လိုင်းနောင်အလှ

လိုင်းနောင်အလှ

လဟယ်၊ နာဂဒေသ၊ စစ်ကိုင်းတိုင်း

လဟယ်မြို့ရဲ့ စော်ဘွားဟောင်း တစ်ဦးရဲ့သမီးဖြစ်သူ အသက် ၆၀နီးပါးရှိပြီဖြစ်တဲ့ ဒေါ််ကြကွမ်းရဲ့ လှုပ်ရှားမှုတွေဟာ သိမ်မွေ့နူးညံ့ပြီး မိသားစုရဲ့ ဂုဏ်ကိုလည်း ဆောင်နေပါတယ်။ သူဟာ လဟယ်မြို့က တောင်ကုန်းလေးပေါ်မှာ ဆောက်ထားတဲ့ နှစ်ထပ်အိမ်လေးမှာ သူ့တူမရယ်၊ သူ့တူမ မိသားစုရယ်နဲ့ အတူတူ နေထိုင်ပါတယ်။ အိမ်ကနေ လှမ်းကြည့်လိုက်ရင် သက်ကယ်မိုးတွေနဲ့ ဆောက်ထားတဲ့ ရပ်ကွက်ဟောင်းက အိမ်ခေါင်မိုးတွေကို လှမ်းမြင်ရလေရဲ့။ မီးဖိုချောင်နားက အပင်ကြီးအောက်မှာ ထိုင်ရင်း သူငယ်ငယ်တုန်းကသာ ကျောင်းတက်ခွင့် ရခဲ့ရင် သူ့ရဲ့ ဘဝက ဘယ်လောက်များ ပြောင်းလဲသွားမလဲ ဆိုတာကို တွေးနေပါတယ်။

လူ့အဖွဲ့အစည်း အတွင်းမှာ အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍတွေဟာ တဖြည်းဖြည်း ပြောင်းလဲလာပြီး မျိုးဆက်တစ်ခုကနေ နောက်တစ်ခုမှာ ဘယ်လောက်တောင် ပြောင်းလဲသွားလဲ ဆိုတာကတော့ သူမတို့ မိသားစုအတွင်းမှာပါ မြင်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တွေ့ဆုံမေးမြန်းတာကို ဘာသာပြန်ပေးတဲ့ ဒေါ်ကြကွမ်းရဲ့ တူမဟာ ကျောင်းတက်ခွင့်ရပြီး သူနာပြုဆရာမ တစ်ယောက် ဖြစ်လာသူပါ။  

“ငယ်ငယ်တုန်းက ငြိမ်းလည်း မငြိမ်းချမ်းခဲ့ဘူး ဆိုတော့ တစ်အားလည်း ကြောက်ခဲ့တာပေါ့။ တအားလည်း ခက်ခဲတယ်။ သွားလာရတာ။ အဖွားတို့ ငယ်ငယ်တုန်းကတော့ တိုက်ပွဲတွေဘာတွေ မကြုံခဲ့ဘူး။ ဒါပေမယ့် အဖွားအိမ်ထောင်ပြုတဲ့ အချိန်မှာ တိုက်ပွဲတွေ ဘာတွေ ကြုံခဲ့ရတယ်။ ၂ ခါ၊ ၃ ခါလောက်။ အဲဒါ ထွက်ပြေးခဲ့ရတယ်”

“အဖွားတို့ ခေတ်တုန်းက ကျောင်းတွေ ရှိတယ်၊ ဒါပေမယ့် ကျောင်းမတက်ခဲ့ရဘူး။ အရင်တုန်းက မိန်းခလေးတွေက ကျောင်းမနေရဘူး။ အယူပေါ့။ မိဘတွေက ကျောင်းမထားဘူး ဆိုတော့ ကျောင်းလည်း မနေချင်ခဲ့ဘူး”

လဟယ်မြို့ပြင်တွင် အသစ်စက်စက်ဆောက်ထားသော အိမ်တဝိုက်ရှိ လယ်ကို ပြင်နေသော လယ်သမားနှင့် သူ၏ ကလေးများ

“အခုတော့ မိန်းခလေးတွေကို ကျောင်းထားကြတယ်။ အရင်ကလို မဟုတ်ဘူး။ မိန်းခလေး ကဏ္ဍတွေလည်း ပြောင်းလဲ သွားပြီ။ အရင်ကနဲ့ မတူတော့ဘူး။ ကြိုက်တယ်”

“အရင်တုန်းက တောင်ယာကလွဲလို့ ဘာမှ မလုပ်ခဲ့ဘူး”

သူမြတ်နိုးသော နာဂ ဆွဲကြိုးများနှင့် သူကိုယ်တိုင်ရက်ထားသော စောင်ကိုခြုံထားသည့် ဒေါ်ကြကွမ်း

“ဆွဲထားတဲ့ ဆွဲကြိုးတွေက အလှပဲ။ ရိုးရာဓလေ့ရဲ့ ဝတ်စားဆင်ယင်မှုပါပဲ။ (ဆွဲကြိုးတွေ မတူတာက) သူ့အမျိုးအစားနဲ့ ထွက်တာ။ လိုင်းနောင်လူမျိုး ဆိုရင် ဒီလိုဝတ်တာ။ တခြားနာဂဆိုရင် ပုတီးတွေ မတူဘူး၊ ကွဲတယ်။ ဆွဲကြိုး အဖြူလည်း ရှိတယ်၊ ဒါပေမယ့် နာဂတိုင်းနီးပါးမှာ (ဆွဲကြိုး) ရှိတယ်”

“(ဆွဲကြိုးမှာ ချိတ်ထားတဲ့) ချိတ် (ဂျိတ်) က တောင်ယာမှာ ဆူးတွေ ဘာတွေ စူးမိလို့ရှိရင် ထုတ်လို့ ရအောင်ထားတာ။ ဒီ ကလစ် ကတော့ နားချီးကလော်ဖို့ ထည့်ထားတာ”

“ဘယ်တုန်းက ဝယ်ထားတာလဲ မမှတ်မိတော့ဘူး။ ကြာလှပြီ။ အိန္ဒိယကနေ လာရောင်းတာ။ နယ်စပ်က ပေါ့။ ပိုက်ဆံနဲ့ လာရောင်းတယ်။ အစားအစာနဲ့ လဲပြီးလည်း ရောင်းတယ်”

“ဒါတွေက သေသွားရင်လည်း ကိုယ်နဲ့ပါသွားမှာ”

“ရိုးရာဓလေ့တွေ ပျောက် မသွားစေချင်ဘူး။ တိုးတက်လာ၊ လူများလာတော့ ပျောက်သွားမှာ စိုးရိမ်တယ်။ မပျောက်စေချင် ဘူး။ အားလုံး ဝိုင်းဝန်းပြီး ကိုယ့်ရဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းစေချင်တယ်။ ဥပမာ ဒီလိုမျိုး စောင်တွေ ဘာတွေ ဆိုရင် ပြန်ထွက် ပြန်ရက်စေချင်တယ်။ အရင်က ကိုယ်တိုင် ရက်တယ်။ အခုတော့ (အသက်ကြောင့်) မရက်တော့ဘူး

အနီးကပ်

“ဒီဆေးမှင်ကြောင်တွေ ထိုးတာ တစ်အားကြီး မကြာဘူး။ ဒီလိုပဲ ထိုးလိုက်တာ။ အဲဒီတုန်းက အသက် ဘယ်လောက်လဲ မမှတ်မိတော့ဘူး”

“(မေးက ဆေးမှင်ကြောင် ၆ ကြောင်း) က အယူအဆရယ်လို့တော့ မရှိဘူး။ ကြိုက်လို့ ထိုးတာ။ တချို့တွေကျတော့ ၇ ကြောင်း၊ ၅ ကြောင်း ရှိတယ်။ နဖူးကဟာက ပန်းပွင့်ပုံစံမျိုး လုပ်ထားတာ”

“အရင်တုန်းက ရှေးခေတ်တုန်းက ကျားတွေ ဘာတွေ ရရင် ယောင်္ကျားတွေက သူရဲကောင်းတွေ ဆိုပြီး ထိုးတဲ့ အချိန်မှာ အမျိုးသမီးတွေက လိုက်ပြီး ထိုးကြတာ။ ကျန်တဲ့ အချိန်မှာ ထိုးလို့ မရဘူး။ ဒီလိုအချိန်ကျမှ သူရဲကောင်းတွေ ထိုးတဲ့ အချိန်မှာ လိုက်ထိုးရတာ”

“အရင်တုန်းက အဲဒါမျိုးတွေ လုပ်တယ်။ အခုခေတ်ကျတော့ အဲဒါတွေ မလှတော့ဘူး။ သိပ်မလုပ်နဲ့တော့ ဆိုတော့ မလုပ်ကြတော့တာ။ အရင်တုန်းကတော့ လှတယ်လို့ မြင်တယ်”

 

(၂၀၁၆ ဧပြီလတွင်တွေ့ဆုံမေးမြန်းခဲ့ခြင်း)