နက်နဲသိမ်မွေ့သည့် ဆေးမှင်ကြောင်များ

နက်နဲသိမ်မွေ့သည့် ဆေးမှင်ကြောင်များ

လားရှိုး၊ ရှမ်းပြည်နယ်

ကျွန်းသားတွေနဲ့ ဆောက်ထားတဲ့ သစ်သားအိမ်လေးရဲ့ အပေါ်ထပ် ဝရန်တာပေါ်က ခုံပေါ်မှာ သက်သောင့်သက်သာ ရှိအောင်ထိုင်လိုက်ပြီးတဲ့နောက် ကိုစိုင်းဟန်လိုင်းဟာ သံအပ် အရှည်ကြီးကို သူ့ရှေ့က အပေါ်အင်္ကျီဗလာနဲ့ ထိုင်နေတဲ့ လူငယ်လေးရဲ့ ကျောပြင်ပေါ်တင်လိုက်ပါတယ်။ ရှမ်းပြည်မှာ ရိုးရာဆေးမင်ကြောင် ထိုးသူ မရှိသလောက် ရှားသွားတဲ့ အထဲက တစ်ဦးဖြစ်တဲ့ ကိုစိုင်းဟန်လိုင်းရဲ့ လက်တွေ လှပညင်သာစွာ လှုပ်ရှားနေတာ ကြည့်ရသူတွေအဖို့ အံ့သြစရာ ပါ။ တဖြည်းဖြည်းနဲ့ ရှုပ်ထွေးတဲ့ ဒီဇိုင်းတွေ ပေါ်လာပါတယ်။ ဆေးမင်ကြောင် ထိုးချင်လို့ စောင့်နေသူတွေ လည်း ပိုပြီး များလာပါတယ်။

ဝရန်တာပေါ်မှာ လူငယ်နဲ့ လူလတ် တဒါဇင်လောက်ဟာ သူတို့အိမ်မှာ နေသလို အေးအေးဆေးဆေး ထိုင်ရင်း စောင့်နေကြပါတယ်။ နေကြာစေ့ ဝါးသူကဝါး၊ ဆေးလိပ်သောက်ရင်း နေ့လည်ခင်း လေအေးထဲကို မီးခိုးငွေ့တွေ မှုတ်ထုတ်သူက ထုတ်နဲ့။ ဆေးမင်ကြောင် ပုံစံမျိုးစုံပါတဲ့ စာအုပ်ဟောင်း၊ ကျမ်းဟောင်းတွေကို လှန်လှောရင်းနဲ့ စကားပြောနေကြတဲ့ သူတို့ရဲ့ အသံတွေဟာ အနားက သစ်ပင်ပေါ်က ငှက်တွေရဲ့ အသံတွေ၊ အောက်ထပ်က အိုးခွက် ပန်းကန်ခွက်ယောက်သံတွေ၊ အိမ်ပြင်နေလို့ တူတွေ ရိုက်သံတွေ ကြားမှာ မပြောပလောက်ပါဘူး။ ဒီဆေးမင်ကြောင် ဒီဇိုင်းတွေဟာ ကိုယ်ခန္ဓာကို ကာကွယ်ပေးတယ် လို့ ယုံကြည်ကြတဲ့ အသားပေါ်က အဆောင်တွေပါ။

The designs are drawn from ancient texts and have their roots in Pali and Buddhist scripture

“အခုလောလောဆယ်တော့ ကျွန်တော်က ကိုယ်လုံဆေးပဲ ထိုးတယ်။ အဲဒါက မကောင်းတဲ့ဟာ အားလုံးကို ကာကွယ်တယ်။ အဲဒါကြောင့် ကိုယ်လုံဆေးလို့ ခေါ်တာပေါ့”

“ကျမ်းတွေထဲက တွေ့တာ။ ဒီလိုမျိုး ကိုယ့်ဟာ ကိုယ်လုပ်တာ မဟုတ်ဘူး။ ပေထဲ၊ ကျမ်းထဲ ကြည့်ပြီးမှ လုပ်တာပေါ့။ လျှောက်လုပ်လို့တော့ မရဘူး။ လျှောက်လုပ်ရင် အန္တရာယ်များတယ်” 

 “(ပုံစံတွေက) ရှေးခေတ်ကတည်းက ရှိတယ်။ ကျွန်တော်က ပွဲသွားသင်ခဲ့တဲ့ ဆရာကလည်း ပေးခဲ့တာပေါ့။ နည်းနည်း ပါးပါး ပေးခဲ့တယ်။ ကိုယ့်ဟာကိုယ် လေ့ကျင့်တာနဲ့ ယိုးဒယားကလည်း နည်းနည်းတော့ သွားယူခဲ့တာပေါ့နော်” 

 Sai Han Line knows most of the designs by heart

“ဒီမှာ စာအုပ်တိုင်းရှိတယ်။ အင်းကွက်တိုင်း ရှိတယ်။ ဂါထာတိုင်း ရှိတယ်။ လာရင် လှန်ကြည့်တာနဲ့ ဒီဟာကို ကြိုက်တယ် ဆိုပြီးတော့ ပြောရင် ကျွန်တော်က ထိုးပေးတာ။ ဒါထိုး ဒါထိုး၊ အဲဒီလိုမျိုးတော့ မလုပ်ဘူး။ ကိုယ့်ဘာကို ကြိုက်တာ။ အဲဒီမှာ ကိုယ့်ကိုကိုယ် ကာကွယ်တာပေါ့ နော်” 

 “အန္တရာယ်ကင်းတဲ့ အင်းကွက်တွေ ထိုးပေးတာပေါ့။ ဂါထာလည်း ပါတယ်” လို့ ပြောပါတယ်။ 

အင်းကွက်တွေနဲ့ ဂါထာတွေ အကုန်လုံး နီးပါးကို အလွတ်ရပေမယ့် မမှားရအောင်လို့ စာအုပ်တွေကို သိမ်းထား ပါတယ်။ 

“ဒါက နဲနဲခက်လို့ ကြည့်ရတာ။ ပန်းချီလည်း ပါနေလို့။ ဘီလူးတွေ ဆိုတော့ ကြည့်ပြီးမှ ဆွဲလို့ ရတယ်။ မကြည့်ဘဲ ဆိုတော့ မှားမှာ စိုးလို့။ သူ့အတွက် မကောင်းဘူးပေါ့။ မှားရင်တော့ သိပ်ပြီး မစွမ်းဘူးပေါ့။ သိပ်မစွမ်းဘူး ပေါ့။ အဲဒီလိုမျိုး ပေါ့” 

People choose their own designs and believe they will protect them from harm

“ကျွန်တော်လား။ ထိုးတာ ၅ နှစ်လောက် ရှိပြီ။ ငှက်ပျောပင်တွေက (ငှက်ပျောဖတ်ကို) ခွာပြီး ကားကားလေးဖြစ်မှ သံဆူးလေးနဲ့ ထိုးကြည့်တယ်။ အဲဒီလိုမျိုး ကိုယ့်ကိုကိုယ်ပဲ လေ့ကျင့်တယ်။ ဘယ်သူ့ဆီကမှ မသင်ဘူး။ ဒါပေမယ့် ကျွန်တော်က ဆရာဆိုရင်တော့ ကုတဲ့ ဆေးပဲ ယူခဲ့တယ်။ ပွဲပဲသွားသင်ခဲ့တာ ပေါ့။ ဆရာတော့ များတယ်” 

ထိုင်းနိုင်ငံကို သွားပြီးတော့ ၃ နှစ်နီးပါး လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံက ရိုးရာ ဆေးမင်ကြောင်တွေ ဟာ လည်း ဆင်တူပါတယ်။ 

“ကျွန်တော်က သွားလေ့လာခဲ့တာက ယိုးဒယားမှာ သွားလေ့လာခဲ့တာပေါ့ နော်။ ဒီထိုးတာတွေ။ ဒါပေမယ့် မသင်ဘူး။ လေ့လာပဲ လေ့လာခဲ့တယ်။ ကိုယ့်ဟာနဲ့ကိုယ် လေ့ကျင့်ပြီး တတ်သွားရော”

Dozens of mainly young men throng to the house for tattoos

အသက် ၂၃ နှစ် သာရှိသေးပေမယ့် ကိုစိုင်းဟန်လိုင်းရဲ့ နံမယ်ဟာ လားရှိုးမြို့တဝိုက်မှာ ဒဏ္ဍာရီအလား ကျော်ကြားပါတယ်။ ဟိုးအရင်ဆုံးသွားတာ ကြာပြီ ဖြစ်တဲ့ ရှေ့ဆေးမင်ကြောင် ဆရာကြီးတစ်ဦး ဝင်စားတယ်လို့ ပြောကြပါတယ်။ ဒီအကြောင်းမေးတော့ ကိုစိုင်းဟန်လိုင်း ကတော့ ရယ်ပြီး ပုခုံးတွန့်ပြပါတယ်။ သူကတော့ သူနာမယ်ကြီးတာဟာ စိတ်ရှည်မှု၊ လေ့ကျင့်မှုနဲ့ မှန်ကန်တဲ့ သဘောထား ရှိလို့ လို့ပြောပါတယ်။ 

“တစ်ယောက်ယောက်က လာတယ် ဆိုရင် လက်နဲ့ ကိုင်ကြည့်တယ်။ သိသွားပြီ။ လက်ကို ကိုင်ပြီး သိပြီ။ ဘာရောဂါလဲ သိပြီ။ ဒီရောဂါ ဆေးရုံသွားရမလား။ ဒီဆရာ ကုပေးရမလား ပြောပေးတာပေါ့နော်” 

“ဒီလိုထိုးရတာ စိတ်လည်း ပါရမယ်၊ ဝါသနာလည်း ပါရမယ်၊ စေတနာလည်း ပါရမယ်။ ပြီးတော့မှ လာထိုးတဲ့သူလည်း ကတိရှိရမှာပေါ့ နော်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတိုင်း ခေါ်လာပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး ပေါ့။ တစ်ယောက်က သိပ်ပြီးတော့မှ မထိုးချင်၊ သူငယ်ချင်းပြော လို့ လိုက်ထိုးဆို သိပ်အနာမခံနိုင်ဘူးပေါ့ နော်” 

“ကြည့်ရတာကတော့ လက်နဲ့ ထိုးတာက ထိုးတဲ့ အချိန်ပဲ နာတယ်။ ထိုးပြီးတာနဲ့ မနာတော့ဘူး။ ပူပဲ ပူတယ်။ စက်နဲ့ ထိုးတာကတော့ ထိုးတဲ့အချိန်က မနာဘူး။ ထိုးပြီးသွားရင် နာတယ်။ စက်နဲ့ဆိုရင်” 

After receiving the tattoos they take part in a solemn ceremony

“ကျွန်တော့ရဲ့ ဆေးမင်ကြောင်က ကျွန်တော့်ရဲ့ တပည့်လည်း ထိုးပေးတယ်။ ဆရာလည်း ထိုးပေးတာပေါ့။ ဘုန်းကြီးတွေလည်း ထိုးပေးတာပေါ့။ ကျွန်တော်က သွားထိုးခဲ့တယ် လေ။ တောရွာဘက်က ဘုန်းကြီး။ ကိုယ့်စုတ်ကို ယူသွားတယ်။ ကိုယ့်ဆေးမင်ကြောင်ကို ယူသွားတယ်။ ပြီးတော့မှာ အဲဒီဘုန်းကြီး ထိုးပေးခိုင်းတာ” 

“တပည့်တွေကတော့ သင်ပေးပြီးတော့ လက်က အခြေအနေ ဘယ်လိုထားရမလဲ။ လေးသွားရမလား ပေါ့သွားရမလား ဆိုတာ။ အဲဒီတော့ ဆရာရဲ့ လက်ကိုပေး ထိုးပစ်လိုက်တယ်။ အဲလောက်လုပ် အဲလောက်လုပ် ဆိုပြီး” 

“တကယ် ဝါသနာပါရင် ကျွန်တော်က သင်ပေးတယ်။ သိပ်မခက်ပါဘူး။ ကိုယ့်ရဲ့ ဝါသနာပါရင်၊ စေတနာပါရင် လွယ်လွယ်လေးပဲ”

 

(အောက်တိုဘာ ၂၀၁၆ တွင်တွေ့ဆုံမေးမြန်းခဲ့ခြင်း)