ဘဝ၏ချည်ထည်များ

ဘဝ၏ချည်ထည်များ

ဟားခါး၊ ချင်းပြည်နယ်

စောင်းကြိုးလေးတွေလို ဖြစ်နေတဲ့ အပ်ချည်မျှင်တွေရဲ့အပေါ်မှာ မ Dawt Kheng ရဲ့ လက်ချောင်းကလေးတွေဟာ လျင်မြန်စွာ လှုပ်ရှားပြေးလွှား သွားလာနေကြတာက အလွန်ကို ကြည့်လို့ကောင်းပါတယ်။ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ခါးချည့်အောင် ထိုင်ပြီးမှ ပေါ်လာတဲ့ လှပရှုပ်ထွေးတဲ့ မ Dawt Kheng ရဲ့ ရိုးရာဒီဇိုင်းတွေဟာ ဝေးလံခေါင်ဖျားတဲ့ တောင်တန်းပေါ်က အိမ်ကလေးကနေ အမေရိကားမှာရှိတဲ့ ဖောက်သည်ဆည်ကို ရောက်သွားမှာပါ။ စျေးသည်ရော၊ ဖောက်သည်ရော ချင်းလူမျိုးတွေ ဖြစ်ပေမယ့် သူတို့တွေရဲ့ ဘဝတွေကတော့ အလွန်ပဲ ကွာခြားလှပါတယ်။ 

သူ့ရဲ့ အထည်တွေဟာ လူကြိုက်များလွန်းလို့ နှစ်နဲ့ ချီပြီးတော့ စောင့်ရပါတယ်။ မိသားစုရဲ့ နွမ်းပါးတဲ့ အခြေအနေ ကြောင့် မ Dawt Kheng ဟာ သူအနှစ်ခြိုက်ဆုံး ဒီဇိုင်းတွေကို သူကိုယ်တိုင် ဝတ်ဖို့ မချုပ်နိုင်ဘဲ တန်ဖိုးထားရတဲ့ အထည်တွေ အကုန်လုံးကို ရောင်းနေရပါတယ်။ 

ဆင်းရဲမွဲတေမှု၊ စစ်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ဘာသာရေး လူနည်းစုတွေကို နှိပ်စက်ချုပ်ချယ်မှုတွေကြောင့် ချင်းလူမျိုး ထောင်နဲ့ သောင်းနဲ့ ချီပြီး အခြား နိုင်ငံတွေမှာ ခိုလှုံခဲ့ကြပါတယ်။ များသောအားဖြင့်တော့ အမေရိကားကို သွားကြပါတယ်။ ချင်းလူမျိုး အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပြီး မြန်မာနိုင်ငံကို အုပ်ချုပ်သူတွေကတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ 

ပြည်ပရောက်ပြီး မွေးရပ်မြေက အိမ်ကို လွမ်းတဲ့ ချင်းလူမျိုးတွေ အတွက်ကတော့ ချင်းအထည်တွေဟာ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်လို့ လွယ်ကူတဲ့၊ ချင်းရိုးရာကို ကိုယ်စားပြုတဲ့ အရာတွေပါပဲ။ ပုဝါတွေ၊ အခင်းတွေ၊ မင်္ဂလာဆောင် အဝတ်အစားတွေကို ကမ္ဘာဟိုဘက် အခြမ်းကနေ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ တဆင့်အသိတွေကနေ မှာယူ တတ်ကြပါတယ်။ အခုခေတ်မှာတော့ ဖေ့စ်ဘုတ်ကနေလည်း ဝယ်နေကြပါပြီ။ 

ဒီအော်ဒါတွေဟာ နောက်ဆုံးတော့ မ Dawt Kheng ရဲ့ တောင်ပေါ်က သစ်သားအိမ်ကလေးဆီကို ရောက်လာပါတော့တယ်။ သူ့အိမ်ကလေးဟာ ချင်းပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ ဟားခါးမြို့ကို အပေါ်စီးက မြင်နေရတဲ့ တောင်ကုန်းလေးထိပ်မှာ ရှိပါတယ်။ မြေပြိုတာတွေနဲ့ အခြား သဘာဝ အခြေအနေတွေကို ကြံ့ကြံ့ခံပြီး တောင်ပေါ်မှာ ကုတ်ကတ်နေတဲ့ ဒီအိမ် ကလေးတွေဟာ စိမ်းလန်းစိုပြေတဲ့ ဥယျာဉ်ခြံကလေးတွေ ရှိကြပါတယ်။ အိမ်အများအပြားမှာ ရှိတတ်တဲ့ ဗိုက်ပူပူနဲ့ ဝက်မဲတွေက အိမ်တွေရဲ့ အစောင့်အရှောက်ပေါ့။ 

ဟားခါးကို ရောက်ဖို့ ကွေ့ကောက်တဲ့ လမ်းတစ်လမ်း ပဲ ရှိပြီး ဟားခါးမှာနေတဲ့ လူတွေဟာ မြေပြိုတာတွေကို မကြာခဏ ခံရပါတယ်။

မ Dawt Kheng ဟာ ဟားခါးဇာတိ မဟုတ်ပါဘူး။ ပထမအမျိုးသား ဆုံးသွားပြီးတဲ့ အခါမှာ ကလေးတွေ ပညာရေးအတွက် မြို့ကို လွန်ခဲ့တဲ့ ၁၈ နှစ် လောက်က ပြောင်းလာတာပါ။ အခုတော့ သားသမီး ၅ ယောက်တောင် ရှိနေပါပြီ။ အငယ်ဆုံး ကတော့ အဆော့သန်တဲ့ ၆ နှစ် အရွယ်သားလေးပါ။ ကျွန်မတို့နဲ့ စကားပြောနေတဲ့ တချိန်လုံး သူ့အမေ လက်အောက်က ရောင်စုံချည်တွေ ကြားထဲကို ငုံ့ဝင်ပြီးကစားလို့ မဆုံးအောင်ပျော်နေခဲ့ပါတယ်။ 

ချည်တွေကြားမှာ ဆော့နေတဲ့ မ Dawt Kheng ရဲ့ သားအငယ်

“ရွာမှာက ပထမအမျိုးသားက ဆုံးသွားတယ်။ ကလေး ၂ ယောက်နဲ့ ကျန်ခဲ့တယ်။ မုဆိုးမ ဘဝနဲ့ ဒီကို ပြောင်းလာခဲ့ ပြီးတော့ ဒီမှာ အိမ်ကလေး ငှားပြီးတော့မှ နေရင်းနဲ့ ဒီအမျိုးသားနဲ့ တွေ့တာ။ အခုအမျိုးသားနဲ့ ကလေး ၃ ယောက် ရတယ်” 

“ဟားခါး ပြောင်းလာရတဲ့ အကြောင်းရင်းက သားသမီးကျောင်းတက်ဖို့၊ ကျောင်းဆက်ထားဖို့ ပြောင်းလာတာ။ ရွာမှာက ၄ တန်းအထိပဲ ထားလို့ရတယ်” 

တဖြည်းဖြည်းနဲ့ ကြီးထွားလာတဲ့ မိသားစုကလေး အတွက်ကတော့ သူ့ရဲ့ အထည်တွေဟာ အသက်သွေးကြော တစ်မျှင်လို ဖြစ်ခဲ့ရပါတယ်။ 

“အဓိကက ကျွန်မ ရက်ကန်းကရတဲ့ ဝင်ငွေနဲ့ပဲ နေရတယ်။ အဲဒီတုန်းက အမျိုးသားရဲ့ လစာက ၉၀၀ ပဲ ရတာ။ တစ်ခါစျေးသွားရင် ကုန်ရော။ အဲဒီတော့ ရက်ကန်းရက်တဲ့ ငွေနဲ့ပဲ ကျွန်မတို့ မိသားစုရပ်တည်ခဲ့ရတာ” 

“ကျွန်မ လက်ရာက ကောင်းတော့ ရောင်းဖို့ ဆိုပြီး အမြဲတမ်း မလုပ်ရဘူး။ အော်ဒါတွေနဲ့ပဲ အမြဲတမ်းရက်ရတယ်။ အဲဒီတုန်းက ဆိုရင် ရိုးရာ ထမီ တစ်ထည်က ၁၅၀၀ ဆိုရင် ကျွန်မကို ၂၀၀၀ ပေးပြီး ရက်ခိုင်းကြတယ်။ ကျွန်မရဲ့ လက်ရာကို ကြိုက်ကြလို့”

“တစ်ခါတစ်လေ ၁ ရက်ကို ၁၀ နာရီလည်း ရက်တယ်။ အရင်က မနက်ကို ၈ နာရီ မိုးလင်းတာကနေ စပြီး ညအထိ ရက်တယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် လုပ်တာကြာလာတော့ သူ့ကျန်းမာရေးကို ထိခိုက်လာပြီး အကြာကြီး ငြိမ်ငြိမ် ထိုင်နေဖို့ ပိုပြီးခက်ခဲလာပါတယ်။ 

“ကျွန်မ ကိုယ်တိုင်ကလည်း (ရက်ကန်းရက်တာကို) အရမ်းကြိုက်တယ်။ အခုထိ ကြိုက်တုန်းပဲ။ ရက်လေလေ ပိုကြိုက်လေလေ ပဲ”

မိသားစုကို ထောက်ပံ့ဖို့ တစ်နေ့ကို ၁၀ နာရီ ရက်ကန်းရက် ခဲ့ ပေမယ့် ဒါတွေက သူ့ရဲ့ ကျန်းမာရေးကို ထိခိုက်ခဲ့ပါတယ်။

ချင်းရိုးရာ အထည်တစ်ထည်ကို ပြီးမြောက်ဖို့ လနဲ့ချီပြီး ရက်ရပါတယ်။

ပြီးလို့ရှိရင် ပိုက်ဆံရတော့ မြန်မြန်ပြီးချင်တဲ့ ဇောရှိတယ် ပေါ့နော်။ ပြီးတော့ ကျွန်မကို လာပြီးတော့ ရက်ခိုင်းတဲ့ သူကိုလည်း သနားတယ်” 

“ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ လက်ရာကို လိုချင်လွန်းလို့ ဆိုပြီးတော့ တချို့ကျလည်း ၁ နှစ် ၂ နှစ်လည်း စောင့်ကြတယ်။ စောင့်ပြီးတော့ ကျွန်မမှကျွန်မ ဆိုတော့ သူတို့တွေကို စဉ်းစားပေး ပြီးတော့ပေါ့နော်။ အမြဲတမ်း ရက်ဖြစ်တယ်။ အခုထိ” 

“ကျွန်မ ကြိုက်တာက ဒီ thihni fang kua ပုံစံကို အရမ်းကြိုက်တာ။ ကျွန်မ အတွက်တောင်မှ ကျွန်မ ရက်ချင်တယ်။ ဒါပေမယ့် မရက်နိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါ တစ်ထည် အတွက်ကို ၄ သိန်းနဲ့ ကျွန်မ order လက်ခံ တယ်။ နိုင်ငံခြားမှာ နေတဲ့ သူတွေက ကျွန်မဆီက ခဏခဏ မှာတယ်။ သူများတွေ အတွက် ကျွန်မ အမြဲတမ်း ရက်ပေးတယ်။ အဲဒါလေးကို ကျွန်မ အကြိုက်ဆုံး တဲ့။ ကျွန်မ အတွက် ကျွန်မ မရက်နိုင်ဘူး၊ ကြာလို့” 

“အဲဒါကို ရက်မယ် ဆိုရင် ၃၊ ၄ လ လောက် ကြာတဲ့ အခါကျတော့ အဲဒီကြား ကာလမှာပေါ့ နော်… ကျွန်မတို့ စားဝတ်နေရေး အတွက် စဉ်းစားရင်းနဲ့ ကျွန်မအတွက် ကျွန်မ မရက်ဖြစ်ဘူး။ မဖြစ်နိုင်ဘူးပေါ့ နော်” 

“သူကလေ pattern မှာက နာမည်နာမည် တစ်ခု တစ်ခုစီ ရှိတယ်။ ဥပမာ ဆိုရင် Arpi farual ဆိုရင် ကြက်မိသားစု ပေါ့။ Cengkarh ဆိုလို့ရှိရင် ကြက်ခြေခတ်ပုံစံ အေ၊ အဲလိုမျိုး ၃၊ ၄ မျိုးလောက်ရှိတယ်” 

မ Dawt Kheng မှာ သူတန်ဖိုးထားတဲ့၊ ကိုယ်တိုင်ရက်ထားတဲ့ အထည်တစ်ချို့တော့ ရှိပါတယ်။ 

“ကျွန်မက ကျွန်မရဲ့ ချင်းရိုးရာဝတ်စုံတွေကို အကြိုက်ဆုံးပဲပေါ့ နော်၊ ဒီချင်းရိုးရာဝတ်စုံကို ကျွန်မ အရမ်းတန်ဖိုးထား တယ်။ ရိုးရိုးဝမ်းဆက်ကလေးပဲ” 

ချင်းဒိဇိုင်းတွေဟာ အမျိုးစုံရှိပါတယ်။

တစ်နေ့နေ့မှာတော့ သူအရမ်းနှစ်သက်တဲ့ ဒီဇိုင်းကို သူ့ကိုယ်သူအတွက် ရက်နိုင်ဖို့ အခွင့်အလမ်း ရမယ် ထင်ပါတယ်။

“ကျန်းမာရေးကို ထိခိုက်လို့ အရင်တုန်းကလို မရက်နိုင်တော့ဘူး” 

“အဓိကက အာရုံကြောကို (ထိတာပေါ့)။ ဒီမှာက ထောက်လျှောက် အမြဲငုံ့ကြည့် ရတယ်။ ပြီးတော့ ငုံ့ကြည့်ရတော့ ဒီနားက (လည်ပင်း) ရိုးတွင်းချဉ်ဆီက သိပ်မကောင်းတော့ဘူး” 

“အရင်တုန်းကဆို ရိုးရာထမီ တစ်ထည်ကို ၁ လ နဲ့ ပြီးတယ်။ အခုဆို ၂ လ၊ ၃ လ မှ ပြီးနိုင်တော့တယ်။ အကွက်တွေ အရမ်းများတာကိုး။ ထိုးရတာတွေ အကွက်ဖော်ရတာတွေ အရမ်းများတာကိုး။ အဲဒါကြောင့် ကြာတယ်” 

“ကျန်းမာနေသရွေ့တော့ ကျွန်မ ရက်ချင်ပါတယ်” 

“ရက်နေရတာကိုပဲ ပျော်နေတာ။ ဘာလို့ ကြိုက်မှန်းတော့ မသိဘူး၊ ပိုက်ဆံရလို့ပဲ ကြိုက်တာလား မသိဘူး” 

“ကျွန်မ ရက်နေရင်းနဲ့ ဘယ်လိုခံစားရလဲဆိုတော့ ကျွန်မအတတ်နိုင်ဆုံး ယက်နေရင်းနဲ့ ကျွန်မရဲ့ လက်ရာ အကောင်းဆုံး ဖြစ်အောင် ဘယ်လို ရက်မလဲ။ အဲဒီပေါ်မှာလူတွေက ဘယ်လို ပြန်ပြီးတော့ချီးကျူးကြမလဲ ဆိုတာကို ကျွန်မစဉ်းစားပြီးတော့ပေါ့နော်။ ကျွန်မအားတက်တယ်။ ဆိုတော့ အဲဒါလေးတွေ ကြောင့်လည်း ကျွန်မ အရမ်း ကြိုက်တယ်”

(နိုဝင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)