အာဏာသိမ်းမှုနောက်ကွယ်က ကချင်ဒေသခံတောင်သူတွေရဲ့ ဘ၀များ

အာဏာသိမ်းမှုနောက်ကွယ်က ကချင်ဒေသခံတောင်သူတွေရဲ့ ဘ၀များ

Kachin

စာရေးသူသည် ကချင်ပြည်နယ် မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
 
ကျွန်တော် သတင်းထောက်သက်တမ်း ဆယ်စုနှစ်တစ်ခုစွန်းခါနီးပါပြီ။ မကြာခင်နှစ်တွေကတည်းက နှစ်တိုင်းနီးပါး ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့နဲ့ နီးတဲ့ ကျေးရွာဘက်တွေကို အမြဲသွားပြီး တောင်သူတွေကို မေးမြန်းလေ့လာ ကြည့်ဖူးပါတယ်။ သတင်းတွေလည်းရေးပြီး တည်းဖြတ်ခဲ့ဖူးပါတယ်။ သူတို့ အဆင်ပြေရဲ့လား၊ ဘယ်လို အခြေအနေရှိလည်း စသဖြင့်ပေါ့။
 
အဲဒီအချိန်တွေတုန်းက စိုက်ခင်းလုပ်ကိုင်သူတွေဟာ အခင်းတွေ ဖြစ်ထွန်းပြီး အဆင်ပြေကြသလို နှစ်စဉ်ထိုက်သင့်တဲ့ လုပ်အားခတွေကို ရရှိကြပါတယ်။ တောင်သူတွေရဲ့ ဘဝတွေဟာ အခက်အခဲတွေများပေမယ့် လည်ပတ်နိုင်ပါသေးတယ်။ ​​မြို့နားမှာတော့ မုန့်ညှင်း ကိုက်လန် ခရမ်းသီး ပန်း အဲဒီလိုမျိုးတွေ စိုက်ပြီး တောင်ယာတွေမှာတော့ စပါးနဲ့ ပြောင်း စိုက်တတ်တယ်။
 
ဒါပေမယ့် ဒီနှစ်အစပိုင်းတုန်းက ဒီစိုက်ခင်းတွေထဲသွားပြီးတော့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဘယ်လိုအခြေအနေရှိလည်းဆိုတာကို သွားကြည့်မိတော့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ စျေးတက်ကုန်ပြီး အရင်နှစ်တွေတုန်းကလို အလုပ်အကိုင် မဖြစ်ထွန်းဘူးလို့ ဆိုကြပါတယ်။
 
အရင်နှစ်တွေက ဖောက်သည်ပေး တစ်ရက်ရောင်းရငွေဟာ ကျပ်သုံးသောင်းအထက်မှာ ရှိခဲ့ပေမယ့် အခုတော့ ကျပ် တစ်သောင်းကျော်လောက်ပဲ ရောင်းငွေ ရရှိနေတာကြောင့် အမြတ်နည်းတဲ့အပြင် စားဝတ်နေရေးအတွက် မနည်းကြိုးစားရုန်းကန်နေရတယ်လို့ ဆိုပါတယ်။
 
အရင်နှစ်တွေက အင်တာဗျူးတွေ ဖြေတဲ့အခါမှာတော့ တက်တက်ကြွကြွ ဖြေဆိုကြပေမယ့် အခုမေးမြန်းတဲ့အချိန်မှာတော့ သူတို့ကြုံတွေ့ရတာကို စိတ်ပျက်လက်ပျက်နဲ့ ဖြေဆိုတာကို ထူးထူခြားခြားပဲ တွေ့ရပါတယ်။
 
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊‌ မြေဆီ၊ ဓာတ်မြေဩဇာ၊ မျိုးစေ့ စတဲ့စိုက်ပျိုးရေးသုံး ပစ္စည်းတွေဟာ အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး တစ်နေ့တစ်ခြား စေ◌ျးတွေက မြင့်တက်လာတာနဲ့ စျေးကောင်းမရရှိတာက သူတို့ကို တော်တော်လေး ဒုက္ခပေးပါတယ်။
 
“စျေးတွေက ထက်၀က်လောက်ကို တက်ကုန်တာ။ ဒီနှစ်ကတော့ အမြတ်ရဖို့နေနေသာသာ မရှုံးဖို့၊ စားလောက်ဖို့ကို မနည်းလုပ်နေရတာ” လို့ မြစ်ကြီးနားမြို့အနောက်ဖက်၊ (၆) မိုင်အကွာ ရွာတစ်ရွာက အခင်းလုပ်ကိုင်နေတဲ့ တောင်သူတစ်ဦးက သူ့ရဲ့အခက်အခဲကို အခင်းဆေးဖြန်းနေရင်းကနေ ညည်းတွား‌ ပြောဆိုပါတယ်။
 
သူတို့ရဲ့ အဆင်မပြေမှုတွေကို ကြားသိရပြီးတဲ့အချိန်မှာတော့ အချို့ဆင်းရဲနွမ်းပါးပြီး မိသားစုများတဲ့ စိုက်ခင်းလုပ်ကိုင်သူတွေ တစ်ရက်နဲ့ တစ်ရက် ၀မ်းရေးကို ခက်ခက်ခဲခဲနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို တွေးတောရင်း စာနာသနားစိတ်ဝင်မိပါတယ်။
 
အဲဒီစိုက်ခင်းစိုက်တဲ့ နေရာတွေက မြို့ထဲကနေ ဆိုင်ကယ်နဲ့သွားရင် နာရီဝက်တောင် မမောင်းရပါဘူး။ သိပ်ပြီးမခြောက်ကပ်သလို အရမ်းကြီးစည်ကားတဲ့ ကျေးရွာတွေတော့ မဟုတ်ပါဘူး။ မြစ်ကြီးနားမြို့ရဲ့ အစွန်အဖျားလောက်မှာ ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ဆေးတာတွေတော့ သိပ်မရှိပါဘူး။ 
 
မြစ်ကြီးနားမှာတင် မကပါဘူး။ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်၊ အင်ဂျန်းယန်မြို့အတွင်းက လယ်ယာစိုက်ခင်းတွေမှာလည်း ကြွက်တွေသောင်းကျန်းလို့ စပါးခင်းတွေ ပျက်စီးခဲ့ရပြီး အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
 
ဒါ့အပြင် ကချင်ပြည်နယ်အတွင်း အခုနှစ် ရာသီဥတုဖောက်ပြန်ပြီး ရေကြီးရေလျံမှုတွေကြောင့် နှစ်စဉ် စပါးအထွက်နှုန်းလည်း ကျဆင်းလာတာကို တွေရပြီးတော့ မြစ်ကြီးနား-တနိုင်း လမ်းမပေါ်က တောင်ယာစပါးခင်းတွေ ပျက်စီးကုန်ပါတယ်။
 
နောက်တစ်ချက်ကတော့ တိုက်ပွဲတွေပါ။ ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ဟာ အာဏာသိမ်းပြီးတဲ့နောက် မတ်လကစလို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
 
တိုက်ပွဲဖြစ်ပွားရာဒေသက တောင်သူတွေဟာ သူတို့ရဲ့ တောင်ယာတွေကို မရိတ်သိမ်းရဘဲ စစ်ရှောင်နေရတာကြောင့် တောင်ယာခင်းကနေ ၀င်ငွေမရရှိကြတော့ပါဘူး။
 
တစ်ချို့တောင်သူတွေမှာလည်း တိုက်ပွဲတွေ ငြိမ်လို့ စပါးရိတ်ပြန်မယ်ဆိုရင်လည်း စစ်ကောင်စီရဲ့ တပ်စွဲနေထိုင်တာတွေ၊ အရင်မိုင်းထောင်တာတွေကြုံခဲ့ဖူးတာကြောင့် မပြန်ရဲဘဲ တစ်ပူပေါ်တစ်ပူဆင့် နစ်နာကြရပါတယ်။
 
မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိက အခြေခံလုပ်ကိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်ဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းလုပ်ငန်းတွေ၊ အရောင်းအဝယ်တွေ၊ အခြားစီးပွားရေး လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြတယ်ဆိုပေမယ့်လည်း တောင်ပေါ်ဒေသဖြစ်တာကြောင့် လယ်ယာလုပ်ကိုင်ပြီး အသက်မွေးသူတွေလည်း အများအပြားရှိတဲ့အပြင် ဘိုးဘွားဘီဘင် လက်ထက်ကတည်းကနေ ဓါးမဦးချ တောင်ယာစိုက်ခင်းလုပ်ကိုင်စားသောက် နေသူတွေလည်း မနည်းလှပါဘူး။
 
ဒါကြောင့်မို့ ဒီပထမဆုံး ဒိုင်ယာရီမှတ်တမ်းတွေထဲက တစ်ခုကို တောင်သူတွေအကြောင်း အဓိကထားပြီးရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရေးနေရင်းနဲ့ တောင်သူတွေရဲ့ ဘ၀တွေအတွက်ကို စိတ်ပူနေမိပါတယ်။ သူတို့ရုန်းကန်ရတဲ့ဘ၀တွေ၊ နေ့စဉ်စား၀တ်နေရေး ဖြေရှင်းနေရတာတွေကို ကြည့်ပြီး တိုင်းပြည်တည်ငြိမ်ပြီးတော့ တောင်သူတွေဘ၀ အမြန်ဆုံး ပြန်လည်လှပနိုင်ပါစေလို့ ဆုတောင်းပေးချင်မိပါတယ်။

ပန်းချီ JC.