စစ်တွေရဲ့ အမွေ

စစ်တွေရဲ့ အမွေ

သံဖြူဇရပ်၊ မွန်ပြည်နယ်

ကိုမင်းလတ်ဟာ မွန်အမျိုးသားရေး လှုပ်ရှားသူဘဝ ကနေ မှောင်ခိုကုန်သည် ဖြစ်သွားသူ တစ်ဦးရဲ့ သားပါ။ သူ့အဖေဟာ သူ ငယ်ငယ်ကလေးမှာပဲ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့ပြီး သူ့တစ်သက်လုံးနီးပါးမှာ သေဆုံးသွားပြီ ဖြစ်တဲ့ သူတွေရဲ့ ဘဝ အပိုင်းအစတွေကို ပြန်လည် ပေါင်းစည်း ဆက်စပ်ပေးရင်းနဲ့ အချိန်တွေကို ကုန်လွန်ခဲ့ပါတယ်။

သူ့ရဲ့ နောက်ဆုံး ကြိုးစားမှုကတော့ ကမ္ဘာတဝှမ်း မကောင်းသတင်း ကျော်ကြားခဲ့တဲ့ သံဖြူဇရပ်မှာ ရှိတဲ့ ဒုတိယ ကမ္ဘာစစ်တုန်းက သေမင်းတမန် ရထားလမ်း ဖောက်လုပ်တဲ့ အကြောင်း သမိုင်း ပြတိုက်ပါ။ ဒီသမိုင်းနဲ့ ပတ်သက်လို့ ဒါဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ခေတ်သစ် ပြတိုက်လည်း ဖြစ်ပါတယ်။ ခွန်အား အပြည့်နဲ့ နိုင်ငံရေးသမား ကိုမင်းလတ်ဟာ ပြတိုက်ဝင်းထဲက အရိပ်တွေ မိုးနေတဲ့ ပန်းခြံလေးထဲမှာ ထိုင်ရင်း ဒီဝေးလံတဲ့ နယ်စပ်မြို့ သံဖြူဇရပ်ကို သာယာဝပြော လာအောင် လုပ်ချင်ကြောင်း ပြောပြပါတယ်။ 

မွန်ပြည်နယ်က ဒီဒေသဟာ စစ်အစိုးရ လက်အောက်မှာ ဆယ်စုနှစ်များစွာ သီးခြား ခွဲထုတ်ခြင်း ခံခဲ့ရပြီး စစ်တပ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို လိုလားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကြားက စစ်ပွဲတွေကြားက မြေစာပင်လည်း ဖြစ်ခဲ့ရပါတယ်။ ထိုင်းဘက် အခြမ်းမှာကတော့ ဒီဘက်နဲ့ လုံးဝမတူဘဲ စစ်တပ်နဲ့ ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းတွေက ၀င်ငွေ ပေါပေါလျှံလျှံ ဝင်နေပါတယ်။ 

ဆောင်းတွင်း ဆိုပေမယ့် နွေးထွေးတဲ့ နေ့လယ်ခင်း တစ်ခုမှာတော့ ပြတိုက်အသစ်ကို လာတဲ့ ခရီးသွားတွေဟာ ဆယ်လ်ဖီတွေ ရိုက်ဖို့ ဟန်တွေ ထုတ်နေကြပါတယ်။ တချို့ကလည်း ဂျပန်စစ်သားတွေနဲ့ ပြင်းပြင်းထန်ထန် နာကျင် ခံစားနေတဲ့ ပုံစံနဲ့ ကြုံလှီနေတဲ့ ကိုယ်ခန္ဓာနဲ့ ဒေသခံ အလုပ်သမားတွေရဲ့ ပုံတွေဖော်ထားတဲ့ လူပုံစံအရုပ်တွေကို ကျော်ဖြတ်ပြီး ရထားလမ်းသံပေါ်မှာ ဂဟေဆက်သလို ဆက်စပ်ထားတဲ့ ရေနွေးငွေ့အင်ဂျင်နဲ့ ရထားတွဲနားမှာ လမ်းလျှောက်လို့ ပေါ့။ 

ဒီရထားလမ်းဟာ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်လာတဲ့ ဂျပန်စစ်တပ်ကို စစ်ကူအားဖြည့်ဖို့ ဖမ်းမိထားတဲ့ မဟာမိတ် တပ်သားတွေနဲ့ ဒေသခံ စစ်မှုထမ်းတွေရဲ့ အင်အားတွေနဲ့ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ ဆောက်လုပ်တာ ပါ။ ပူပြင်းတဲ့ နေရောင်အောက်မှာ အခြေခံအဆင့်ပဲ ရှိတဲ့ ကိရိယာတွေကို သုံးပြီး ခြင်တွေနဲ့ ပြည့်နှက်နေတဲ့ ထူထပ်တဲ့ တောကြီးမျက်မည်းထဲက ကျောက်တောင် တွေကို ၁ နှစ်ကျော်ကျော် လေးမှာပဲ ၄၂၄ ကီလိုမီတာ ဖောက်လုပ်နိုင်ခဲ့ ပါတယ်။ ရထားလမ်း ပြီးဆုံးသွားတဲ့ ၁၉၄၃ ခုနှစ် ဒီဇင်ဘာလမှာတော့ ဒီဆောက်လုပ်ရေး စီမံကိန်းကြီးဟာ အာရှတဝိုက်က လူ ၈ သောင်းကနေ ၁ သိန်းနီးပါး ရဲ့ အသက်ကို ဝါးမြိုခဲ့ပြီးပါပြီ။ စစ်အကျဉ်းသား ၁၃၀၀၀ လည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ 

ဒီပြတိုက်ဟာ စစ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို အသိပညာ ပေးဖို့ရယ်၊ ဒေသခံဒုက္ခသည် တွေရဲ့ ခံစားရတဲ့ အနေအထား အချက်အလက်တွေကို ပိုပြီး ထုတ်ဖော်နိုင်ဖို့ ကြိုးစားလုပ်ကိုင်ထားတာ လို့ ဆိုပါတယ်။ 

သူ့ကို အခုအချိန်ထိ ဆက်လက်ပြီး ဖမ်းစားထားတာကတော့ ပျောက်သွားတဲ့ သူ့အဖေရဲ့ အမွေအနှစ်တွေ ပါပဲ။ 

မွန်ပြည်နယ်ရဲ့ ဒေသ အများအပြားဟာ စစ်အစိုးရရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာ သီးခြား ခွဲထုတ်ခြင်း ခံခဲ့ရပါတယ်

“(အဖေ့အကြောင်းကို) တလျှောက်လုံး သိလာတယ် လို့ပဲ ပြောလို့ရတယ်။ အဖေက အနုပညာလည်း ဆန်တယ်၊ တယောထိုးတယ်၊ ကဗျာတွေ ဘာတွေ ရေးတယ်။ တစ်ဖက်မှာလည်း သူဟာ ပျော့ပြောင်းတာတွေလည်း ရှိသလို တပြိုင်တည်းမှာပဲ အလျှော့ မပေးတတ်တဲ့ စရိုက်တော့ ရှိတယ်”

 “အဖေမရှိတော့ပေမယ့် သူ့အသိုင်းဝိုင်းတွေ၊ ပတ်ဝန်းကျင်တွေက ပုံမှန် ဝင်ထွက်သွားလာကြတယ်။ အခုချိန်ထိ ရွာထဲ ပြန်သွားရင် အဖေ့ကို အမွတ်လို့ ခေါ်တာကိုး၊ မျက်စိနည်းနည်း ပြူးတယ် ပေါ့။ မျက်ပြူးပေါ့ဗျာ... ဗမာလို ပြောရင်တော့၊ မွန်လိုဆို မွတ်ပေါ့။ အမွတ်က ဘယ်လိုကောင်ပေါ့။ အမွတ်က ဘာပေါ့” 

 “အဓိက တောခိုဖြစ်ရတဲ့ အကြောင်းရင်းကလဲ ရွာမှာ မွန် အမျိုးသားနေ့ လုပ်တော့ မွန်အလံကို အပေါ်တင်တယ်။ မြန်မာနိုင်ငံ အလံကို တဆင့်နှိမ့်ပြီး ထားတယ်။ အဲဒါနဲ့ ဝိုင်းဖမ်းလို့ တောခို သွားတာပေါ့လေ။ အမှန်တကယ်တော့ ကျွန်တော် မမွေးသေးဘူး။ သူ့ဒိုင်ယာရီက တလျှောက်လုံး ရှိနေခဲ့တာကိုး။ ၁ နှစ်ပြီး ၁ နှစ် ကျွန်တော် ဖတ်သွားတယ်။ ရ၁  မှာ အဲဒါဖြစ်တာ”  

ကိုမင်းလတ်ရဲ့ ဖေဖေဟာ မြန်မာနိုင်ငံရဲ့ အဲဒီတုန်းက အုပ်ချုပ်သူဖြစ်တဲ့ စစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ မွန်ပြည်သစ် ပါတီကို ဝင်ခဲ့ပါတယ်။ 

အိမ်ထောင်ကျပြီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားတဲ့ ထိုင်းနိုင်ငံနဲ့ နယ်စပ်က တောတောင်ထူပြီး ကြမ်းတမ်းတဲ့ ဒေသမှာ အခြေချခဲ့ပါတယ်။ သူ့အမျိုးသမီး ကိုမင်းလတ်ရဲ့ ကိုယ်ဝန် ရလာတော့ ရွာကို ပြန်လာခဲ့ပါတယ်။ သားမွေးတဲ့ အခါမှာတော့ ကလေးကို တွေ့ချင်ဇောနဲ့ စွန့်စားပြီး သူ့မိန်းမ ရှိရာကိုလိုက်လာခဲ့ပါတယ်။ 

“ရွာထဲမှာ တိုက်ပွဲတွေ ဘာတွေ ဖြစ်ပြီးတော့ တိုတိုပြောရရင် ဖမ်းမိသွားတာပေါ့။ ထောင်ကျတယ်။ လွတ်တာတော့ ကျွန်တော် ကျောင်းနေတဲ့ အရွယ်ရောက်ပြီ” လို့ ကိုမင်းလတ်က ရင်နင့်စဖွယ် ဆိုပါတယ်။ 

ထောင် ၁၀ နှစ် ကျတာကို သူ့အဖေက အယူခံဝင် အပြီးမှာ ၁ နှစ် အထိ လျော့ချလိုက် ပါတယ်။ ဒါပေမယ့် ထောင်သက်တမ်းကို လုံးဝ ပယ်ချစေချင်တဲ့ ဆုံးဖြတ်ချက်ကြောင့် ၁၉၇၄ မှာ နောက်တစ်ခေါက် အယူခံ ထပ်ဝင်ပါတယ်။ ဒီအချိန်မှာတော့ သမ္မတဖြစ်တဲ့ ဦးနေဝင်းဆီကို ပါ။ ဒီမှာ သူ့အတွက် ကံမကောင်းဘဲ အယူခံ ရှုံးပြီး အာဏာပိုင်တွေက သူ့ ပြစ်ဒဏ်စီရင်ချက်မှာ ၂ နှစ် ထပ်တိုးလိုက်ပါတော့တယ်။ 

ထောင်က ထွက်လာတဲ့ အချိန်မှာတော့ ကိုမင်းလတ်ရဲ့ အဖေဟာ ထောင်ထဲမှာ သိခဲ့တဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ အလုပ်အကိုင်သစ် တစ်ခုကို ပြောင်းလုပ်ပါတယ်။ ဆိုရှယ်လစ် အစိုးရရဲ့ ချမှတ်ထားတဲ့ မူတွေကြောင့် ပစ္စည်းတွေ အလွန်ရှားပါးတဲ့ ခေတ်မှာ စီးပွားတိုးပွားလာနေတဲ့ မှောင်ခိုလှေတစ်စီးရဲ့ လူစုတွေနဲ့ ပူးပေါင်းပြီး မွန်ပြည်နယ်က ရာဘာတွေကို ယူပြီး မလေးရှားက ပီနန်ကျွန်းမှာ သွားရောင်း၊ အဲဒီငွေနဲ့ စစ်အစိုးရက ပိတ်ဆို့ထားတဲ့ နိုင်ငံခြားက ကုန်ပစ္စည်းတွေကို ပြန်သွင်းလာတဲ့ အလုပ်ပေါ့။ 

“အဲဒီခေတ်က Navy (ရေတပ်) ကိုလည်း ကြောက်ရတဲ့ အခါဆိုတော့ လှေထွက်တဲ့ ညဆိုလို့ရှိရင် မုန်တိုင်းရှိတယ်၊ လေကြမ်းတယ်၊ အဲလို အခြေနေမျိုးမှ ထွက်ကြတာ။ Navy က အဲအချိန်ဆို မထွက်တော့ဘူး” 

“သုံးခေါက်မြောက်မှာ ပျောက်သွားတယ်။ ဒီနေ့ ဒီချိန်ထိ လှေပျောက်တယ် လို့ပဲ ကျွန်တော်တို့ သတ်မှတ်တယ် ပေါ့လေ။ အရင်ခေတ် ကတော့ ဆက်သွယ်ရေးက ခက်တော့ ခုချိန်ထိ သေတယ်လို့တော့ မသတ်မှတ်ဘူး။ သို့သော် အခုချိန်အထိ ပြန်မတွေ့ဘူး။ နောက် ပင်လယ်ဓားပြလည်း ပေါတယ်လေ။ ဆိုတော့ မုန်တိုင်းကြောင့်လား၊ ပင်လယ်ဓားပြကြောင့်လား၊ ဘယ်သူမှ မသိဘူးလေ” 

“တချို့ အဖြစ်ပျက်တွေတော့ မှတ်မိနေသေးတာ ပေါ့။ ဥပမာ ပြန်လာရင် ကစားစရာတွေ ဝယ်လာတာတွေ၊ မိသားစု မုန့်ပုံးတွေ သူဝယ်လာတယ် ပေါ့။ ဒီဒေသမှာ ဆိုရင် အဲဒီခေတ် အဲဒီအခါ မိသားစု မုန့်ပုံးစားနိုင်တာ၊ အဲဒါလေးတွေတော့ မှတ်မိတယ်” 

၁၉၉၀ လွန်နှစ်လယ် ခေတ်တွေ အထိ ရှိခဲ့တဲ့ မလေးရှားနဲ့ နောက်စင်္ကာပူကို ရောက်တဲ့ တရားမဝင် ကုန်သွယ် လမ်းကြောင်းတွေဟာ မြန်မာနိုင်ငံက သာမာန်ပြည်သူတွေ အတွက်တော့ သွေးကြောတစ်မျှင်လိုပါပဲ

အသက်ကြီးလာတာနဲ့ အမျှ ကိုမင်းလတ်ဟာ နိုင်ငံရေးမှာ စိတ်ဝင်စားလာပါတယ်။ 

“ဗီဇက ပါတာလား၊ မျိုးရိုး လိုက်တာလား မသိဘူးပေါ့နော်” လို့ ဆိုပါတယ်။ “အဲဒီအချိန်မှာ စာဖတ်တာကို အမေက သိတဲ့ အခါကျတော့ ကျွန်တော့် အိပ်ခန်းမှာ သူက တစ်ခါတည်း စင်လုပ်ပြီး သူက စီစဉ်ပေးတယ်။ အဖေ ကျန်ခဲ့တဲ့ စာအုပ်တွေ အုပ်ရေ ရ၀၀ လောက် ရှိမယ်။ အဲဒီ သုတစွယ်စုံတို့ ဘာတို့မှာ၊ ငွေတာရီတို့မှာ ပါတဲ့ သတင်းတစ်ပုဒ်။ ဖောက်ကလန်စစ်ပွဲ ဖြစ်တော့ ရေဂင်နဲ့ သက်ချာနဲ့ စစ်သားတွေနဲ့ တွဲရိုက်ထားတာ ကျွန်တော် အခုထိ မျက်စိထဲမှာ မြင်သေးတယ်။ သက်ချာလည်း တော်တော်ချောတာလေ၊ ရေဂင်ကလည်း တော်တော်ချောတာ”  

“အမေကလည်း တောခိုခဲ့တယ်။ သူလည်း နိုင်ငံရေးသိပ္ပံတို့ ဘာတို့ညာတို့ တက်ခဲ့ရတယ် ဆိုတော့ သူက ပြောပြတတ်တယ်။ မွန်အမျိုးသားရေးက ဘယ်လိုပေါ့။ တိုင်းရင်းသားအရေးက ဘယ်လိုပေါ့” 

“သူတို့ခေတ်တုန်းကတဲ့...၊ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က အယူဝါဒတစ်ခုကို မကိုင်ဆွဲထားဘူး ဆိုလို့ရှိရင် ခဏလေးနဲ့ ဓားပြ ဖြစ်သွားတတ်တယ် တဲ့။ ပြီးတော့ အဲဒီခေတ် အဲဒီအခါတုန်းကလည်း ကိုင်ဆွဲစရာ ဆိုလို့ ကွန်မြူနစ်ဝါဒပဲ ရှိတယ်။ ဒီမိုကရေစီတို့ စျေးကွက်စီးပွားရေးတို့ သူတို့ လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အင်္ဂလိပ်ကိုလိုနီ လက်ထက်မှာ သူတို့ တွေ့ခဲ့တဲ့ အတွေ့အကြုံကြောင့်။ အဲဒါကြောင့် သူတို့ ကွန်မြူနစ်ဝါဒကို ကိုင်တယ်” 

“ကျွန်တော်တို့ လက်ထက်ကျ ကျွန်တော်က ဘာပြန်စဉ်းစားလဲ ဆိုတော့ ကျွန်တော် အဲဒီလောက်ထိလည်း မလုပ်နိုင်ဘူး။ အဲဒီလို အခြေနေလည်း မဟုတ်တော့ဘူး ကျွန်တော်ထင်တယ်။  ဒီတိုက်ပွဲဝင်ရတဲ့ အထိ ကျွန်တော် စိတ်အားထက်သန်မှု မရှိဘူး။ Elected နဲ့သွားတာပဲ” 

၂၀၁၂ မှာ မြန်မာနိုင်ငံဟာ ကြားဖြတ် ရွေးကောက်ပွဲကနေ တဆင့် အတိုက်အခံ အသံတွေကို ပါလီမန်ထဲရောက်အောင် အခွင့်အလမ်း ပေးခဲ့ပါတယ်။ ကိုမင်းလတ်ကတော့ စည်ပင်ရဲ့ ဥက္ကဋ္ဌအနေနဲ့ အရွေးကောက်ခံခဲ့ရပါတယ်။ 

“ဘာဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်တို့ အစိုးရအဖွဲ့တို့ မသွားလဲ လို့ ထပ်မေးစရာရှိတယ်။ ကျွန်တော် ယူဆတာက လွတ်လပ်ရေး ရကတည်းကနေ ဒီနေ့ဒီချိန်ထိ အများစု အုပ်ချုပ်ထားတာက တပ်နဲ့ တပ်ကနေ အရောင်ပြောင်းလာတဲ့ သူပဲ အုပ်ချုပ်တာ။ ကျွန်တော်တို့မှာလည်း အုပ်ချုပ်ရေး အတွေ့အကြုံ မရှိဘူး။ ဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး ယူနစ်ထဲမှာ အငယ်ဆုံး ဖြစ်တဲ့ မြို့နယ်အဆင့်မှာ ပေါ့။ အဲဒီမြို့နယ် တစ်မြို့နယ်မှာမှ ဌာနတစ်ခုကို လက်တွေ့ လုပ်ကိုင်ကြည့်တာဟာ ငါ့ရဲ့ စွမ်းဆောင်မှုတွေကို စမ်းသပ် စစ်ဆေးထားပြီး ဖြစ်သလို ငါ့အတွက် သင်ယူလေ့လာစရာ အကောင်းဆုံး အခွင့်ရေး တစ်ခုလည်း ဖြစ်မယ်။ ကိုယ်သင်ယူဖို့ အတွက်ရော၊ ခုနက အခြေအနေပေးတာလာတဲ့ အတွက်ကြောင့်ရော ဆိုတော့ အားလုံး စုပေါင်းပြီးတော့ ကျွန်တော်ဒီမှာ ဝင်အရွေးခံဖြစ်သွားတာ” 

၂ နှစ်လောက် ပြင်ဆင်ပြီးတော့ ပြတိုက်ကို ၂၀၁၆ ဇန်နဝါရီလ လွတ်လပ်ရေးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်

ပုဂ္ဂလိက စီးပွားဖက် တစ်ဦးနဲ့ ပူးပေါင်းပြီး တည်ထောင်ခဲ့တဲ့ ဒီ သေမင်းတမန်ပြတိုက်ဟာ သူ့ရဲ့ အဓိက စီမံကိန်းတစ်ခု ဖြစ်လာပါတော့တယ်။ 

ဒီ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ နှစ်ထပ်တိုက် အဆောက်အဦးရဲ့ အတွင်းမှာတော့ ပန်းချီကားတွေ၊ ထောက်ခံစာတွေနဲ့ အတူ သောင်းပြောင်းထွေလာ ပုံရိပ်တွေကိုလည်း တွေ့ရမှာပါ။ တချို့ပုံရိပ်တွေဟာ ဂျပန်စစ်ပြန်တွေက စစ်အစိုးရ လက်အောက် တုန်းက တည်ထောင်ခဲ့တိုက် ပြတိုက်တစ်ခုကို လှုခဲ့တဲ့ပုံတွေပါ။ 

“(ပြတိုက်ရဲ့) အဓိက ရည်ရွယ်ချက်က နံပတ်တစ် ဦးစားပေးက စစ်ရဲ့ အနိဋ္ဌာရုံပေါ့။ ဒါကို လူတွေသိပြီးတော့ စစ်ကို ရှောင်ရှားနိုင်ဖို့ပေါ့” 

“နောက်နံပါတ်နှစ် ရည်ရွယ်ချက်က ထိုင်းဘက်ခြမ်းက ဒါနဲ့ တော်တော်လေးကို သူ စီးပွားရှာနိုင်တယ်ပေါ့ နော်။ သံဖြူဇရပ်ရဲ့ အဓိက စီးပွားရေးက ရာဘာ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံးက ရာဘာစျေး အတော်ကျတဲ့အခါကျတော့ တခြား alternative စီးပွားရေး ဘာတစ်ခုမှ မရှိဘူး။ မရှိတော့ ဒီဥစ္စာရော ဒီသံဖြူဇရပ်မြို့နယ် တစ်မြို့နယ်လုံးရဲ့ စီးပွားရေး တစ်ခုပေါ့ နော်။ လူတွေ အတွက် လုပ်ငန်းကိုင်လမ်း အခွင့်အလမ်းတွေ ဖြစ်လာနိုင်လောက်တဲ့ လုပ်ငန်း ဆိုတော့ ဒါကတော့ ဒုတိယရည်ရွယ်ချက်ပေါ့”

ဒေသခံမိသားစုတွေ ပန်းခြံထဲမှာ လျှောက်သွားနေတာကို တွေ့ရတာကို ကိုမင်းလတ်က ဂုဏ်ယူပါတယ်

“မြန်မာနိုင်ငံမှာ museum တစ်ခုကို သွားရောက် လည်ပတ်ကြတယ် ဆိုတာ လုံးဝ culture မရှိဘူး။ ဒါသည် အကြီးဆုံး အောင်မြင်မှုလို့ ကျွန်တော်တို့ ဆိုလိုလို့ ရတယ်။ ဘာလို့လဲ ဆိုတော့ သံဖြူဇရပ်ကို လာတဲ့ ဧည့်သည် မှန်သမျှသည် သံဖြူဇရပ် museum ကို ရောက်တယ်။ အထူးသဖြင့် ရပ်ဝေးတွေ ပေါ့” 

“တပြိုင်တည်းမှာပဲ အဲလိုမျိုး ဖြစ်အောင်လည်း ကျွန်တော်တို့က ဘာစဉ်းစားရလဲ ဆိုတော့ ဒီဘက်ခေတ်က နည်းနည်း ပေါ့ပေါ့ပါးပါး ကြိုက်တယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ space တွေ အများကြီး ချန်တယ်။ သူ selfie ဆွဲချင်ဆွဲမယ်။ သူ check in လုပ်မယ်။ သူ facebook မှာ တင်မယ်။ အဲဒါကလည်း promotion တစ်မျိုးဖြစ်တယ်။ သူတင်တဲ့ အတွက်ကြောင့် လည်း နောက်လူတွေက ဟာ... တို့ သံဖြူဇရပ်သွားရင် အဲဒီကိုလည်း သွားမယ်ပေါ့ နော်။ အဲလိုမျိုးတွေလည်း  စဉ်းစားရ တာပေါ့” လို့ ဆိုပါတယ်။ 

ဒါပေမယ့် ပြတိုက်ကို နိုင်ငံတကာ အဆင့်မှီဖို့ အတွက် အလုပ်တွေ အများကြီး ဆက်လုပ်ဖို့ လိုသေးတယ် လို့ သူက ဝန်ခံပါတယ်။ သမိုင်းနဲ့ ပတ်သက်တဲ့ သုတေသနတွေပါ အပါအဝင်ပေါ့။ 

ဒီရထားလမ်းကို ဆောက်တာမှာ မြန်မာနိုင်ငံအပြင် အာရှတိုက်က အိမ်နီးချင်းနိုင်ငံတွေက အရပ်သားတွေ သောင်းနဲ့ချီပြီး သေဆုံးခဲ့ပါတယ်

ပြတိုက်နားက စစ်သချႋုင်းကို နှစ်ရှည်လများ လှပသန့်စင်အောင် Commonwealth War Graves Commission ဆိုတဲ့ ဓနသဟာယ စစ်သချႋင်းကော်မရှင်က ကြည့်ရှု စောင့်ရှောက်ပါတယ်။ ဒီကော်မရှင်ဆီမှာ ဒုတိယကမ္ဘာစစ်မှာ အသက်ဆုံးရှုံး သွားတဲ့ မဟာမိတ်စစ်သားတွေရဲ့ အချက်အလက်တွေ အပြည့်အစုံရှိတဲ့ ဒေတာဘေစ့် အကြီးကြီးရှိပါတယ်။ မြန်မာနိုင်ငံ ဘက်မှာတော့ ဒီလို ဒုက္ခများစွာ အခြေအနေကြားမှာ သေဆုံးသွားခဲ့တဲ့ ဒေသခံအလုပ်သမားတွေရဲ့ နောက်ကြောင်းကို လိုက်ဖို့ ဘာမှ မလုပ်ရသေးသလောက် ပါပဲ။ 

“ဒီဘက်မှာလည်း ကျွန်တော်တို့ အထူးသဖြင့် research archive တကယ်လည်း လုပ်သင့်တယ် ပေါ့နော်။ ဥပမာ မြန်မာ ဘက်ခြမ်းက ရှစ်သောင်းလောက် သေတယ် လို့ ပြောတယ်။ ကျွန်တော်တို့ နာမည်လည်းမသိဘူး၊ ဘယ်ဒေသကမှန်း လည်း မသိဘူး။ အဲဒီ Archive လုပ်တဲ့ဟာ တွေက အရေးကြီးတယ်” 

ဒုတိယကမ္ဘာစစ်ရဲ့ နောက်ဆုံးနှစ်တွေမှာ မဟာမိတ်တပ်တွေနဲ့ ဂျပန်တပ်တွေ အပြင်းအထန် တိုက်ခိုက်ကြတဲ့အခါမှာ မြန်မာနိုင်ငံက အဓိကကျတဲ့ စစ်မြေပြင် ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ လူတွေ အများအပြား သေဆုံးခဲ့ရုံတင် မကဘဲ ပျက်စီးဆုံးရှုံးမှုတွေ ကလည်း အနှံ့အပြားနဲ့ ဘယ်လောက်တောင် ဆိုးရွားခဲ့သလဲ ဆိုရင် စစ်ပြီးလို့ ဗြိတိသျှကိုလိုနီ လက်အောက်က လွတ်ပြီးတဲ့ နောက်ပိုင်းမှာတောင် ဒီ အဖြစ်အပျက်တွေဟာ နိုင်ငံကို ခြောက်လှန့်ခဲ့ပါတယ်။ 

သမိုင်းရဲ့ ဒီလို မှောင်မိုက်တဲ့ အချိန်ကို ပြန်ပြီး ဖော်ပြဖို့ ကြိုးစားတဲ့ အခါမှာ ကိုမင်းလတ်ဟာ ဒီအမွေအနှစ်တွေကို ဆက်လက်ပြီး နပန်းသတ်နေရဆဲပါ။ 

"ကျွန်တော်တို့ရဲ့ နဂိုမူလ ရည်မှန်းချက်က စစ်ရဲ့ အနိဋ္ဌာရုံပဲ။ ဘယ်သူ့ကိုမှ အပြစ် မမြင်ချင်ဘူး။ သူတို့ အချင်းချင်း ကြားမှာ ကျွန်တော်တို့က ပြသနာကို သွားဆွပေးတဲ့ လူမျိုး မဖြစ်စေချင်ဘူး” 

 

(ဒီဇင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)