ဦးတင်မောင်ရဲ့ ရိုးရှင်းတဲ့ သစ်သားအိမ်လေးဟာ မကွေးတိုင်းဒေသကြီးမှာ ဝေးလံတဲ့ တောင်တန်းတွေ ကြားမှာ တည်ရှိ ပါတယ်။ စိမ်းစို ထူထပ်တဲ့ သစ်တောအုပ်က သူ့အိမ်ဘေးနားအထိ ၀န်းရံ ပေါက်ရောက်လို့ နေပါတယ်။ သူ့အိမ်လေး နောက်က ဖုန်ထူတဲ့ လမ်းကလေး တစ်လျှောက်မှာ ဆိုရင်တော့ နေရောင်ဖြာတဲ့ အိမ်ဝင်းခြံတွေ၊ ကလေးတွေရဲ့ အသံတွေနဲ့ ကြက်တွန်သံ စတဲ့ ရွာတွေရဲ့ သဘောသဘာဝလေးတွေကို မတွေ့ရတော့ပဲ အရိပ်တွေ ပေါတဲ့ တောအုပ်ထဲကို ရောက်သွားပါလိမ့်မယ်။
ဒီချုံနွယ်ပိတ်ပေါင်းတွေဟာ ရှုပ်ထွေးနေတဲ့တောရိုင်းပဲလို့ ထင်ရပေမယ့် တစ်ကယ်တန်းကတော့ သေသေချာချာ ပြုစု ပျိုးထောင်ထားတဲ့ စိုက်ကွင်းကလေးပါ။ ခြုံတွေကို ကြည့်ရင် သွေးနီရောင်လို အသီးတွေ တစုတပြုံကြီး သီးနေတာကို တွေ့ရမှာပါ။ ဒါတွေကတော့ ဦးတင်မောင်နဲ့ သူ့အိမ်နီးနားချင်းတွေ အတွက် အလွန်အရေးပါတဲ့ ငွေသားသီးနှံ ကော်ဖီပဲ ဖြစ်ပါတယ်။
ဒီကော်ဖီပင်တွေကို စိုက်ပျိုးလာတာ အနှစ် ၂၀ ရှိပြီ ဖြစ်ပေမယ့် အသီးတွေကို အမှုန့်ကြိတ်နိုင်တဲ့ ပစ္စည်းကိရိယာတွေ၊ နည်းပညာတွေ မရှိသေး၊ မသိသေးတဲ့ အတွက် သူကိုယ်တိုင် စိုက်ထားတဲ့ ကော်ဖီကို အသက် ၆၀ ရှိပြီဖြစ်တဲ့ ဦးတင်မောင်ဟာ အခုအချိန်အထိ တစ်ခါမှာ မသောက်ဖူးသေးပါဘူး။
မြန်မာပြည်မှာ ရှိတဲ့ တောင်သူ လယ်သမားတွေဟာ ရိုဘပ်စ်တာ နဲ့ အာရာဘီကာ ကော်ဖီ ၂ မျိုးစလုံးကို စိုက်ပျိုးခဲ့တာ ရာစုနှစ် ၁ ခု ကျော်ခဲ့တာ ကြာပါပြီ။ ခရစ်ယာန်သာသနာပြု တွေဟာ ကော်ဖီကို မြန်မာနိုင်ငံ တောင်ပိုင်းမှာ ၁၈၀၀ ပြည့်နှစ် အလွန် ကာလတွေမှာ စိုက်ခဲ့တယ် လို့ ယူဆကြပြီး အဲဒီကနေမှ နိုင်ငံရဲ့ အရှေ့ပိုင်းကို ပြန့်နှံ့သွားတယ် လို့ ဆိုပါတယ်။ ဗြိတိသျှ လက်အောက်မှာရော၊ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ် များစွာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာရော ကော်ဖီ စိုက်ပျိုးတာကို အားပေးခဲ့ကြပါတယ်။ ဒါပေမယ့် စစ်အစိုးရလက်အောက်မှာ ဝိုင်းပယ်ခံရ တာရယ်၊ အဆင့်မမီတဲ့ စိုက်ပျိုးနည်းနဲ့ နည်းပညာတွေကြောင့် မြန်မာနိုင်ငံဟာ ကော်ဖီကို လေးလေးနက်နက် ထုတ်လုပ်တယ် လို့ ဘယ်သူကမှ မမြင်၊ အသိအမှတ် မပြုခဲ့ကြပါဘူး။
အစဉ်အလာအရ မြန်မာပြည်ရဲ့ အနှစ်ခြိုက်ဆုံးက လက်ဖက်ရည်ပါ။ နေရာအနှံ့ လမ်းဘေးဆိုင်တွေမှာ တွေ့ရတဲ့ နို့နဲ့ ဖျော်ထားပြီး အချိုလွန်ကဲတဲ့ လက်ဖက်ရည် ဒါမှမဟုတ် တရုတ်ပုံစံမျိုး အချိန်ကြာကြာ နဲ့ နူးနူးညံ့ညံ့ နှပ်ထားရတာမျိုး ပေါ့။
မြန်မာပြည်က လူအများအပြားဟာ ကော်ဖီသောက်ရင် ပလတ်စတစ် အိပ်ကလေးတွေ ထဲကနေ ပေါင်ဒါပုံစံနဲ့ ရောက်လာတဲ့ “တူးအင်ဝမ်း” လို့ ဆိုတဲ့ ကော်ဖီမစ်တွေကိုပဲ သုံးကြပါတယ်။ ပရီမီယာ၊ စူပါ၊ ဆန်းဒေး လို့ အမည်မျိုးစုံ ရှိပြီး ဒီအရေခန်းခြောက်ထားတဲ့ ကော်ဖီမှုန့်တွေဟာ နို့ဆီ၊ သကြား စတာတွေနဲ့ ပေါင်းပြီးတဲ့ အခါမှာ ကော်ဖီ အရသာတွေ ပျောက်သွားပါတော့တယ်။
အခုတော့ ကော်ဖီ လတ်လတ်ဆတ်ဆတ်ဟာ တစ်ကျော့ပြန် လည်လာပါပြီ။ စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားတဲ့ ၂၀၁၁ လောက်က စပြီး မြန်မာနိုင်ငံဟာ တဖြည်းဖြည်းနဲ့ ပြန်လည် ပွင့်လင်းလာချိန်မှာတော့ တောင်သူလယ်သမားတွေဟာ သူတို့ နှစ်ရှည်လများ ငြင်းပယ်ခံထားရတဲ့ ဈေးကွက်တွေ၊ နည်းပညာတွေကို စတင်ပြီး ဝင်ရောက်ခွင့်၊ ရခွင့် တွေ့လာပါ တော့တယ်။ အရည်အသွေး မြင့်မားတဲ့ ကော်ဖီတွေ ထုတ်လုပ်တဲ့ ကုန်အမှတ် တံဆိပ်တွေလည်း ထွက်ပေါ်လာ ပါတယ်။ အချို့တွေကတော့ နိုင်ငံခြားပညာရှင်တွေရဲ့ အကူအညီကို ရပြီး ၂၀၁၆ ခုနှစ်မှာ ဆိုရင် မြန်မာကော်ဖီဟာ အမေရိကားနိုင်ငံမှာ ရောင်းချတဲ့ အဆင့်အထိ ရှိလာပါပြီ။
မြန်မာနိုင်ငံရဲ့ ကော်ဖီအဓိက ထုတ်လုပ်တာဟာ တောင်တန်းတွေ ထူထပ်ပြီး အာရာဘီကာ ကော်ဖီအမျိုး စိုက်ဖို့ အလွန် အဆင်ပြေတဲ့ အမြင့်မီတာ ၁၀၀၀ ကျော်တဲ့ ရှမ်းပြည်နယ်ပါ။
ဒါပေမယ့် တစ်နိုင်ငံလုံးရဲ့ ဝေးလံတဲ့ တောင်တန်းတွေကြားမှာ စိုက်ခင်းတွေ အများအပြား ရှိပါတယ်။ ဦးတင်မောင်လို ချင်းလူမျိုးတွေ နေတဲ့ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် နယ်နမိတ်နားက ဂုတ်ကြီးဆိုတဲ့ ရွာကလေး အပါအဝင် ပေါ့။
တောအုပ်ထဲမှာ လမ်းလျှောက်နေရင်းနဲ့ ဒဏ္ဍာရီတွေထဲက ပန်းသီးလို နီရဲနေပေမယ့် အတွင်းထဲမှာ အခါးဓာတ်တွေ ပါတဲ့၊ အသီးတွေ ပြွတ်နေတဲ့ အကိုင်း တစ်ကိုင်းကို ဆွဲလိုက်ပါတယ်။
“သီးတာက အခုဆို တအားရင့်တော့မယ်၊ ခူးရတော့မယ်” လို့ ဆိုပါတယ်။
သူ့ရဲ့ ၃ ဧက ကျယ်တဲ့ ကော်ဖီခြံထဲမှာ ဆယ်စုနှစ်များစွာက စိုက်ထားခဲ့တဲ့ အပင်မရိုင်းတရိုင်းတွေ ပါသလို အစိုးရဆီကနေ ပျိုးပင်တစ်ပင် ၃၀၀ ကျပ် ပေးပြီးဝယ်ထားတဲ့ အပင်အသစ်တွေလည်း ပါပါတယ်။ ၂ နှစ်၊ ၃ နှစ် နေတော့မှ အပင်တွေဟာ စပြီး အသီးသီးတာပါ။
“ကျွန်တော် ငယ်ငယ်ကတည်းက (ကော်ဖီ) အရိုင်းပင်တော့ ပေါ်လာတယ်။ ဒါပေမယ့် ရောင်းတော့ မရောင်းရဘူး။ ဝယ်မယ့်သူ မရှိဘူး။ လမ်းပန်းဆက်သွယ်ရေး တော်တော်ခက်ခဲတယ်။ ဒီကားလမ်းတောင် မပေါက်သေးဘူး။ ကျွန်တော် ငယ်ငယ်တုန်းကဆို ဘယ်လမ်းမှ မရှိဘူး။ ထမ်းပိုးနဲ့ ထမ်းပိုးပြီးတော့ သွားရောင်းကြတယ်။ မလွယ်ဘူး”
ဒီရွာကလေးဟာ ၁၉၉၀ နှစ်လွန်ခေတ် အလယ်လောက်တုန်းကမှ တိုင်းဒေသကြီးက အခြားမြို့တွေ၊ ရွာတွေနဲ့ ကားလမ်း ပေါက်တာပါ။ အဲဒီအချိန်မှပဲ ဦးတင်မောင်ကလည်း ကော်ဖီကို စစိုက်ဖြစ်တာပါ။ စစ်အစိုးရဟာ ဒီ အသီးအနှံကို စိုက်ဖို့ အားပေးရာမှာ ကိုယ်စားလှယ်တွေကို မျိုးစေ့တွေ၊ စိုက်ပျိုးဖို့ အကြံပေးချက်တွေ ပေးပြီး ဒီဒေသတဝိုက် သွားစေပါတယ်။
ဒီဒေသက တောင်သူလယ်သမားတွေဟာ အရင်တုန်းက ဆန်စပါးကို မဖြစ်စလောက် ဝမ်းစာအနေနဲ့ စိုက်ပျိုးခဲ့ကြပြီး ဒီအပြင် အစားအသာက် အတွက်တော့ ရွာနားက တောထဲက အပင်တွေကို အားကိုး၊ ပြီးတော့ အိမ်မှာ ကြက်တွေ၊ ဝက်တွေ မွေးပြီး စားသောက်ကြပါတယ်။
သူတို့အတွက် ပိုလျှံတဲ့ ဆန်စပါးကိုသာ ရောင်းနိုင်တဲ့ အတွက်ကြောင့် ဆန်ထက် ၂ ဆ တောင် ပိုပြီးရတဲ့ ကော်ဖီဟာ သူတို့ အတွက်တော့ ဆွဲဆောင်မှု ရှိတယ် လို့ ဦးတင်မောင်က ဆိုပါတယ်။ ဒါပေမယ့် ဝမ်းစာ အတွက်တောင် မနည်း ကြိုးစားနေရတဲ့ တောင်သူလယ်သမားတွေ အတွက်ကတော့ ငွေသားသီးနှံ စိုက်ဖို့ဆိုတာ အတော်ကို အခက်အခဲ ရှိပါတယ်။
“စပါးစိုက်တာက စားရုံပဲ။ စားစရာ မရှိတော့ ဒီဟာကိုလည်း ဇောက်ချပြီးတော့ မစိုက်နိုင်ဘူး။ တော်ရုံ ပြုစုချိန် မရှိဘူး။ ၁ နှစ်ကို နည်းနည်း… နည်းနည်းပဲ စိုက်တယ်”
“အခု သီးတာက သိပ် မရှိသေးဘူး။ ၁ ဧကလောက်ပဲ ရှိအုံးမယ်။ မနှစ်က သီးတာတွေ တော်တော်သီးတယ် အခုနှစ် သိပ်မသီး သိပ်မအောင်ဘူး ပေါ့”
ကော်ဖီစိုက်ပျိုးသူချင်း အတူတူ ရှမ်းပြည်က တောင်သူလယ်သမားတွေဟာ အရည်အသွေး မြင့်မားတဲ့ ကော်ဖီတွေကို ထုတ်လုပ်တယ် ဆိုပြီး အသိအမှတ် ပြုခြင်း ခံနေရပြီ ဖြစ်ပေမယ့် ဦးတင်မောင်နဲ့ သူတို့ရဲ့ အိမ်နီးနားချင်းတွေကတော့ တိုးတက်လာတဲ့ စိုက်ပျိုးရေး နည်းစနစ်တွေနဲ့ ဝေးသထက်ဝေးနေဆဲပါပဲ။
နေပူလှန်း အခြောက်ခံ ထားပြီးတဲ့ ကော်ဖီသီးတွေကို ရောင်းရင် ၁ ပိဿာကို ၁ သောင်းကျပ် လောက်ရပါတယ်။ ဒါပေမယ့် ဒီလိုဝေးလံတဲ့ နေရာကို လာဝယ်တဲ့ ကုန်သည်တွေက လက်တစ်ဆုပ်စာ လောက်ပဲ ရှိပါတယ်။ အကယ်၍သာ သူတို့ရဲ့ ထုတ်လုပ်တဲ့ နည်းစနစ်တွေကို ဘယ်လို တိုးတက်ကောင်းမွန်အောင် သင်ကြားနိုင်မယ် ဆိုရင်တော့ အများနည်းတူ ကောင်းအောင် လုပ်နိုင်မယ်လို့ သူတို့ ယုံကြည်နေပါတယ်။
“ကုန်ချော(လုပ်ဖို့)ဟာ အဆက်အသွယ် မလုပ်နိုင်ဘူး။ ဘယ်မှာ ဆက်သွယ်ရမယ်မှန်းလည်း မသိဘူး” လို့ ဆိုပါတယ်။
သူစိုက်တဲ့ ကော်ဖီသီးတွေကို ကင်ဖို့၊ ချက်ဖို့၊ ပရောစက်စ်တွေအတွက် ပစ္စည်းတွေ မရှိတဲ့ အတွက် ဦးတင်မောင်ဟာ သူစိုက်တဲ့ ကော်ဖီကို သူကိုယ်တိုင် တစ်ခါမှ မသောက်ခဲ့ဖူးတာပါ။ ဒါပေမယ့် ကော်ဖီကို သောက်သုံးကျင့် ရလာပြီလို့ ဆိုပါတယ်။
တူးအင်ဝမ်း ကော်ဖီတွေကို အတော်နှစ်သက်တယ် လို့ ရယ်မောရင်းနဲ့ ပြောပါတယ်။
“သောက်တယ်။ ကြိုက်တယ်။ ready-made အထုပ်တွေပဲ ပေါ့။ ကျွန်တော် အမျိုးစုံသောက်တာ။ နံမယ်တော့ သိပ် မသိဘူး”
(နိုဝင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)