နာဂ
ဟိုးရှေးတုန်းက ဝေးလံခေါင်ဖျားတဲ့ နာဂတောင်တန်းက လူမျိုးစု တစ်စု ဘယ်လောက် အောင်မြင်ကြွယ်ဝတယ် ဆိုတာကို သိချင်ရင် သူတို့နေတဲ့ ရွာရဲ့ အဝင်မှာ လူဦးခေါင်း ဘယ်နှခေါင်း ထောင်ထားတာကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီခေတ်တွေကတော့ ကုန်ခဲ့တာကြာလှပြီ ပေါ့။ ကိုလိုနီခေတ်၊ ခရစ်ယာန် သာသနာပြုတွေနဲ့ စစ်ပွဲတွေဟာ ဒီ တောတောင်ထူထပ်တဲ့ ဒေသမှာ နှစ်ရှည်လများ အမဲလိုက်၊ တိုက်ခိုက်၊ ကခုန်ကြခဲ့တဲ့ လူမျိုးစု ဒါဇင်ကျော်ကို ပြောင်းလဲ စေခဲ့ပါတယ်။ ဒီလို ရင်တုန်ဖွယ် တောင်စောင်းတွေ ပေါ်က ဂျပန်စစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ စစ်တပ်တွေရဲ့ အပြင်းအထန် တိုက်ပွဲတွေဟာ ဒုတိယ ကမ္ဘာစစ်ရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးတဲ့ အထဲမှာ ပါဝင်ခဲ့သလို စစ်ကြီးပြီးသွားလို့ ဗြိတိသျှ တွေ သူတို့ရဲ့ အင်ပါယာကြီးကို အဓမ္မ ခွဲခြမ်းစိတ်ဖြာပြီး မြေပုံဆွဲတဲ့ အခါမှာ နာဂဒေသဟာ နှစ်ပိုင်း ကွဲသွားရ ပါတယ်။
ယခုအချိန်မှာ ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ်တည်ရှိနေတဲ့ နာဂဒေသဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ရှိပြီး မြို့နယ် ၃ ခု ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ နာဂဒေသနဲ့ နယ်စပ်ခြားနေတာကို မကျေနပ်သူတွေလည်း အများကြီး ရှိနေပါသေးတယ်။ ယခင်တုန်းက လက်နက်ကိုင် တော်လှန်သူတွေ ရှိခဲ့ပေမယ့် အခုမှာတော့ မျိုးဆက်သစ်တွေဟာ သူတို့ရဲ့ ခေါင်လွန်းပြီး ချို့တဲ့ နေတဲ့ ဒေသကို တိုးတက်ဖို့၊ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကို နိုင်ငံရေး လှုပ်ရှားမှု ကနေ တဆင့် ကြိုးစားနေကြပါတယ်။
စစ်ကိုင်းတိုင်းမှာ ရှိတဲ့ နာဂဒေသကို သွားဖို့ဆိုတာဟာ ရင်သပ်ရှုမောဖွယ် လှပပြီး အန္တရာယ်များတဲ့ တောင်တန်းနယ်မြေကို ကျော်ဖြတ်သွားရသလို မဖော်ရွေတဲ့ ဗျူရိုကရေစီ စနစ်ကိုလည်း ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေရဲ့ ချမှတ်ထားတဲ့ ခရီးသွားကန့်သတ်ချက်တွေကြောင့် ဒီဒေသကို ရောက်ဖို့ ခရီးသွား အများအပြား လက်လှမ်း မမီခဲ့ကြပါဘူး။ စစ်တပ်နဲ့ စစ်တပ်က အုပ်ချုပ်ထားတဲ့ အောက်မှာ လုပ်ကိုင်နေတဲ့ အစိုးရဝန်ထမ်းတွေက လွဲလို့ ပေါ့။ သူတို့တွေကိုတော့ တော်တော်များများ တွေ့ရပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော် ဖြစ်တဲ့ လဟယ်ကို ရောက်ဖို့ ရန်ကုန်ကနေ မန္တလေးကို လေယာဉ်နဲ့ သွားခဲ့ပါတယ်။ မန္တလေးကတဆင့် ဂျက်လေယာဉ် အသေးလေးနဲ့ တိမ်တွေကြားက ပျံသန်းပြီး ခန္တီးမြို့ကို ရောက်ပါတယ်။ အဲဒီကမှ တခါ မြွေလိမ်မြွေကောက် လမ်းတွေကို ဖြတ်လို့ ၆ နာရီ နီးပါး ကားစီးရပါတယ်။ တချို့နေရာတွေမှာဆို လမ်းတွေဟာ စိမ်းစိမ်းစိုစိုတောင်စောင်းတွေရဲ့ မျက်နှာပြင်ပေါ်က ဟက်တက်ကွဲထားတဲ့ ဒဏ်ရာလို ကြမ်းရှနေဆဲ ပါပဲ။ သန့်စင်လန်းဆန်းတဲ့ တောထဲမှာ ငှက်တွေရဲ့ အသံလေးတွေက ညံလို့၊ မိုးထိမယ့် အတိုင်း မြင့်မားလွန်းတဲ့ သစ်ပင်တွေရဲ့ ရေညှိတွေ တက်နေတဲ့ ပင်စည်တွေပေါ်မှာတော့ ရှားပါးသစ်ခွတွေက မြိုင်မြိုင်ဆိုင်ဆိုင်။
ဒီ မြန်မာပြည်ဘက် အခြမ်းမှာ နာဂလူမျိုးနွှယ်အုပ်စု ၁၀ စု ရှိပါတယ်။ တန်ရှန်း၊ ကောညတ်၊ မကူရီ၊ စွမ်မရာ တန်ကူး၊ လိုင်းနောင်၊ လမ်းကန်း၊ မော်ယောန်း၊ အနန်၊ ပါရ၊ နဲ့ ခယ်မြူငန် တို့ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဘာသာစကားတွေဟာ များပြားပြီး များသောအားဖြင့် ဘာသာစကား တစ်မျိုးနဲ့ တစ်မျိုး မတူကြပါဘူး။
ဒီဒေသမှာ ရှိတဲ့ ကွဲပြားတဲ့ နာဂမျိုးနွယ်စုတွေကို နှစ်တိုင်း ကျင်းပတဲ့ ရိုးရာ နှစ်သစ်ပွဲမှာ တစ်စုတစ်ဝေး တွေ့မြင်ရပါတယ်။ ဒေသယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ အဆို၊ အကတွေကို ဝေဝေဆာဆာ မြင်ရတာမို့လို့ နိုင်ငံတဝှမ်းက ဧည့်သည်တွေ အများအပြားကို ဆွဲဆောင်နိုင်တဲ့ အပြင် နိုင်ငံသားတွေ လာလည်လို့ ရတဲ့ ရှားရှားပါးပါး အချိန်လည်း ဖြစ်ပါတယ်။ နာဂတွေကို တိရစ္ဆာန်တွေရဲ့ သားရေတွေ၊ အခွံတွေနဲ့ အမွေးတွေနဲ့ ပြုလုပ်ထားတဲ့ သူတို့ရဲ့ အကောင်းဆုံး ရိုးရာဓလေ့ ဝတ်စုံတွေနဲ့ တွေ့ရတဲ့ အချိန်ပါပဲ။ ကျွန်မတို့ရဲ့ ပထမဆုံး ခရီး အတွက်ကို ဒီ နှစ်စဉ်ရိုးရာပွဲ မရှိချိန်မှာ သာမန်လူတွေရဲ့ နိစ္စဓူဝ အခြေအနေတွေကို မှတ်တမ်း တင်လိုတာမို့ ပွဲလမ်း မရှိတဲ့ ရာသီမှာ သွားဖြစ်ခဲ့ပါတယ်။
နာဂဒေသတွေ ဖြစ်တဲ့ လဟယ်၊ နန်းယွန်းနဲ့ လေရှီး မြို့နယ်တွေမှာ လူဦးရေ စုစုပေါင်း ၆၂၇၆၆ ဦး ရှိပြီး ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ် အောက်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ အသက်ကြီးလာတာ မလွယ်ပါဘူး။ တစ်နိုင်ငံလုံးမှာ အသက် ၆၅ နှစ်နဲ့ အထက် လူဦးရေဟာ ၆ ရာခိုင်နှုန်းရှိပေမယ့် နာဂဒေသမှာတော့ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။
အုပ်ချုပ်သူတွေက နှစ်ရှည်လများ ဒေသရဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုပြီး ဂရုမစိုက်ခဲ့တာတွေကြောင့် ဒီလို ဝေးလံတဲ့ နေရာတွေမှာ နေတဲ့ နာဂလူမျိုးတွေဟာ ကျန်းမာရေးနဲ့ ပညာရေး လုံလုံလောက်လောက် မရပါဘူး။
မြန်မာနိုင်ငံ တဝှမ်းလုံးနဲ့ ယှဉ်ရင် စာတတ်မှု ကလည်း ပိုပြီးလျော့နည်းနေတာကို တွေ့ရပါတယ်။ နာဂဒေသတစ်ခုလုံးမှာ နေတဲ့ အသက် ၁၅ နှစ်ကျော် အုပ်စုထဲမှာ ၃၃ ရာခိုင်နှုန်းကသာ စာရေးတတ်၊ ဖတ်တတ်ပြီး ကျေးရွာတွေများတဲ့ လဟယ် မြို့နယ်မှာဆို ဒီရာခိုင်နှုန်းဟာ ၂၀ အထိဆင်းသွားပါတယ်။ တစ်နိုင်ငံလုံးရဲ့ စာတတ်မှုက ၈၉ ဒသမ ၅ ရာခိုင်နှုန်းတောင် ရှိပါတယ်။
အသက်ကြီးသူတွေ ကြားထဲမှာ တရားဝင် ကျောင်းတက် ပညာသင်ခဲ့ရတာ ပိုပြီးနည်းပါတယ်။ အံ့သြဖွယ်ရာ အချက်အလက် ကတော့ နာဂဒေသတစ်ခုလုံးမှာ အသက် ၂၅ နှစ် အထက်တွေရဲ့ ရ၂ ရာခိုင်နှုန်းဟာ ကျောင်းအတန်း တစ်တန်းမှ မအောင်ခဲ့ဘူး ဆိုတာပါပဲ။
ကျား၊ မ ကွားခြားချက်တွေကလည်း အတော်လေး သိသာပါတယ်။ ၂၀၁၄ ခုနှစ်မှာ လဟယ်မြို့နယ်မှာ ရှိတဲ့ အမျိုးသား လေးပုံတစ်ပုံဟာ စာတတ်တယ် လို့ မှတ်သားထားပေမယ့် အမျိုးသမီးတွေထဲမှာတော့ စာတတ်သူက ၁၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သူတို့ ငယ်ငယ်တုန်းက မိဘတွေက ကျောင်းတက် မခိုင်းခဲ့ဘူးလို့ ကျွန်မတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အဖွားတချို့က ဝမ်းနည်းစွာ ပြန်ပြီး ပြောပြခဲ့ပြီး သူတို့ရဲ့ သမီးမြေး မိန်းကလေးတွေကို စာတတ်အောင် အားပေးကြပါတယ်။
နောက်စိန်ခေါ်မှု တစ်ရပ်ကတော့ ဘာသာစကားပါပဲ။ ဒီဒေသတွေမှာ သုံးစွဲကြတဲ့ နာဂစကားတွေဟာ ကျောင်းမှာ မသင်ရ ပါဘူး။ တိုင်းရင်းသားဒေသတွေမှာ သူတို့ရဲ့ ဘာသာစကားတွေကို မသင်ဘဲ မြန်မာဘာသာကိုသာ သင်တဲ့ အတွက် အစိုးရ သင်ရိုးညွှန်းတမ်းဟာ ဝေဖန်ခံရမှုတွေ မနည်းတော့ပါဘူး။ နာဂဘာသာစကားတွေဟာ သူတို့ လူမှု အသိုင်းအဝိုင်း အတွက် အလွန်ပဲ အရေးပါတဲ့ နှုတ်အပြော (ပါးစပ်စကား) အစဉ်အလာတွေ ပါ။ နောက်ပိုင်း နှစ်တွေမှာတော့ ဒီဘာသာ စကားတွေနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ နှုတ်ပြောတင် မဟုတ်ဘဲ စာအဖြစ်နဲ့ပါ ရေးလို့ ရအောင် စတင် ကြိုးပမ်းလာ ကြပါတယ်။