မွန်ပြည်နယ် ဘီလင်းမြို့နယ်ထဲက ဦးဖားချင်းရဲ့ ရွာကလေးဟာ စိမ်းလန်းစိုပြေပြီးသာယာနေပါတယ်။ အပေါ်ယံ အားဖြင့် ကြည့်ရရင် ပဋိပက္ခတွေရဲ့ အမာရွတ်တွေကို မတွေ့ရဘဲ သစ်ပင်အောက်မှာ ရယ်ရယ်မောမောနဲ့ ဆော့နေကြတဲ့ ကလေးငယ်တွေ၊ ကျေးလက်နေ့ တစ်နေ့ရဲ့ အလုပ်တွေနဲ့ ရှုပ်နေကြတဲ့ မိဘတွေကိုပဲ မြင်တွေ့ရမှာပါ။ ဒါပေမယ့် ဒီအနာတွေဟာ အခုချိန်အထိ လတ်လတ်ဆတ်ဆတ် ရှိနေဆဲပါပဲ။
မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) ကြားမှာ မြေစာခံဖြစ်ခဲ့ရတဲ့ လူဦးရေ ၁၀၀၀ လောက် ရှိတဲ့ ရွာလေးမှာ အခြေခံဝန်ဆောင်မှုတွေနဲ့ အလွန်ဝေးကွာခဲ့ပါတယ်။
တိုက်ပွဲတွေ ကြားမှာ ပိတ်မိနေတဲ့ ရွာလေးဟာ အခြေခံ ဝန်ဆောင်မှုတွေနဲ့ ဝေးကွာခဲ့ပြီး ဒီနေရာ ဒီဒေသက လူတွေဟာ ငှက်ဖျားနဲ့ တီဘီရောဂါတွေရဲ့ နှိပ်စက်မှုကို ခံစားခဲ့ရကြပါတယ်။ ဦးဖားချင်းလိုမျိုး လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်သူတွေဟာ ဒီရွာသားတွေအတွက်ကတော့ အသက်သွေးကြော တစ်မျှင်ပါပဲ။
သူ့စကားကို နားမထောင်တဲ့ လူနာတစ်ဦးတော့ ရှိခဲ့ဖူးပါတယ်။ သူ့အမေ ကိုယ်တိုင်ပါပဲ။
“ကျွန်တော့အမေကိုယ်တိုင် တီဘီရှိတာ”
“ရှေးလူကြီးဆိုတော့ သလိပ်တွေ ဘာတွေလည်း မစစ်ချင်ဘူး။ ဒီလိုပဲ နေနေတာ။ နောက်ဆုံးတော့ အိမ်လာပြီး စစ်တဲ့ အထိ ရောက်တော့မှ ပိုးတွေ့တာ။ သူက ဆေးတွေ ဘာတွေလည်း မသောက်ချင်ဘူး။ ကျွန်တော် ကိုယ်တိုင်ယူလာပြီး တိုက်တော့ သောက်တယ်။ ဒါပေမယ့် side effects တွေ ပါတာကို သူ မခံနိုင်တော့ ခဏလေးပဲ သောက်ပြီး ဆက် မသောက်တော့ဘူး။ ပြောလို့လည်း မရဘူး”
စစ်အစိုးရရဲ့ နှစ်ရှည်လများ လျစ်လျှူရှုမှုကြောင့် တိုင်းသူပြည်သားတွေဖို့ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေ အတွက် ပိုက်ဆံတွေ မရှိခဲ့ပါဘူး။ ကျန်းမာရေး အတွက် အစိုးရက သုံးစွဲတဲ့ငွေဟာ ၂၀၁၂ ခုနှစ် အထိ စုစုပေါင်း ဂျီဒီပီ ရဲ့ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အနည်းဆုံးထဲမှာ ပါပါတယ်။
ကျန်းမာရေး ဘတ်ဂျက် ၂ ဆ ထပ်တိုးလိုက်ပြီ ဆိုတာတောင်မှ ဆေးရုံနဲ့ ဆေးခန်းတွေမှာ ဝန်ထမ်းတွေ၊ ဆေးဝါးတွေ၊ အခြေခံ ပစ္စည်းကိရိယာတွေ မလုံလောက်လို့ အခက်အခဲတွေ အများကြီး အခုထိကြုံနေဆဲ ပါပဲ။ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသတွေဆို ပိုဆိုးတာပေါ့။
အဲဒီအခြေအနေမှာ ဦးဖားချင်းရဲ့ လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်သူ အလုပ်ဟာ အရေးပါတဲ့ ကဏ္ဍမှာ ပါပါတယ်။ သားစဉ် မြေးဆက် ကိုယ့်ဟာကိုယ် ကုသလာတဲ့ သူတွေကို ခေတ်သစ်ဆေးဝါးတွေကို အယုံအကြည်ရှိဖို့ ပြောဆို တိုက်တွန်း ရပါတယ်။
“ဒီရွာက အဆိုးဆုံး နေရာထဲမှာ ပါတယ်။ အနက်ရောင် နယ်မြေထဲပေါ့။ ရွာပျက်ပြီး ပြောင်းကြတာ ခဏခဏပဲ။ အကြိမ်ကြိမ် ပျက်တယ်” လို့ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေ အကြောင်းကို ငြင်သာတဲ့ အသံနဲ့ ပြန်ပြီး ပြောပြနေပါတယ်။ ဒီ ၆၃ နှစ်တောင် ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ တစ်ကမ္ဘာ ပေါ်မှာ အရှည်ကြာဆုံး စစ်ပွဲတစ်ခုဖြစ်လာပြီး လူဦးရေ သိန်းပေါင်းများစွာ ထိုင်းနိုင်ငံနယ်နိမိတ်ကို ကျော်လို့ ဒုက္ခသည် အဖြစ်နဲ့ ပြေးလွှား ခိုဝင်ခဲ့ကြရပါတယ်။
“ကျွန်တော်တို့က ဟိုဘက်၊ ဒီဘက် ညှပ်မိတာပေါ့။ အစိုးရတပ်တွေက “မင်းတို့ ကရင်တွေဆို ကေအင်ယူပဲ” လို့ ပြောတယ်။ ကေအင်ယူက “မင်းတို့ ကရင်တွေဖြစ်ပြီး ဗမာတွေဘက် လိုက်တယ် သစ္စာဖောက်တွေ” လို့ ပြောတယ်”
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်တွေမှာ ဆိုရင် ရွာလေးဟာ အခြားနေရာတွေနဲ့ အဆက်အသွယ် ပြတ်သွားတတ် ပါတယ်။
“အဖေက တောထဲမှာ သစ်သွားခုတ်ရင်း မိုင်းထိတော့ ခြေထောက် ပြတ်သွားတယ်။ အလုပ်ကောင်းကောင်း လုပ်လို့ မရတော့ဘူး။ အဲဒါကြောင့် ကျွန်တော် အလုပ် ထွက်လုပ်တယ်”
“၂၀၀၅ မတိုင်ခင်ကဆို လမ်းပန်း ဆက်သွယ်ရေးက တအားခက်ခဲတယ်။ အရင်တုန်းက လမ်းမပေါက်ခင် ဆေးရုံသွားမယ် ဆို လူထမ်းပြီး လမ်းမကို ခေါ်သွားပြီး အကြာကြီး ကားစောင့်ရတယ်။ အခုတော့ အများကြီး သက်သာသွားပြီ” လို့ လမ်းမကြီးကနေ ရွာအထိ ပေါက်တဲ့ လမ်းအကြမ်း အသစ်လေးကို ရည်ရွယ်ပြီး ပြောပါတယ်။
မိသားစုကို ထောက်ပံ့ဖို့ အလုပ် စလုပ်တဲ့ အချိန်မှာ သူဟာ အသက် ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ လူငယ်ဘဝမှာ အင်အားလိုနေတဲ့ တပ် ၂ တပ်လုံးရဲ့ လက်ကလွတ်အောင် သူရှောင်ခဲ့ရပါတယ်။ ဒါပေမယ့် အခက်ခဲဆုံးနဲ့ အန္တရာယ်အကြီးမားဆုံး အလုပ်တွေက အခမရဘဲ လုပ်ခဲ့ရတဲ့ အလုပ်တွေပါ။
“အစိုးရစစ်တပ်က ပေါ်တာဆွဲသွားတာ ခဏခဏ ခံရဖူးတယ်။ တစ်ခါတလေ ၁ ရက်၊ ၂ ရက်။ တစ်ခေါက်ကတော့ ဟိုးဘက်ကို သွားရတာ။ ၁လ လောက် ကြာတယ်” လို့ ရွာနောက်ဘက်က ကျောက်ဆောင် ထူထပ်တဲ့ တောင်ကြီးဘက်ကို ညွှန်ပြရင်း ဆိုပါတယ်။
“အကုန်လုံးပေါ်တာ အဆွဲခံရဖူးတယ်”
“အရွယ်ရလာတော့ ရွာမှာ မနေဘူး။ အောက်ရွာမှာ သွားပြီး စာရင်းငှား လုပ်စားတယ်။ ယောက်ျားလေး ငယ်ငယ်ရွယ်ရွယ် ဆို သူပုန်တွေက ခေါ်သွားမှာ စိုးလို့”
အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ၂၀၁၂ မှာ ထိုးအပြီးမှာတော့ ဒါတွေ ရပ်သွားပါတယ်။ ဒါပေမယ့် ဒီခေတ္တ ခဏ သဘောတူ စစ်ရပ်လိုက်တာဟာ ကျိုးလွယ်တဲ့ အရာပါ။
“အခုနောက်ပိုင်း ငြိမ်းချမ်းရေး စာချုပ် ချုပ်ပြီးတော့မှ ရပ်သွားတာ။ ဆက်ပြီး ငြိမ်းချမ်းပါစေ လို့ ဆုတောင်းရ တာပဲ။ ထပ်ပြေးလို့ ရွာပျက်ရရင်လည်း ဘာမှ မကျန်တော့ဘူး”
နှစ်ရှည်လများ အခြားရွာမှာ သွားနေခဲ့ပြီး ဦးဖားချင်းဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ လောက်မှာ ရွာကို ပြန်လာပြီး အစိုးရ ကျန်းမာရေးဋ္ဌာနမှာ အလုပ် ဝင်လုပ်ခဲ့ပါတယ်။ နောက်တော့ နိုင်ငံတကာ ကျန်းမာရေး အကူအညီပေးတဲ့ အဖွဲ့ ပီအက်စ်အိုင်မှာ လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်သူ အဖြစ်နဲ့ စတင် လုပ်ကိုင်ခဲ့ပါတယ်။ ပီအက်စ်အိုင်ဟာ မြန်မာနိုင်ငံမှာ ၁၉၉၅ ကတည်းက စတင်ပြီး လုပ်ငန်းများ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
ဦးဖားချင်းကတော့ ဆေးသွားထုတ်ပေး၊ လူနာတွေ ဆေးသောက်လား ဆိုပြီး ပြန်ကြည့်ပေးတာတွေ လုပ်ရပါတယ်။
“ဒီမှာက တွေ့သလို ဆေးမြီးတိုနဲ့ ကုတာ။ အဖျား တော်တော်ကြီးမှ ဆေးရုံသွားတယ်”
သူ့ကြိုးပန်းမှုတွေကြောင့် တီဘီရော၊ ငှက်ဖျားရော ဖြစ်နှုန်းတွေ မကြာခင်နှစ်တွေအတွင်းမှာ သိသိသာသာ လျော့ကျသွားပါပြီ။ ဦးဖားချင်းလက်အောက်မှာ သူ့ဒေသဟာ ဒီရောဂါတွေရှိမရှိ ဆေးစစ်တာ အများကြီး တိုးတက်လာပါတယ်။ ၂၀၁၁ မှာ လူဦးရေ ၁၁ စစ်ရာကနေ ၂၀၁၆ မှာ ၁၆၀ တောင် ဆေးစစ်တဲ့အထိတိုးလာပါတယ်။
“အခုတော့ နည်းနည်း ပိုကောင်းလာပါပြီ။ ရွာက နေမကောင်းဖြစ်သူတွေ ဆေးရုံသွားပြီး ပြန်ကောင်းလာ တာတွေ၊ ဆေးသောက်ပြီး ကောင်းလာတာတွေ တွေ့ရတော့ ပိုပြီး ယုံကြည်လာကြတာ ပေါ့”
သူဟာ အတော်လေး ထိထိရောက်ရောက် လုပ်နိင်ခဲ့ပါတယ်။ ငှက်ဖျားနဲ့ တီဘီ (အဆုတ်ရောဂါ) နှုန်းတွေဟာ ကျဆင်းသွား ပါတယ်။
သူ့အမေကိုတော့ ခေတ်သစ်ဆေးဝါးတွေကို ယုံကြည်အောင် သူမပြောနိုင်ခဲ့ပါဘူး။
"အသက်ကြီးလာတော့ စိတ်တွေလည်း မကောင်းတော့ဘူး။ ကျွန်တော်က သူ့ကို မပြုစုချင်တော့လို့ ဆေးတိုက်ပြီး သတ်ပစ်နေတာတဲ့”
“သူ့မြေးတွေနဲ့ အစားအသောက် စားရင် ပစ္စည်းတွေ ခွဲပေးတော့လည်း သူ အရမ်း ဒေါသထွက်တယ်။ ဘာကြောင့် ဒီလို လုပ်သလဲ ပေါ့။ သူကတော့ မြေးတွေကို ချစ်တာပဲ။ ဒါပေမယ့် ကလေးတွေ ရောဂါ ကူးသွားနိုင်တယ် ဆိုတာကို သူနားမလည်ဘူး။ ကျွန်တော်က ခွဲခြားတယ် လို့ပဲ ထင်တယ်”
“အဲဒါနဲ့ပဲ သူဆုံးသွားတာ”
“တရွာလုံးကို ကျွန်တော် စည်းရုံးလို့ ရတယ်။ ကျွန်တော့ စကားနားထောင်တယ်။ အမေပဲ နားမထောင်တာ”
(ဒီဇင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)