ရွှေရောင် တဝင်းဝင်းနဲ့ စေတီတစ်ဆူရဲ့ ပုံရိပ်တွေဟာ အဆုံးမရှိတဲ့ ကောင်းကင်ပေါ်ကနေ ဖြန့်ကြက်ထားသလို အင်းတော်ကြီးအိုင်ရဲ့ ကျယ်ပြန့်တဲ့ ရေမျက်နှာပြင်ပေါ်မှာ ထင်ဟပ်နေပါတယ်။ ကြည်လင်လှတဲ့ ရေပြင်ပေါ်မှာကတော့ တိမ်တွေ အလိပ်လိုက် ရောင်ပြန်ဟပ်နေတာက ကချင်ပြည်နယ်ရဲ့ အဲဒီဒေသမှာ နေတဲ့ လူအများအတွက်ကတော့ ဟိုးရှေးရှေး ကတည်းက ရှိခဲ့တဲ့ ဒဏ္ဍာရီကို အမြဲ သတိရစေပါတယ်။
နှစ်ပေါင်း ထောင်ချီကြာခဲ့တဲ့ တစ်ချိန်တုန်းက ဒီနေရာမှာ ထမံသီလို့ ခေါ်တဲ့ လူမျိုးတွေ နေခဲ့ကြတဲ့ မြို့အကြီးကြီး တစ်ခု ရှိတယ် လို့ လူတွေက ဆိုကြပါတယ်။ အခု အချိန်အထိ ဒီဒေသမှာ ရှိနေသေးတဲ့ သျှမ်းနီ (သို့မဟုတ်) ရှမ်းနီလူမျိုးတွေရဲ့ ရှေးအမျိုးအနွယ်တွေလို့လည်း ဆိုကြပါတယ်။
ဒီမြို့ကြီးကို အုပ်ချုပ်သူကတော့ လူစင်စစ်ကနေ ကျားဘဝကို ကူးပြောင်းသွားတဲ့ ပညာကို တတ်တဲ့ ဘုရင်ကြီးနဲ့ သူ့ရဲ့ အလွန် ချောမောလှပတဲ့ မိဖုရားပါ။ မျက်မမြင် ကလေးဖြစ်နေလို့ သူ့ရဲ့ ခမည်းတော်က ရှက်ပြီး နှင်ထုတ်လို့ ဧရာဝတီမြစ်တစ်လျှောက်ဖောင်ပေါ်မှာ မျောလာတာကို တွေ့ပြီး ချစ်ခင်စုံမက်သွားခဲ့ပါတယ်။ နောက်တော့ နတ်ဆေးမြစ်နဲ့ ကုလို့ မျက်စိပြန်မြင်လာတယ်လို့ ဆိုကြတယ်။
ဒါပေမယ့် ဒီဘုရင်ကြီးဟာ နဂါးမင်းနဲ့ တော့ မယှဉ်နိုင်ရှာပါဘူး။
“နဂါးမင်းက ကောင်းကင်က နေပြီးတော့မှပေါ့လေ သူက ကြွေးကြော်ပေးတာ ပေါ့။ ရှေ့ ရ ရက်အတွင်း ဒီနေရာဟာ အင်းဖွဲ့ပါမယ် ပေါ့။ အဲ့ဒီတော့ ဒီကနေပြီးတော့မှ ထွက်သွားကြဖို့ ပေါ့” လို့ ရွှေမဥဇူ ဘုရားရဲ့ ဂေါပကအဖွဲ့မှာ ပါဝင်တဲ့ ဦးလူဝင်းက အဲဒီဒေသက လူတွေ အတွက် နားရေဝနေပြီ ဖြစ်တဲ့ ပုံပြင်ကို ရေစပ်နားမှာ ထိုင်ခုံချထိုင်ရင်း ပြောပြပါတယ်။
“(အဲသလို) ကြေငြာလိုက်တဲ့ အခါမှာ ညသန်းခေါင်ယံကျတော့ မုဆိုးမကြီးက ကြားတာပေါ့။ ကြားတဲ့ အခါကျတော့ အဲဒီ မုဆိုးမကြီးကနေ ပြန်ပြောပြတာပေါ့။ ရွာသားတွေက မယုံဘူး။ ဒီမုဆိုးမကြီးက ပေါ့လေ...၊ သူ လင်တ ရူးတယ် ဆိုပြီးတော့မှ ပေါ့၊ သူ့စကားငါတို့ မယုံဘူး ဆိုပြီးတော့မှ...”
“မယုံတဲ့ အခါကျတော့ ရ ရက်စေ့တဲ့ မနက်ကျတော့ အစောကြီး ဒီ မုဆိုးမက သူရဲ့ကျွဲကလေး တစ်ကောင်ကိုဆွဲ။ သူရဲ့ ပစ္စည်းလေးတွေနဲ့ မြေးလေးတစ်ယောက် ဆွဲပြီးတော့မှ သူက ထွက်ပြေးလာခဲ့တဲ့ အခါကျတော့ ဟိုလွဲမွန်ဆိုတဲ့ နေရာ ရှိတယ်၊ အဲဒီကို ရောက်တဲ့ အခါကျတော့ ပြန်လှည့်ကြည့်တော့ ဒီဟာကြီးက အင်းကြီး ဖြစ်သွားတာပေါ့။ ရေတွေဖွေးပြီး တော့ ဖြစ်သွားကုန်တာပေါ့လေ”
ဒီမုဆိုးမကြီး ထွက်ပြေးလာပြီး တောင်ပေါ်ကို ခက်ခက်ခဲခဲတက်နေတဲ့ အချိန်မှာ မုန်တိုင်းအကြီးကြီး တစ်ခုကျလာပြီး ကောင်းကင်မှာ လျှပ်စီးတွေ ဝင်းလက်လို့ပေါ့။
အင်းတော်ကြီးဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ရေချိုအိုင်ပါ။ သူ့ရဲ့ တိတ်ဆိပ်ငြိမ်သက်မှုဟာ လျို့ဝှက်ချက် တစ်ခုလို ဖြစ်နေပြီး တစ်ချိန် တစ်ချိန် ကြား ဖြတ်ပြီး အဝေးက ပါးပါးလျလျ ကြားရသံတွေကတော့ ငါးဖမ်းလှေတွေရဲ့ စက်သံ၊ စင်ရော်တွေရဲ့ အော်သံနဲ့ အဝေးက လာတဲ့ ခရီးသည်တွေရဲ့ ဘုရားပေါ်မှာ စကားပြော ရယ်မောသံတွေပါပဲ။
အိုင်ကြီးရဲ့ မျက်နှာပြင်အောက်မှာတော့ ပုံပြင်တွေ အများကြီးရှိနေတာကို မှန်းဆနိုင်ပါတယ်။
အင်းတော်ကြီးအိုင်ဟာ ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာလည်း အရေးပါခဲ့တဲ့ နေရာတစ်ခု ဖြစ်ခဲ့ပြီး စစ်အတွင်းက ရဲရင့်တဲ့ လုပ်ရပ်တွေနဲ့ ဆက်စပ်ပြီးတော့လည်း နံမယ်ကျော်ခဲ့ ပါတယ်။ စစ်တွင်းက မြန်မာပြည်အတွင်းမှာ တိုက်ခဲ့တဲ့ နံမယ်ကြီးခဲ့တဲ့ ချင်းဒစ်အထူးတပ်ဖွဲ့ယူနစ်ဟာ သူတို့ရဲ့ တပ်မှူးဆုံးပြီးတဲ့ နောက် ဒီနေရာကို ရောက်လာခဲ့ပါ တယ်။ ကွန်မန်ဒို အဖြစ်ကနေ သမားရိုးကျ ခြေလျင်တပ် အဖြစ် ပြောင်းလဲ သွားတဲ့ ဒီယူနစ်ဟာ သူတို့ အနေမကျတဲ့ စစ်တိုက်ပုံရယ်၊ လက်နက် အင်အား မပြည့်စုံတာရယ် ကြောင့် အကြီးအကျယ် ထိခိုက်သေဆုံးမှုတွေကို ခံစားခဲ့ရပါတယ်။
ဂျပန်စစ်တပ်တွေတဲ့ ထိုးစစ်တွေကို အလူးအလဲ ခံနေရချိန်မှာ အင်္ဂလိပ်တွေဟာ လေယာဉ်အသေးလေးတွေနဲ့ စွန်ဒါလန်ယာဥ်တွေသုံးပြီး (Sunderland flying-boats) ရန်သူလိုင်းများ နောက်ကွယ်မှာရှိတဲ့ အင်းတော်ကြီးအိုင်ကို ဆင်းပြီး ဒဏ်ရာရနေတဲ့စစ်သား ၅၃၇ ဦး ကို ယာယီကျန်းမာရေးစခန်းကနေ ခေါ်ထုတ်လာနိုင်ခဲ့ပါတယ်။
“သူတို့ လေယာဉ်တွေ ဒီအတောင်ပံမှာပေါ့လေ...၊ ဘောကြီးတွေ တပ်ထားပြီးတော့မှ ဒီနား (ကရွာတရွာမှာ) ထိုးဆင်းသွားတာ။ ပြန်လှည့်ပြီးတော့မှ ဦးလေးတို့ လုံးစန့်ရှေ့မှာ လာရပ်တာပေါ့။ သူတို့ ရဲဘော်တွေ လူနာရဲဘော်တွေရော ဘာတွေရော အကုန်လုံးကို ဒီလေယာဉ်ပေါ်မှာ လာတင်ပြီးတော့မှ ပြန်သွားတယ်တဲ့။ ဟိုတုန်းက ဖိုက်တာဘုတ်တွေ ရှိတယ်တဲ့။ နန့်ရုံ ဆိုတဲ့ နေရာမှာတော့ အဲဒီမှာဟိုတုန်းက အင်္ဂလိပ်တပ်ကြီး တည်ထားတယ် တဲ့”
ဦးလူဝင်းဟာ ၁၉၄၉ နှစ် မှာမှ မွေးတာမို့ ဒီအချိန်တွေကို ကိုယ်ကိုတိုင်ကြုံတွေ့ဖို့ မမှီလိုက်ပါဘူး။ ဒါကြောင့် သူ့ရဲ့ အမှတ်တရ တွေဟာ သူကြီးပြင်းလာတဲ့ အချိန်မှာ ကြားခဲ့ရတဲ့ ပုံပြင်တွေကို မှီငြမ်းပြီး ပြောနေတာပါ။
“ဒုတိယ ကမ္ဘာစစ်တုန်းက သူတို့ စစ်တပ်တွေကို အင်္ဂလိပ်ကနေ ရိက္ခာချပေးတာ လေထီးတွေနဲ့ ပေါ့။ ညောင်ပင်တို့၊ လုံးစန့်တို့ ရွာကလူတွေက တချို့လည်း လေထီးလေးတွေ ရကြတာပေါ့လေ။ လေထီးလေးတွေ ရပြီးတော့မှ အဲဒါလေးတွေနဲ့ အဝတ်အစား ချုပ်ပြီးတော့မှ ၀တ်ရတယ် ဆိုတဲ့အကြောင်းတွေပေါ့”
သူ လူငယ်ဘဝမှာတော့ ပဋိပက္ခအသစ်တစ်ခု သူ့ရဲ့ လှပတဲ့ မွေးဒေသမှာ ပေါ်ပေါက်လာပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင် လက်နက်ကိုင် အုပ်စုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ရဲ့ တိုက်ပွဲတွေဟာ ၁၉၆၄ ကနေပြီး ၁၉၉၃ အထိ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာမှာ သူ့ရဲ့ ရွာလေးလည်း မြေစာပင် ဖြစ်ခဲ့ရပါတယ်။
“ဦးတို့မှာ အဲဒီ စစ်ဘေးစစ်ဒဏ် ခံခဲ့ရတာ ပြောမနေနဲ့တော့။ ဦးလေးတို့ ဒါ မှတ်မိသလောက် ဆိုရင် ဦးလေးတို့ ရွာမှာလည်း တိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ပွဲတွေ ခဏခဏဖြစ်၊ ဦးလေးတို့မှာ ပြေးရတယ်။ သွားတာ လာတာကလည်း ကိုယ်ထင်သလို မသွားခဲ့ရဘူး။ ကြောက်နေရတာ ပေါ့။ အဲသလိုတွေ နေခဲ့ရတယ်” လို့ ဆိုပါတယ်။
တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးလို့ စံတင်ထားရတဲ့ ကျောက်စိမ်းထွက်တဲ့ တောင်တန်းတွေ ထူထပ်တဲ့ ကချင်ပြည်နယ်က ဖားကန့်မြို့နယ်ဟာ အင်းတော်ကြီးကနေဆို တောင်ဘက် ၃၅ မိုင်ပဲ ကွာပါတယ်။ ဒီ ကျောက်မျက်ရတနာဟာ အိမ်နီးနားချင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်မှာ လိုချင် တပ်မက်သူတွေ အရမ်းကိုပဲ များလွန်းလို့ မြန်မာပြည်က ထွက်တဲ့ ကျောက်မျက်ရတနာတွေထဲက တန်ဖိုး အထားရဆုံးကို ဧကရာဇ်ကျောက်စိမ်းလို့ လူသိများကြပြီး ဒေါ်လာဘီလီယံ ချီတဲ့ ဈေးကွက်ဖြစ်ပါတယ်။
၁၉၉၀ နှစ်လွန်ခေတ်တွေ အလည်လောက် အထိ ကေအိုင်အို လက်ထဲမှာ ရှိခဲ့တဲ့၊ အလွန်အမင်း အကျိုးအမြတ်တွေ ထွက်ခဲ့တဲ့ ဖားကန့်ဒေသဟာ အစိုးရလက်ထဲကို ပြန်ရောက်ပြီး နောက်ပိုင်းမှာတော့ စစ်တပ်နဲ့ အရင် စစ်အစိုးရ လက်ထက်က အစိုးရတွေနဲ့ အနီးကပ်သူတွေ ပိုင်ဆိုင်လုပ်ကိုင်တဲ့ အကြီးစား သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် လကမ္ဘာလိုမျိုး အချိုင့်ချိုင့် အခွက်ခွက်တွေနဲ့ ဖြစ်နေပါပြီ။ ကချင်နဲ့ မြန်မာတပ်နဲ့ လတ်မှတ်ထိုးထားတဲ့ အပစ်အခတ် ရပ်စဲရေး ကလည်း ၂၀၁၁ မှာ ပြိုကွဲသွားပြီးတဲ့ နောက်ပိုင်းမှာတော့ ဒီအနီးတဝိုက်မှာလည်း တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
အခုအချိန်အထိလည်း ဖားကန့်ကို သွားတဲ့ လမ်းပေါ်မှာ စစ်ဆေးရေး ဂိတ်နဲ့ သေနတ်ကိုင်ထားတဲ့ စစ်သားတွေ ရှိနေဆဲပါ။ ဦးလူဝင်းကတော့ အရင်ကနဲ့ စာရင် ငြိမ်းချမ်းပါတယ် လို့ ဆိုပါတယ်။
ပဋိပက္ခတွေ၊ ကျောက်စိမ်းရော ရွှေရော တူးတာတွေ၊ လူဦးရေ တိုးပွားလာတာတွေဟာ အင်းတော်ကြီးအိုင်အပေါ်မှာ ဖိအားတွေ အဆမတန် ပေးနေပါပြီ။
“ဦးတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတော့ အများကြီး ပြောင်းလဲ သွားပါတယ်။ ဦးတို့ ငယ်ငယ်တုန်းက ဒီအင်းကြီး ပတ်ပတ်လည်မှာ ဒီကမ်းဘေးတွေမှာ ကျည်းပင်တို့ ကုတက်ပင်တို့ အပင်တွေ စိမ်းလန်းစိုပြေပြီးတော့မှ နေတာ။ အခု မရှိတော့ဘူး” လို့ ဦးလူဝင်းက ဆိုပါတယ်။
“အသက် ဆယ့်လေးငါးနှစ် အရွယ်တုံးက ဆိုရင် ဒီရဲ့ တောတောင် သဘာဝတွေ ကောင်းတဲ့ အချိန်မျိုးမှာလေ ကျားရှိတယ်၊ ဆတ်တွေ ရှိတယ်၊ ဒရယ်တွေ ရှိတယ်၊ ပြောင်တွေ ရှိတယ်။ ဦးလေးတို့ ဘုန်းကြီးကျောင်းနေတာ။ ငယ်ငယ်တုန်းက ပေါ့လေ။ ကျောင်းရဲ့ ဟိုဘက်ကိုဆို ရွာ မရှိဘူး။ တောစပ်နားမှာ ပေါ့။ အဲဒီမှာ ခွေးတွေ မွေးထားတာ ညကို လာလာဆွဲတာ။ ညကျရင်အော်တာ ဦးတို့တောင်မှ ကျောင်းပေါ်ကတောင် ကြောက်ရတယ်။ ကျားတွေ တအားကြီး ပေါတာ။ အခု ကျားခြေရတောင် မမြင်ရတော့ဘူး”
“တောပြုန်းသွားတာကြောင့်မို့ ပေါ့။ သူတို့ တောတိရိစ္ဆာန်တွေလည်း မနေဘဲနဲ့ သွားကြလိုက်တာပေါ့”
မျှားတာ များလွန်းလို့ ငါးတွေလည်း ရှားပါးလာပြီး အင်တော်ကြီးအိုင် လို့ နံမယ်ကျော်ကြားစေတဲ့ ငှတ်တွေလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲ လာပါပြီ။
“ဒင်ကြီးတွေဆို ဟိုတုန်းကဆို အုပ်လိုက် အုပ်လိုက်။ ဒီလို ကမ်းဘေးမှာ သစ်ပင်တွေမှာဆို အုပ်လိုက်ကို နားပြီးမှ နေတာ။ မည်းပြီးတော့နေတာ။ အခု သိပ်ပြီး မမြင်ရတော့ဘူး”
“ဦးလေးတို့ အသက် ၆၀ ကျော်ပြီပေါ့။ ရာသီဥတုတွေက အဲဒီလို အင်မတန်မှ ပြောင်းလဲသွားပြီ။ အသက်၂၀ အရွယ်တုန်းက ဒီ ဇင်ယော်တွေ ဒီ အင်းထဲမှာမရှိဘူး။ သူများ ပြောကြတာ ဟိုးပင်လယ်ထဲမှာတွေ ဇင်ယော်တွေ အုပ်လိုက် အုပ်လိုက် နေတယ် ဆိုတာ၊ ဒါပဲကြားဖူးတယ် လေ။ အခုကျမှဒါ ဒီသဘာဝဟာ ပြောင်းလဲ လာတော့ ဒါသူတို့နဲ့ ကိုက်ညီလို့ ဒီကိုရောက်လာတယ် လို့ ဦးလေးကတော့ ထင်တာ”
သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာတဲ့ အတွက် အင်းတော်ကြီးနဲ့ သူ့တဝိုက်ကို ငါးရှာဖို့၊ လယ်ထွန်ဖို့ အားပြုနေရတဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းတွေ အခက်အခဲတွေ တွေ့ကြုံလာရပါတယ်။ ဒီဒေသရဲ့ သဘာဝအလှကြောင့်လည်း ရေရှည် တည်တံ့မယ့် ခရီးသွားလာရေး လုပ်ငန်း လုပ်ဖြစ်နိုင်ကောင်းတယ် လို့လည်း မျှော်လင့်ရပါတယ်။
“ဟိုတုန်းက အင်းတော်ကြီးက အခုလိုအချိန်မှာ အဲသလိုသာ ရှိနေမယ် ဆိုရင် အင်းတော်ကြီးရဲ့သဘာဝဟာ ဘယ်လောက် အထိ နိုင်ငံခြားသားတွေ မျက်စိထဲမှာ ဘယ်လောက်ကျမလဲ ဆိုတာကို ဒါ ဦးလေးအနေနဲ့ စဉ်းစားလိုက်တာပေါ့” လို့ ဦးလူဝင်းက ပြောပါတယ်။ ဦးလူဝင်းဟာ အင်းတော်ကြီးရဲ့ သူမတူ ထူးခြားတဲ့ ဇီဝမျိုးစုံကွဲများကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ခရီးသွားတွေကို ပိုပြီးဆွဲဆောင်မှု ရှိစေဖို့ ကြိုးစား လုပ်ကိုင်နေတဲ့ ဒေသခံတွေထဲက တစ်ဦးပါ။
နိုင်ငံတကာ အဖွဲ့အစည်းတွေထဲက တစ်ခု ဖြစ်တဲ့ Flora and Fauna International (FFI) နဲ့ပေါင်းပြီး ရွာ ၈ ရွာဟာ ဧက ၅၀ နီးပါးရှိတဲ့ သစ်တောကို ပြန်စိုက်ဖို့ ကြိုးစားနေကြပါတယ်။
မြန်မာနိုင်ငံဟာ တကမ္ဘာကြီးဆီကို မကြာခင်ကမှ ဖွင့်လှစ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒါနဲ့တွဲပြီး ဖြစ်ပေါ်လာတဲ့ အင်းတော်ကြီးတဝိုက်က တိုးတက်လာတာတွေကို သူကြိုဆိုပါတယ် လို့ ဦးလူဝင်း က ပြောပါတယ်။ ဒါပေမယ့် နဂါးမင်းကြီး ဖန်ဆင်းထားတဲ့ ဒီအင်းတော်ကြီးအိုင်ကြီးဟာ သဘာဝချိန်ခွင် အတွက် လျှာတည့်အောင် ပြန်ပြီး လုပ်ရမယ်လို့ ဆိုပါတယ်။
"ဟိုတုန်းကတော့ ရွာတစ်ရွာနဲ့ တစ်ရွာ သွားဖို့ဟာ ခြေကျင်သွားရတာ၊ ရွှံ့ဗွက်တောထဲမှာ ချည့်ပဲ သွားခဲ့ကြရတာ။ ဟိုတုန်းနဲ့ စာရင် လမ်းပန်းအဆက်အသွယ် အားလုံး လူနေမှု အဆင့်အတန်းတွေ မြင့်လာခဲ့တယ်။ ဒါပေမယ့် သဘာဝတောတောင်...၊ အဲ့ဒါတွေဟာ အကုန်လုံး ဟိုတုန်းကနဲ့ မတူတော့ပါဘူး။ ဆုတ်ယုတ် သွားပါပြီ။ ပျက်စီးလာပါပြီ။ လူတွေလည်း ပြောမယ် ဆိုရင်ကတော့ သဘာဝရဲ့ဒဏ်ကို တစစနဲ့ ခံစားလာရပါပြီ”
(ဇန်နဝါရီ ၂၀၁၇ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)