုင်တွေမှာ၊ ဆောက်လုပ်ရေးတွေမှာပါ။ ၆ သိန်းနီးပါးဟာ “စွန့်စားရတဲ့” အလုပ်တွေလုပ်နေရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါကတော့ အလုပ်ချိန်အများကြီးလုပ်ရတာက အစ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အလုပ်မျိုး၊ မြေအောက်တို့ ရေအောက်တို့လို အန္တရာယ်များတဲ့ နေရာတွေမှာ လုပ်ရတဲ့အလုပ် ဆိုတာမျိုးတွေပါ။ 

မန္တလေးမြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ကျောင်းပေါ်မှာ ကစားနေတဲ့ ကိုရင်တစ်ပါး

ဒီ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးတွေ အများအပြားဟာ ကလေးသူငယ်တွေကို အခမဲ့ ပညာသင်ကြား ပေးနေတဲ့ MyME mobile education project မှာကျောင်းတက်နေကြသူတွေပါ။ ဒီအထဲမှာ လေတံခွန်ပုံပြင်များနဲ့ စကားပြောခဲ့တဲ့ဘူးတဲ့ ဇော် လည်းပါဝင်ပါတယ်။ ဇော်ကလည်း ပြောပါတယ်။ ရွာမှာလယ်လုပ်ရတာထက် လက်ဖက်ရည်ဆိုင်မှာ လုပ်ရတာကို ပိုသဘောကျတယ်တဲ့။ 

“သူက ငယ်တော့ငယ်တယ်…၊ လယ်တယ်။ အမေက နောက်ယောက်ျားနဲ့လေ။ သူက အဖွားနဲ့ နေတာ။ လခကို အဖိုးနဲ့ အဖွားကို ပေးတယ်။ သူ့အမေက သူ့ကို ထားခဲ့တာ။ အရင်တုန်းက ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်တယ်” လို့ ဆိုပါတယ်။ ဆက်ပြီးတော့ အလုပ်သမားတွေ တစ်ပတ်မှာ ကျောင်းအတွက် အချိန်ပေးရတာကို နှစ်သက်ပါတယ် လို့ ပြောပါတယ်။

“သူတို့ ပျော်လို့ ရှိရင်တက်…လို့။ လူကျလာလို့ ရှိရင် သူတို့ မရှိရင် ငါတို့ ဝိုင်းလုပ်ပေးရတယ် လေ။ သူတို့ကို စာတတ် စေချင်တယ်။ တချို့ ကလေးက မသွားချင်ဘူး။ သူတို့ သွားချင်ရင်သွား မတားဘူး”   

လက်ဖက်ရည်ဆိုင်မှာ ရုပ်ရှင်ကြည့်နေကြတဲ့ အမျိုးသားများ

“လက်ဘက်ရည်ဆိုင်ဆိုတာ အလုပ်စုံများတယ်။ တနေကုန် အလုပ်ရှိတယ်။ မနက်ပိုင်းဆို ၄ နာရီ ထတယ်၊ မီးမွှေး၊ လုပ်စရာရှိတာ အကုန်လုံး လုပ်ပြီးမှ သူတို့ကို နှိုး။ ထလာမှ ပြန်ခင်း” 

“ဒီမှာ ကြီးကြပ်တာ အမတစ်ယောက်တည်း။ အမျိုးသားဆုံးတာ အခုဆို ၄ လ ကျော်ပဲ ရှိသေးတယ်၊ သူက ဦးနှောက်ကင်ဆာ။ သိတာ ဆိုတာ ၅ လပဲ ရှိတယ်။ (သိသိချင်း) ၅ ရက်၊ ၆ ရက် လောက်ပဲ ရှိသေးတယ် သွားခွဲတာ။ ခွဲပြီးပြန်လာတာ ၄ လ နေတယ်” 

“ကလေး(တွေ)က သမီးတစ်ယောက် သားနှစ်ယောက်။ အကြီးက ၁၉ နှစ်၊ အလတ်က ၁၆ နှစ်၊ အငယ်က ၁၃ နှစ်။ သူတို့ အတွက်လည်း လုပ်ပေးရတယ်။ တစ်ယောက်တည်း ဆိုတော့ အရင်ကထက် အခက်ခဲတော့ ရှိတယ်” 

“ကလေးတွေ ဘာတွေ ကျောင်းတက်တာ ဒီ (လက်ဘက်ရည်ဆိုင်) က ဝင်ငွေပဲ။ ဒီက ပဲရှာတာ။ နေတာက ဒီဟာ (လက်ဘက်ရည်ဆိုင်) နဲ့ ပေါင်းပြီး နောက်ဘက်မှာ။ လက်ဘက်ရည်ဆိုင်ကို သူတို့က တစ်ယောက်မှ မလုပ်ချင်ဘူး” 

“သားသမီး ကြီးလာလို့ ရှိရင် ကြည့်လိုက်မှာ ပေါ့။ သူတို့ ဘာလုပ်ငန်းရှိလဲ ဆို ပြောင်းလဲပြန်ပြောင်းမှာပေါ့ နော်။ အခုက သူတို့က ကျောင်းတက်နေတယ် ဆိုတော့ လုံးခနဲ ပြောင်းလို့လည်း မဖြစ်ဘူးလေ နော်” 

“ဒီဆိုင်ပဲ ရှိတယ်။ အလုပ်က ဒီဟာပဲ ရှိတာ။ သားသမီးတွေ ရှေ့ရေးလည်း ဒီဆိုင်ပဲ” 

 

(စက်တင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း၊ * အမည်အပြည့်အဝမဖော်ပြထားပါ)