ကန့်လန့်ကာနောက်ကွယ်က အိပ်မက်များ

ကန့်လန့်ကာနောက်ကွယ်က အိပ်မက်များ

ထားဝယ်၊ တနင်္သာရီ

မီးတွေ အမှောင်ချထားပြီး ကန့်လန့်ကာကို ဖွင့်ထားပေးမယ့် မင်္ဂလာသီရိ ရုပ်ရှင်ရုံကို ရုပ်ရှင်လာကြည့်မယ့်သူ မရှိတော့ ပါဘူး။ မျက်နှာကြက်မှာ ရှိတဲ့ အပေါက်တွေကနေ တိုးဝင်လာတဲ့ နေရောင်ခြည်တွေ အောက်မှာက အလိပ်လိပ် ထပ်နေတဲ့ ဖုန်တွေ။ မသုံးတာ ကြာပြီဖြစ်လို့ မှိုစော်နံနေတဲ့ ရုပ်ရှင်ကြည့်ဖို့ ထိုင်တဲ့ခုံတွေ ကလည်း လူတစ်ယောက်စာ မက မြင့်မားတဲ့ အထိ ထပ်ထားလေရဲ့။ နောက်ဆုံးပေါ် အငိုကားတွေပဲ ဖြစ်ဖြစ်၊ ဟာသကားပဲ ဖြစ်ဖြစ် နေကြာစေ့အထုပ်တွေကို တကျွတ်ကျွတ် စားလို့ ရုပ်ရှင်ဝါသနာအိုးတွေ လာကြည့်တဲ့ ခေတ်တွေကို လွန်ခဲ့တာ အတော်ကိုကြာပါပြီ။ ပရိတ်သတ်တွေ မရှိတော့ ပေမယ့်လည်း မင်္ဂလာသီရိရုံဟာ ခြောက်သွေ့မနေပါဘူး။ 

ဒီရုံမှာရှိတဲ့ ချောင်ကြိုချောင်ကြားတွေကို အိမ်လုပ်နေထိုင်သူ အယောက် ၂၀ နီးပါး ရှိပါတယ်။ သူတို့တွေ ကတော့ ဘဝတိုးတက်ရေး အတွက် ထားဝယ်ကို လာပြီး အလုပ်လာလုပ်ကြတဲ့ ဘဝတူ ရွှေ့ပြောင်းအလုပ်သမားတွေ ပါပဲ။ အတော်များများ ကတော့ လမ်းမပေါ်က ကြည့်ရင် ၁၉၅၀ နှစ်လွန်တုန်းက ဆောက်လုပ်ခဲ့တဲ့ ရုံရဲ့ ပန်းရောင် မျက်နှာစာကို နေကာနဲ့ တချို့တစ်ဝက်ဖုံးထားတဲ့ စားသောက်ဆိုင်မှာ လုပ်ကိုင်နေကြသူတွေ ပါ။ 

မင်္ဂလာသီရိရုပ်ရှင်ရုံ အဝင်ဝ

အပေါ်ထပ်က ရုပ်ရှင်ပြတဲ့ စက်ထားတဲ့ နေရာနားမှာ လျှော်ဖွတ်ထားတဲ့ အင်္ကျီတွေ လှန်းထားတာဟာ ပင့်ကူမျှင်တွေ ဖွဲ့ထားသလိုပါပဲ။ ရုံထဲမှာလည်း အမျိုးသား ရှပ်အင်္ကျီတွေ ကြိုးတွေပေါ်မှာ လှမ်းထားတာ တွေ့ရပါတယ်။ ဘေးဘက်က တံခါးတစ်ခုနားက ရေချိုးနေသံတွေ ကြားရပြီး အခန်းကြီးထဲကို သီချင်းသံတွေလည်း ပျံ့လွင့်လာတတ်ပါတယ်။ 

ခန်းဆီး လိုက်ကာ အနောက်က အခန်းကျဉ်းလိုမျိုး လေးထဲမှာ ချထားတဲ့ ခြင်ထောင်အောက်မှာ ထိုင်နေတဲ့ ကိုညီညီအောင်နဲ့ ကျွန်မတို့ တွေ့ခဲ့ပါတယ်။ သူ့ရဲ့ မိုဘိုင်းဖုန်းအလင်းက သူ့မျက်နှာကို ရောင်ပြန်ဟပ်နေ ပါတယ်။ အသက် ၃၄ နှစ်ပဲ ရှိပေမယ့် ပင်ပန်းနွမ်းလျတဲ့ ပုံစံကြောင့် အသက်ပိုပြီးကြီးသလို ထင်ရပါတယ်။ 

ပိတ်ကားပေါ်က စာသား

“ရောက်ရောက်ခြင်းတော့ ဒီမှာ မနေဘူး ခင်ဗျ။ ဟိုဘက် အခန်းထဲမှာ (သူများတွေနဲ့) နေတယ်။  ၄၊ ၅ ယောက်လောက်တော့ ရှိတယ်” လို့ ရုံထောင့်တစ်နေရာကို လက်ညှိုးထိုးပြီး ပြောပါတယ်။  

“အများနဲ့ကျတော့ ဆူပူတာ များလို့…၊  ကိုယ့်ဟာနဲ့ကိုယ် တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေချင်လို့ ဒီကို ပြောင်းလာတာ။ အရင်တုန်းက ဒီနေရာမှာ ဘယ်သူမှ မနေဘူး ခင်ဗျ”

“ဒါက တစ်ယောက်တည်း အခန်းမျိုး ဖြစ်သွားတယ်။ ကုတင်ကတော့ ကိုယ့်ဘာသာကိုယ် ရိုက်ထားတာ။ ပျဉ်နဲ့။ ဒီလိုပဲ သစ်သားတွေနဲ့ တစ်ယောက်အိပ်စာ…၊ ကွပ်ပြစ်သဘောပေါ့။ ဒီက သစ်သားခုံတွေ ယူထားတာ” 

“မီးရတယ်။ ကိုယ့်ဘာသာကိုယ် ဒီကနေ လိုင်းသွယ်လိုက်တယ် (မျက်နှာကျက်ကို လက်ညှိုးထိုးရင်းပြော)။ ၂၄ နာရီ ရတယ်။ ဖုန်းတွေလည်း အားသွင်းလို့ရတယ်” 

“ခြင်ကတော့ ကိုက်တယ်။ ကိုက်လို့ ခြင်ထောင် ထောင်ထားတယ်။ ခြင်ဆေးခွေလည်း ထွန်းတယ်” 

အပေါ်ထပ်က လှမ်းထားတဲ့ အဝတ်တွေ

“ညဘက်ဆို ကိုယ့်ဘာသာကိုယ် တရားလေး ဖွင့်ပြီးတော့ အိပ်”

“အကောင်ဘလောင်က အသံတော့ မကြားရဘူး။ ဒါပေမယ့် တချို့ကလေးတွေ တွေ့ကြတယ်။ သူတို့ မကြိုက်တာ သွားလုပ်လို့ မရဘူး။ သူတို့ မကြိုက်တာ ဆိုတာ ကျွန်တော်တို့ ကျင်ငယ် စွန့်တာတို့။ ကျင်ငယ်စွန့်လို့ မရဘူး။ အစောင့် ရှိတယ်” 

“ဒီမှာ အကောင်ဘလောင်ရှိလည်း ဪ သူတို့လည်း သူတို့ဟာနဲ့ သူတို့ နေချင်သလို နေပစေ။ ကိုယ်လည်း လွတ်လွတ်လပ်လပ် နေမယ် ဆိုပြီးတော့” 

“သရဲကတော့ ကြောက်တဲ့ ခလေးတွေလည်း ကြောက်တယ်။ ကျွန်တော်တို့ကျတော့ သရဲ မကြောက်တတ်ဘူး။ သရဲဆိုတာ လူကပဲ ဖြစ်တာပဲ။ မကျွတ်မလွတ်လို့ ဖြစ်တာပဲ။ သူတို့ကို တရားလေးဖွင့် အမျှအတန်းလေး ဝေပို့ရင်တော့ သူတို့ဟာနဲ့ သူတို့ နေနေကြတာပဲ” 

အပြင်က မြင်ရတဲ့ ရုပ်ရှင်ရုံ

“ကျွန်တော် ဒီကို ရောက်တာ မနှစ်က ရ လပိုင်းလောက် ကတည်းက။ ဒါ ပထမဦးဆုံး အကြိမ် ထားဝယ်ရောက်ဖူး တာပဲ” 

“ဇာတိက ဧရာဝတီတိုင်း မြောင်းမြ ဇာတိ။ ရွာမှာက မိဘတွေနဲ့ အတူတူ စက်ပြင်တယ်။ လယ်ထွန်စက်တို့ ဘာတို့ ပေါ့။ လယ်ယာနဲ့ ပတ်သက်တဲ့ စက်တွေ” 

“စက်ပြင် အလုပ်က အဆင်မပြေလို့တော့ မဟုတ်ဘူး။ ကိုယ့်နယ်မှာ နေရင် မကျယ်ဘူး ပေါ့။ အမြင်မကျယ်ဘူး ပေါ့။ မြို့တက်ပြီး အလုပ် လုပ်မယ်ဆို အမြင်ကျယ်တယ်။ လူအများနဲ့ လုပ်တော့ လူတွေရဲ့အကြောင်းကို နည်းနည်း ပို နားလည် လာတာပေါ့” 

“နဂိုတုန်းက ရန်ကုန် စားသောက်ဆိုင်တွေမှာ လုပ်တယ်။ နောက်တော့ ဒီကညီက သူ့ဆီ လာခဲ့ပါဆိုလို့ လာလုပ်တာ။ ရန်ကုန်မှာ ၂၀၀၄ ကတည်းက ကျွန်တော်တို့ စလုပ်ခဲ့တာ” 

“ရန်ကုန်မှာ လုပ်တော့ ဘယ်လိုအမြင်တွေ ကျယ်သလဲ ဆိုတော့ လူတကာနဲ့လည်း ဆက်ဆံရတာလည်း အကုန် အဆင်ပြေရတယ်။ ကိုယ့်မိဘတွေနဲ့ အတူတူနေတဲ့ အခါကျတော့ မိဘနားက မိဘအကြောင်းပဲ သိပြီး အပြင်လောက အကြောင်းကို မသိဘူး။ အဲဒီလိုပေါ့” 

“ဘာလို့ ဆက်မလုပ်လဲ ဆိုတော့ ရန်ကုန်မှာ နှစ်တိုင်းလုပ်လာတော့ ကြာလာတော့ ငြီးငွေ့လာတယ်။ အဲဒါနဲ့ ဒီပြင်ဆိုင်တွေနဲ့ အဆင်ပြေမလား ဆိုပြီးတော့…” 

ရုပ်ရှင်ရုံအတွင်း

“Here (at my new workplace), they produce their own food and beverages and they have their own way of doing things. You can work freely.

“ဒီမှာ လုပ်တာနဲ့ ဘာကွာလဲ ဆိုတော့ ဒီမှာကတော့ ကိုယ့်ဘာသာကိုယ် ပစ္စည်း၊ စားသောက်ကုန် ထုတ်တယ်။ ကိုယ့် စိတ်ကူးနဲ့ လုပ်တယ်။ လွတ်လွတ်လပ်လပ် လုပ်လို့ ရတယ်” 

“အကုန်လုံးက အရင်ဆိုင်က လူတွေချည်းပဲဗျ” လို့ ရယ်ရင်း ပြောပါတယ်။ “ဒီမှာပဲ နေတယ်”

“ဆိုင်က ဖွင့်တာ ၃ နှစ်လောက်တော့ ရှိပြီ။ ဒီနေ့က ၁၀ နာရီခွဲ မှ ဆင်းရမယ်” 

“နားတဲ့ရက် မရှိဘူး ခင်ဗျ။ မနက်ပိုင်း အလှည့်ကျနဲ့ ကလေးတွေကို လုပ်ပေးထားတယ်။ ၁၀ နာရီ ဆင်းတဲ့လူက ညနေ ၄ နာရီခွဲ ခဏ နား။ ပြီးရင် ၅ နာရီ ကျော်ကျော်လောက်ကျ ပြန်ဆင်းရတယ်။ မနက်အစောကြီး ၆ နာရီလောက် ဆင်းရင် ၁၂ နာရီလောက်မှာ နားကြ” 

ပြိုင်ဘက် အောင်မင်္ဂလာရုပ်ရှင်ရုံ

မင်္ဂလာသီရိ ရုပ်ရှင်ရုံဟာ ၂၀၁၁ အထိ ကားတွေ ပြသတုန်းပဲလို့ ဆိုကြပါတယ်။ အခုတော့ ပင်စင်စား အနားယူသွားပြီး တဖြည်းဖြည်း ယိုရွင်းလာနေပါပြီ။ မြို့ပေါ်က ပြိုင်ဘက် ရုပ်ရှင်ရုံ အောင်မင်္ဂလာကို အရှုံးပေးလိုက်ရတာပေါ့။ 

လိုက်ကာနောက်ကွယ်က ကိုညီညီအောင်နဲ့ သူ့ရဲ့အိပ်ခန်း

“(ရုံကို ပြင်ဖို့ရော) ဘာသံမှကို မကြားသေးတာ ခင်ဗျ” 

“တန်ဖိုးအထားရဆုံး ဆိုတာကတော့ ဘာမှ မရှိဘူး။ ဒီမှာ sound box ဖွင့်တဲ့ စက်တစ်လုံးပဲ ရှိတယ်။ sound box က ဒီရုပ်ရှင်ရုံက။ အခုထက်ထိ သုံးလို့ ရတုန်းပဲ” 

“sound box ဆိုတော့ တရားတွေ ဘာတွေ ဖွင့်။ သီချင်းတွေ ဘာတွေလည်း ဖွင့်တယ်”

 “တရားခွေကတော့ သီတဂူဆရာတော်တို့ ဘာတို့။ ဆရာတော်တွေ ကတော့ အများကြီးပဲ။ ညတိုင်းတော့ တရား မထိုင်ဖြစ်ဘူး။ ကိုယ်က ဒီမှာ ဘုန်းကြီးကျောင်း တရားရိပ်သာ မဟုတ်တော့ တရားထိုင်ရတာ တခါတလေကျရင် အာရုံတွေက မရောက်ဘူး။ အလုပ်ပြီး ၁၀ နာရီ ပြန်လာရင် တရားထိုင်ပြီး ဖွင့်တတ်တယ်။ တခါတလေကျရင် အလုပ်သွားခါနီးကျတော့ ကျွန်တော်တို့က ဘုရားဝတ်ပြုပြီးမှ အလုပ်ဆင်းတတ်တယ်” 

“သီချင်းကနေ့လယ်ပိုင်း တခါတလေဖွင့်ပြီး နားထောင်တယ်။ ဝိုင်ဝိုင်းတို့၊ လေးဖြူတို့၊ မျိုးကြီးတို့ နားထောင်တယ်။ ရော့ခ်လည်း ပါတယ်။ တခါတလေကျရင်လည်း တောသီချင်းလေးတွေ နားထောင်တယ်” 

 

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)