ကတုတ်ကျင်းတူးနေရသော ချင်းပြည်နယ်မှပြည်သူများ

ကတုတ်ကျင်းတူးနေရသော ချင်းပြည်နယ်မှပြည်သူများ

ချင်းပြည်နယ်

စာရေးသူဟာ ချင်းပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါတယ်။

တူမီးသေနတ်ဆိုတာဟာ ချင်းပြည်နယ်ရဲ့ ရိုးရာအသုံးအဆောင်ပါ။ ဟိုအရင်ကတည်းက ပြည်သူတိုင်း လွတ်လွတ်လပ်လပ်ကိုင်ဆောင်လို့ရတဲ့အတွက် ရိုးရာပွဲတွေမှာ၊ ရိုးရာဓလေ့အရ အသုဘမှာ တူမီးသေနတ်ပစ်တယ်၊ အမဲလိုက်တဲ့အခါ တူမီးသေနတ်သံသုံးတယ် ဆိုတော့ ဒီအသံက နေ့တိုင်းလိုလိုကြားရပါတယ်။ 

ဆိုတော့ တောထဲမှာ တူမီးသေနတ်သံကြားရပြီဆိုရင် မိသားစုထမင်းဝိုင်းအတွက် ဘာတောကောင်ရလာ မလဲဆိုတဲ့ ရင်ခုန်သံအတွေးနဲ့ စိတ်ထဲကနေ မျှော်လင့်ခဲ့ကြပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာတော့ ချင်းပြည်နယ်၊ ကျွန်တော်တို့ မြို့မှာ ကြားရတဲ့ လက်နက်ကြီးသံ၊ သေနတ်သံတွေကတော့ ဒီလိုမဟုတ်တော့ပါဘူး။  

ဒီအသံတွေက ပြည်သူလူထုက စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ သေနတ်သံတွေပါ။ ယခင်က ကြားနေရတဲ့ အသံတွေနဲ့ မတူတော့ပါဘူး။ 

ဒီတော့ ပြည်သူတွေကလည်း မိမိကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ကတုတ်ကျင်းတွေကို စတင်တူး ကြပါတော့တယ်။ မြို့ပေါ်မှာရော ကျေးလက်ဒေသတွေမှာပါ ကတုတ်ကျင်းအကုန်တူးကြပါတယ်။ ကတုတ်ကျင်းတူးတဲ့အခါမှာ မြေပြိုမှုကြောင့် အသက်ဆုံးရှုံးသွားတဲ့ ပြည်သူတွေလည်း ရှိခဲ့ပါတယ်။ 

တိုက်ပွဲဗဟုသုတနည်းပါးတဲ့အပြင် မီဒီယာကဏ္ဍမှာလည်း အားနည်းတဲ့ ကျွန်တော်တို့မြို့မှာ သတင်းအမှားတွေနဲ့ လွမ်းမိုးလာခဲ့ပါတယ်။ သတင်းအမှားတွေကြောင့် ပြည်သူတွေက နေ့ရော ညရော မအိပ်ရဲ၊ မစားရဲတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဉပမာ သူများတွေအမြင်နဲ့ပြောတာတွေကို လိုက်လုပ်ကြတယ်။ စစ်တပ်ကလာပစ်လို့မသေဘဲ ကတုတ်ကြွင်းပြိုကျပြီး သေတာတွေ ရှိလာတယ်။ နောက်တခါ အခုဘဲစစ်ကြောင်းတက်လာပြီလို့ကြားရင် တောထဲကိုပြေးကြပြန်ပြီ။ 

ဒါကြောင့် တစ်အိမ်ထောင်မှာ အနည်းဆုံးက တုတ်ကျင်းနှစ်ခုကျော်အထိ တူးပြီး မိသားစုဝမ်းရေး အတွက် အခြားအလုပ်အကိုင်ကို ပဓါနမထားနိုင်တော့ဘဲ တိုက်ပွဲဖြစ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကတုတ်ကျင်းသာ ပထမ၊ ဒုတိယ၊ တတိယဟုဆိုကာ အပြိုင်အဆိုင်ကြိုတင်ပြင်ဆင်ခဲ့ကြပါတော့တယ်။ တစ်ချို့က မိမိအိမ်ပတ်ဝန်းကျင်မှာ ကတုတ်ကျင်းတစ်ခု၊ တောထဲမှာတစ်ခု ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ 

သူတို့မိသားစု တူးထားတဲ့ကတုတ်ကျင်းက ခိုင်ခံ့တယ်။ ပိုကောင်းတယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အတုယူကာ ကတုတ်ကျင်း ကို ပုံစုံမျိုးစုံဖော်ကာ ပြုလုပ်ကြပါတယ်။ 

တိုက်ပွဲဖြစ်လာပြီဆိုတာနဲ့ တောထဲက ကတုတ်ကျင်းမှာ ကြိုတင် ရှောင်တိမ်းဖို့ စိတ်ကူးကြသလို တစ်ချို့က တိုက်ပွဲဖြစ်ပွားလာပါက မိမိအိမ်နားရှိ ကတုတ်ကျင်းထဲမှာ ချက်ချင်းပုန်းခိုဖို့ တွေးနေကြပါတယ်။ ကတုတ်ကျင်းတွေ တူးပြီးတဲ့အခါမှာ စစ်ရှောင်ရင်း စားသောက်ဖို့အတွက် ဆန်အပါအဝင် အခြားစားဖွယ်ရာတွေကိုလည်း အသင့်ထားခဲ့ကြတယ်။ တစ်ချို့ကတုတ်ကျင်းထဲက အသင့်ထားတဲ့ ဆန်တွေ မှိုတက်ပြီး ပျက်စီးသွားတာရှိသလို တစ်ချို့ဆန်တွေ အခိုးခံရတာတွေ ကြုံခဲ့ကြပါတယ်။ 

ကျွန်တော်တို့ မြို့မှာ တိုက်ပွဲအတွက် အချိန်ပေးပြီး လနဲ့ချီကာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပေမယ့်လည်း နောက်ဆုံးမှာတော့ အလဟသာဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲတစ်ကယ်ဖြစ်လာတဲ့ အခါ ဒေသခံပြည်သူတွေက တုန်လှုပ်ခြောက်ခြားပြီး ကတုတ်ကျင်းထဲမှာ မပုန်းတော့ဘဲ လွတ်ရာလွတ်ကြောင်းကို ပြေးလွှားတိမ်းရှောင်နေကြတော့တာမို့ပါ။ 

တိုက်ပွဲအရှိန်မြှင့်လာတဲ့အခါ ချင်းပြည်နယ်နဲ့အနီးဆုံးဖြစ်တဲ့ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲ ကို အများစုထွက်ပြေးကြပြီး တစ်ချို့က စစ်ကောင်စီတပ် တွေ လက်လှမ်းမမီတဲ့ နေရာတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။ 

လချီအချိန်ပေးပြီး တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ကတုတ်ကျင်းတွေဟာ မြွေ၊ ဖား၊ ပင့်ကူ၊ ကြွက်နဲ့ အခြားတိရိစ္ဆာန်တွေအတွက် ခိုအောင်းရာဖြစ်ခဲ့ပါတယ်။ တိုက်ပွဲရှောင်တဲ့အခါ စားသုံးဖို့ ကတုတ်ကျင်းမှာ စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေဟာလည်း ရေတွက်လို့မရအောင် ဆုံးရှုံးကြရပါတယ်။ 

ကျွန်တော်တို့ မြို့နယ်မှာ စစ်ကောင်စီက ပြည်သူလူထုတွေကို နည်းလမ်းမျိုးစုံးနဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး လူအခွင့်အရေးမျိုးစုံခြိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော်ဟာ ပြည်တွင်း/ပြည်ပမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ 

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ရန် မဖြစ်နိုင်တဲ့ လက်ရှိမြို့တွင်းမှာ ကျန်နေတဲ့ ပြည်သူတစ်ချို့ဟာဆိုရင် စစ်ကောင်စီတပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ နည်းလမ်းပေါင်းစုံနဲ့ စိတ်ရော/လူပါပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေကြရပါတော့တယ်။

အခုချိန်မှာတော့ စစ်တပ်က တူမီးကိုင်တာနဲ့ ၅၀ (က) အကြမ်းဖက်အဖြစ်ဖမ်းနေပါတယ်၊ တူမီးသေနတ်တွေကိုလည်းသက်ဆိုင်ရာရဲစခန်းတွေမှာလာအပ်ခိုင်းနေပါတယ်။ ဒါပေမယ့် ဒေသခံကာကွယ်ရေးတပ်တွေကတော့ ရိုးရာဖြစ်တဲ့ တူမီးတွေကိုင်နေတုန်းပါပဲ။

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။