ဒီပုံပြင်ဟာ ကယားရိုးရာအကြောင်း ရေးသားထားတဲ့ စီးရီးထဲက ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲကြသူတွေ ထဲက တစ်ဦး အကြောင်းကို ကြက်ရိုးထိုးအလုပ်သင်မှာ ဖတ်ရှုနိုင်ပါတယ်။
ကောင်းကင်ကို ထိခမန်းလုလု မြင့်တက်လို့ ရှည်လျားဖြောင့်တန်းတဲ့ တံခွန်တိုင်တွေ စိုက်ထားတဲ့ ကွင်းတွေကို တွေ့မြင်ရတာဟာ စိမ်းလန်းစိုပြေတဲ့ ကယားပြည်နယ်ကို သွားရောက်ဖူးသူတိုင်း အတွက် နှစ်သက်ကြည်နူးဖွယ် အကောင်းဆုံး မြင်ကွင်းထဲမှာ ပါပါတယ်။
ဒီတံခွန်တိုင်တွေဟာ ကယားရိုးရာအရ အလွန်အလေးအမြတ် ထားရတဲ့ ကမ္ဘာကြီး စကတည်းက ရှိခဲ့တဲ့ ရိုးရာ ဓလေ့ကြောင့် လို့ ဒေသခံတွေက ဆိုပါတယ်။
နှစ်တိုင်း နှစ်တိုင်း ဧပြီနဲ့ မေလတွေမှာ ကျန်းမာရေး၊ ရာသီဥတု၊ စပါးသီးနှံအထွက်နှုန်းနဲ့ ငြိမ်းချမ်းရေး စတာတွေ အဆင်ပြေအောင် ကယားပြည်နယ်မှာ အနီးအနားရွာတွေ စုပေါင်းပြီး တောထဲကနေ သတ်မှတ်ချက် စည်းကမ်းနဲ့ ကိုက်ညီတဲ့ မြင့်မြတ်တဲ့ သစ်ပင်တစ်ပင်ကို ခုတ်လှဲပြီး တံခွန်တိုင် အဖြစ်ထူကြရတဲ့ သုံးရက်ကြာ ကေ့ထျိုးဘိုး ပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။
ဒီပွဲတော်ဟာ ကယားလူမျိုးတွေ အတွက် အရေးအပါဆုံး ဘာသာရေး ပွဲတော်ပါ။
ဦးမောင်သိန်းဟာ ကယားပြည်နယ်ရဲ့မြို့တော် ဖြစ်တဲ့ လွိုင်ကော်မြို့ အပြင်နားရှိ ချစ်ကယ်ရွာက ရွာလူကြီး တစ်ဦး ဖြစ်သလို ရွာတွင်း ကေ့ထျိုးဘိုး ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ရဲ့ နာယကလည်း ဖြစ်ပါတယ်။
“(တံခွန်တိုင်က) အဖိုမျိုးရယ်၊ အမမျိုးရယ်၊ စပါးနှံမျိုးရယ် ၃ မျိုး ရှိတယ်။ ဒီနှစ်မှာ အဖိုလုပ်ရင်၊ လာမယ့်နှစ် ကျရင် အမ။ အဖိုတစ်နှစ် အမတစ်နှစ် တစ်လှည့်စီ လုပ်ကြတာပေါ့။ အဖိုဆိုတာ အရှည်ကြီး၊ အမက တိုတယ်။ အင်္ဂါရပ်က နည်းနည်းလေးတော့ ကွာတယ်။ အဖိုကျတော့ ခုန ထီးတော်အထဲမှာ ကျောင်းဆောင် ပါတာပေါ့၊ အမကျတော့ ကျောင်းဆောင် မပါဘူး။ (အသေးဆုံးက) စပါးနှံတံခွန်တိုင်လို့ ခေါ်တယ်။ အဲဒါကျ နှစ်တိုင်းလုပ်ရတယ်။ စပါးတွေ အနှံထွက်တဲ့ အချိန်ပေါ့။ သီတင်းကျွတ်လောက် ထင်တယ်”
“တိုင်ရွေးရာမှာ စည်းကမ်းရှိတယ်။ အဲဒီသိမ်တော်ဟာ ဖြောင့်နေရမယ်၊ ကောက်လို့လည်း မရဘူး။ နောက် အဲဒီ အပင်ဟာ ပိုးတွေ မဖောက်မစားရဘူး။ ငှက် မဖောက်ရဘူး။ အပြစ်အနာအဆာ မရှိရဘူး။ ပြီးတော့ အဲဒီအပေါ်မှာ ငှက်သိုက် မရှိရဘူး။ ငှက်သိုက်ဆိုတာ သိန်းငှက်တို့ လင်းတတို့ ပေါ့။ တခြားငှက်တော့ ရတယ်။ နောက်တခါ နွယ်ပင် မပတ်ရဘူး။ အဲလို ကင်းရှင်းတဲ့ အပင်မှ ကျနော်တို့ လာခုတ်ရတယ်။ လင်းတတွေ၊ သိန်းငှက်တွေဆို မသန့်ရှင်းဘူး ပေါ့။ အဲဒါကြောင့်မို့ ရှောင်တာ။ အသားစားတဲ့ ငှက်မို့”
“တံခွန်တိုင်ဟာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေတယ်။ ဘုန်းကြီးတွေ ကျောင်းတွေဆောက်တယ်၊ စေတီတွေ တည်တယ်၊ တံခွန်တိုင် မပါရင် မပြီးဘူး၊ မပြည့်စုံဘူးတဲ့။ အဲဒါကြောင့် တံခွန်တိုင်လုပ်ပေးရတယ်”
“ကျွန်တော်တို့ ကေ့ထျိုးဘိုး ရိုးရာပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ ရှိပါတယ်၊ ရည်ရွယ်ချက်က ငါးချက်ပါ၊ နံပါတ် (၁) မိုးလေးဝသကြေညာချက်၊ (၂) ဆန်စပါးပေါများခြင်း၊ (၃) ရောဂါဘယကင်းရှင်းခြင်း၊ (၄) စည်းလုံး ညီညွတ်ရေး၊ (၅) အေးချမ်းသာယာရေး ဆိုပြီး အချက် ငါးချက်နဲ့ ရည်ရွယ်ပြီးတော့ လုပ်ခဲ့ပါတယ်။
“ကေ့ထျိုးဘိုး ဆိုတာက ကယားအခေါ်၊ ဗမာလိုကျတော့ တံခွန်တိုင်၊ ကေ့ဆိုတာ တိုင်း ပြည်နယ်ကို အဓိပ္ပာယ် ခေါ်တာ၊ ထျိုး ဆိုတာ ဖြစ်မြောက်တာ၊ ဘိုး ဆိုတာ တိုင်တော်ကို ပြောတာ”
“(တံခွန်တိုင်ထောင်တာ) နှစ်ပေါင်းက ရေတွက်လို့ မရတော့ဘူး။ ကမ္ဘာတည်စ ကတည်းက လုပ်လာခဲ့တာ”
“ကေ့ထျိုးဘိုးကို ရက်ကောင်းရက်မြတ်ကို ကျနော်ရွေးထားပါတယ်။ ဒီနှစ် (ရွာမှာ) လူသေရှိတော့ ကျွန်တော်တို့ မခုတ်ရတော့ဘူး၊ ပွဲတွေတော့ လုပ်တယ်”
“အဲ့လို ရက်ကောင်းရက်မြတ် ရောက်ရင် ခုတ်ရတာ။ ခုတ်ပြီးတော့ သယ်လာရတယ်၊ သယ်ပြီးတော့ အခုလိုပဲ ပြုပြင်ပြီးတော့ လုပ်ရတယ်၊ အဲ့တော့ ပြုပြင်ပြီးတော့မှ ကျွန်တော်တို့က အချိန်အခါကို ရွေးပြီးတော့မှ ထူရတာပေါ့။ တစ်နှစ်တစ်နှစ် ပွဲကြီး ဆိုရင် သိန်း ၂၀၀-၃၀၀ အနည်းဆုံး ကုန်တယ် ။ ရှေ့အပတ် လုပ်မယ့်ဟာက ကျွန်တော်တို့ ရွာအလိုက် ကောက်တယ်။ ရွာ ၄-၅ ရွာ ပေါ့။ တစ်အိမ်ကို ၂၀၀၀ စီ အနည်းဆုံး။ သို့သော်လည်း စေတနာပေါ့၊ တစ်သောာင်း ထည့်ချင်လည်း ထည့်ပေါ့”
“တံခွန်တိုင် သွားခုတ်တဲ့ အခါကျတော့ ရွာလုံးကျွတ် သွားရတာပေါ့။ သွားတဲ့ ပရိသတ်ပေါ့နော်၊ ရွာသားတွေလည်းပဲ ရှောင်ရတယ်၊ ပဲပုပ် မစားရဘူး၊ ငါးရံ့ မစားရဘူး၊ တောကောင်အသား မစားရဘူး။ တောကောင်ဆိုတာ တောထဲမှာ ရှိတဲ့ ဂျီသားတို့ ဘာတို့။ ကိုယ့်အရပ်ထဲမှာ ရှိတဲ့ ကြက်သား၊ ဝက်သား၊ ငါးတို့ စားလို့ ရတာပေါ့”
“တံခွန်တိုင်ကို ခုတ်တော့မယ် ဆိုလို့ရှိရင် ဖယောင်းတိုင်တွေ ထွန်းရတယ်၊ အမွှေးတိုင်တွေ ထွန်းရတယ်၊ ငှက်ပျောသီး၊ သပြေရွက်နဲ့ ပူဇော်ပသရတယ်။ ဒီအတိုင်း ရမ်းခုတ်လို့ မရဘူး။ တောစောင့်နတ် တောင်စောင့်နတ် ခွင့်တောင်းရတာ ပေါ့”
“ခုတ်လာပြီးရင် တံခွန်တိုင် စိုက်မယ့်နေရာကို ထမ်းလာကြတာ ပေါ့။ ပြီးတော့ အခွံတွေ ခွာရတာပေါ့။ ကျွန်းသားရယ်၊ သပြေရယ်၊ အင်သားရယ်… ဒါပဲလုပ်လို့ ရတယ်”
“တံခွန်တိုင်မျိုးနွယ်မှ တံခွန်တိုင်ကို ထိန်းလို့ ရတယ် သူက။ တံခွန်တိုင်ထိန်းတယ် ဆိုတာ စောင့်ရှောက်တဲ့ လူပေါ့ဗျာ”
“မဖြောင့် ဖြောင့်အောင်လုပ်တာ တို့၊ လှလှပပလေး ဖြစ်အောင် လုပ်ရတာပေါ့။ လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းပေါ့။ ထီးတော်တို့ လိုမယ်၊ သိမ်တော်ကို ထုံးသုတ်ရမယ်၊ အကုန်လုံး လှလှပပ လုပ်ပေးရမယ်”
“ထောင်ပြီးရင် သစ်သီးတွေနဲ့ ပူဇော်တယ်၊ ပြီးတော့ ကြက်က ကြက်ရိုးထိုးတာ ပေါ့။ တစ်ရွာလုံး အတွက် ကောင်းကျိုး ဆိုးကျိုး ပေါ့။ ကောင်းတယ် ဆိုလို့ရှိရင် တစ်ရွာလုံး လာမယ့် နှစ်ဆို ကျန်းမာမယ် ချမ်းသာမယ် အေးချမ်းသာယာမှာ ပေါ့။ မကောင်းဘူး ဆိုရင်လည်း ရောဂါတွေ ပေါ်ပေါက်မယ်၊ အန္တရာယ်တွေ ရှိမယ်… ဒါမျိုးတွေ ပေါ့”
“ပေါင်ရိုးကို ထုတ်တယ်၊ ဒီမှာ အပေါက်တွေ ရှိတယ်၊ တစ်ချို့က နှစ်ပေါက်ရှိတာတွေ ရှိမယ်၊ တချို့တွေမှာဆို သုံးပေါက်ရှိမယ် စသည်ဖြင့် ပေါ့။ ကြက်အကောင်တိုင်းကို ရှိတယ်။ ညာဘက်က တက်တယ်ဆို အကောင်းချည့်ပဲ၊ ဘယ်ဘက်က တက်လို့ရှိရင် မကောင်းဘူး”
“ကြက်ရိုးကို သာရေးမှာလည်း ထိုးလို့ရတယ်၊ နာရေးမှာလည်း ထိုးလို့ရတယ်၊ ခရီးသွားတဲ့အခါမှာလည်း ထိုးလို့ရတယ်။ လူတိုင်း မထိုးတတ်ဖူး။ သင်ရတယ်။ ကိုယ် စိတ်စွဲရင် သုံးလေးရက်နဲ့ ရပါတယ်။ ကျွန်တော့် ယောက္ခမကြီးက သင်ပေးလို့ တတ်တာပါ။ တခြားလူတွေကို ကျွန်တော် သင်ပေးနေတယ်”
“(တခါတလေ) ဝက်သတ်တယ်။ တံခွန်တိုင်ထိန်းတဲ့ သူရဲ့ ကျန်းမာရေး အတွက်။ ဝက်အသည်းကို ကြည့်တယ်၊ အပေါက် ရှိနေမယ် သို့မဟုတ် အပြာရောင် ပြောင်းသွားမယ်၊ ဒဏ်ရာဒဏ်ချက် ရှိနေမယ် ဆိုရင် မကောင်းဘူး။ သည်းခြေကျတော့ အထဲက အရည်ကို ကြည့်တယ်။ အရည်နည်းလို့ ရှိရင် လာမယ့်နှစ် မိုးလေဝသ နည်းမယ်။ သရက်ရွက် ဆိုတာ ရှိသေးတယ်။ သရက်ရွက်က မဖြောင့်ဘူး လိမ်နေမယ် ကောက်နေမယ်ဆို အန္တရာယ်ရှိမယ်၊ မကောင်းဘူး”
“ဝက်ကို အလကားသတ်တာ မဟုတ်ဖူး၊ ကျွန်တော်တို့တွေမှာ ဗေဒင်မှ မရှိပဲကိုး။ ဝက်ကိုပဲ ဗေဒင်အဖြစ်နဲ့ ထားတာ”
“တံခွန်တိုင် ထူပြီးတဲ့အခါကျတော့ အမျိုးသမီးတွေ လိပ်ပြာခေါ်ရတာပေါ့။ တစ်အိမ်ချင်းတွေက အမျိုးသမီးတွေက လာပြီးတော့မှ တံခွန်တိုင်ဘေးနားမှာ လိပ်ပြာခေါ်တယ် ပေါ့။ မြက်ကလေးတွေကောက် အဆောင်ထဲထည့်”
“ကျနော်တို့ ကယားလူမျိုးတွေ ရိုးရာနဲ့ ပတ်သက်လို့ ကေ့ထျိုးဘိုးဟာ အဓိကပဲ။ အရေးကြီးဆုံး ပဲ။ ကေ့ထျိုးဘိုးဟာ ပျောက်ကွယ်သွားမယ် တိမ်ကောသွားမယ်ဆိုရင် ကျနော်တို့ ကယားလူမျိုးတွေလည်း ပပျောက်သွားမှာ ဖြစ်ပါတယ်”
“ဒီပွဲမျိုး လုပ်ရင် ပျော်တယ်၊ ဝမ်းလည်း ဝမ်းသာတယ်၊ ကလည်း ကကြတယ်၊ ခုန်လည်း ခုန်ကြတယ်၊ တစ်နှစ်မှ တစ်ကြိမ်ပဲ ရှိတာကို၊ အခုလို လာပြီး ဆုံတဲ့အခါ ကျတော့ တစ်ရွာနဲ့ တစ်ရွာ ခင်မင်မှုရလာတယ်၊ ရင်းနှီးမှု စည်းလုံးမှု ပိုရလာတယ်၊ အမှန်တော့ ပြောမယ်ဆိုရင် ဒီပွဲဟာ ခင်မင်မှု တွေ့ဆုံပွဲ၊ တစ်ယောက်နဲ့ တစ်ယောက်အလေးထားမှု ပွဲ၊ အဲသလိုမျိုး ဖြစ်ပါတယ်”
(မေ 2016 တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)