သူမ ငယ်ငယ်တုန်းကတော့ ဒေါ်စဝ်ဟေမာသိုက်ဟာ "ဟော်"နန်းတော်ထဲက မင်းသမီးတော် တစ်ဦးပါ။ ဟော်နန်းတော်ရဲ့ လှပသာယာတဲ့ ပန်းဉယျာဉ်ဟာ သူ့ရဲ့ ကစားကွင်းပါပဲ။ လာလည်တဲ့ ဧည့်သည်တွေက သူတို့ကို ဦးစားပေးတဲ့ ကစားဖော်တွေပေါ့။ ခမ်းနားတဲ့ ပွဲတွေကလည်း သူ့ကို ဒေသလှုပ်ရှားမှုတွေ အတွက် အဓိကကျတယ် လို့ ခံစားခဲ့ရပါတယ်။
အခုအသက် ၇၀ ကျော်လာပြီဖြစ်တဲ့အခါမှာတော့ အခွင့်ထူးရယ်လို့ဆိုရင် ကိုယ်ကြီးပြင်းလာခဲ့တဲ့ နန်းတော်ဆီကို ပြန်တဲ့အခါမှာ ဝင်ကြေးမပေးရတာပဲ ရှိတော့တယ်။ ဟော်နန်းတော်ကို သွားပြန်ရင်လည်း သူစိမ်းတွေကြားမှာ အိမ်ကြီး တဖြေးဖြေးနဲ့ ငြိဆွေးလာတာကို တွေ့ရပါတယ်။
ဒီလိုတွေ့ပါများလေ၊ ဒီအမွေအနှစ်ကို မိသားစုလက်ထဲပြန်ရဖို့ သူပိုပြီး ဆုံးဖြတ်မိတယ်။ သူ့အဖေရော မောင်လေးရော ဆုံး မိသားစုတွေလည်း တစ်ကွဲတစ်ပြားဖြစ်စေခဲ့တဲ့ စစ်အာဏာသိမ်းတဲ့ အချိန်ကတည်းက ဒီအိမ်ကြီးကိုပါ သိမ်းသွားတာ ဆယ်စုနှစ်တွေကြာခဲ့ပါပြီ။
“ဒါဟာ အန်တီတို့ရဲ့ အိမ်ဆိုတာ လူတိုင်းသိပါတယ်” လို့ ညောင်ရွှေဟော်ကို ရည်ညွှန်းဆိုပါတယ်။
ရှမ်းပြည်နယ်ရဲ့ တောင်တန်းတွေ ကြီးစိုးတဲ့ မြို့တော်တောင်ကြီးမြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုမှာ အန်တီရဲ့ ဟိတ်ဟန် မကြီးမားတဲ့ တစ်ထပ်တိုက်ခြံဝင်းထဲကနေ ပျောက်ဆုံးသွားတဲ့ အမွေအနှစ်ကိုပြန်ရဖို့ သူကြိုးပမ်းနေပါတယ်။
အိမ်ဝင်းထဲမှာ ဒန်းကလေးရယ်၊ သေသေချာချာပြုစုထားတဲ့ ပန်းခြံထဲမှာ စိတ်လှုပ်ရှားလွယ်ပြီး ပြေးလွှားတတ်တဲ့ ခွေးတစ်အုပ်စုရယ် ရှိပါတယ်။ လူအများရဲ့ အာရုံစူးစိုက်ခံရမှုကို သူ့ဘဝ တစ်လျှောက် တစိုက်မတ်မတ် ရှောင်ရှားပြီး နှစ်ရှည်လများ နေခဲ့တဲ့ အမျိုးသမီး တစ်ယောက်အတွက်တော့ ဒီအတုအယောင် ဟန်ဆောင်မှုတွေ မရှိတဲ့ အိမ်ကလေးဟာ အနေကျ လိုက်ဖက်ပါတယ်။
အန်တီဟေမာကို မွေးဖွားကြီးပြင်းလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထဦးဆုံး သမ္မတ ဖြစ်တဲ့ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ရဲ့ သမီးတစ်ဦးအနေ နဲ့ အင်းလေးကန်တော်ကြီးရဲ့ တောင်ဘက်အခြမ်းမှာ ရှိတဲ့ ရှမ်းပြည်နယ်က ညောင်ရွှေမြို့ပေါ်က လှပတင့်တယ်တဲ့ “ဟော်” နန်းတော်နဲ့ကတော့ အလွန်ကွားခြားလှပါတယ်။
ဒါပေမယ့် ဒီအမှတ်သညာတွေကို အန်တီဟေမာ အခုနေတဲ့ အိမ်ကလေးရဲ့ နံရံတွေပေါ်မှာတွေ့နိုင်ပါတယ်။ ပူစီနံအရောင် ဆေးသုတ်ထားတဲ့ နံရံတွေပေါ်မှာ နှစ်ကြာလို့ နွမ်းနေတဲ့ မိသားစု ဓာတ်ပုံတွေလည်း အပါအဝင်ပါ။ နန်းတွင်း မင်းသား၊ မင်းသမီးတွေရဲ့ ခမ်းခမ်းနားနားဓာတ်ပုံတွေထဲမှာ အန်တီရဲ့ဖခင် (အမည်အပြည့်အစုံ − ကမ္ဘောဇရဋ္ဌ သိရီပဝရမဟာဝံသ သုဓမ္မရာဇာ) လည်း ပါဝင်ပါတယ်။
“စော်ဘွားတွေဟာ နေဝင်တာရဲ့ သခင်တွေလေ။ အဲဒီတော့ ညနေ ၆ နာရီက စပြီး တေးဂီတတွေ စပြီ” လို့ သူက ဆိုပါတယ်။
ဒီညောင်ရွှေဟော်ဟာ သစ်သားတွေ၊ အုတ်တွေနဲ့ ဆောက်ထားတာ ဖြစ်ပြီး အန်တီဟေမာဟာ သူငယ်ငယ်တုန်းက ကြီးကျယ်တဲ့ ခန်းမဆောင်ကြီးတွေမှာ ခမ်းနားထည်ဝါတဲ့ ပွဲတွေ ပေးခဲ့တာ၊ ဒေသလှုပ်ရှားမှုတွေ အတွက် အဓိကရကျပြီး စည်ကားတဲ့ နေရာဖြစ်ခဲ့တာကို အမှတ်တရ ရှိနေဆဲပါ။
ဟော်ကြီးဟာ အခုအချိန်အထိ မားမားမတ်မတ်ကြီး ရှိနေပါသေးတယ်။ သူ့လို ပြီးခဲ့တဲ့ရာစုနှစ်ကို အသက်ရှင် ကျန်ရစ်တဲ့ ရှမ်းဟော်တွေဟာ အလွန်တရာ နည်းပါးပါတယ်။ ဒါပေမယ့် ညောင်ရွှေဟော်ကြီးဟာလည်း ရာသီဉတုဒဏ်ရယ်၊ နှစ်ရှည်လများ လျစ်လျုရှုပြီး ဂရုမစိုက်ပစ်ထားတဲ့ ဒဏ်တွေရယ်ကြောင့် အတော်လေးကို ယိုယွင်းနေပါပြီ။ အင်းလေး ကန်ကြီးရဲ့ အလှကို မြင်ချင်လို့ ညောင်ရွှေကို ထောင်နဲ့၊ သောင်းနဲ့ ချီပြီး လာကြတဲ့ ခရီးသွားတွေထဲမှာ ဒီဟော်ကြီး အကြောင်းကို မသိတဲ့သူတွေလည်း အများအပြားပါ။
မြန်မာနိင်ငံရဲ့ နိုင်ငံရေးမုန်တိုင်းထဲမှာ ဆွေမျိုးရင်းချာ မောင်နှမတွေ သတ်ဖြတ်ခံရ၊ အဝေးနယ်ကို လွင့်သွားကြရတာကြောင့် မိသားစုနန်းဝင်အမွေအနှစ်တွေနဲ့ ဟော်နန်းတော်ကို ပြန်လည် ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့ အတွက် တစ်ဦးတည်းသော နောက်ဆုံး မျှော်လင့်အားထားရသူဟာ အန်တီဟေမာပါ။
“ကျွန်မပဲ ကျန်တော့တယ်” လို့ အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ အန်တီဟေမာက သူ့ပေါင်ပေါ်မှာ လက်ကလေးတင်လို့ ခိုင်မြဲစွာ ပြုံးပြီး ပြောပါတယ်။
“ဟော်” တကယ်ကို အသက်ဝင်လာတဲ့ အချိန်တွေကတော့ နှစ်စဉ် ကျင်းပနေကျ ပွဲတော်တွေ ဖြစ်တဲ့ ကာလတွေမှာပါ။ ရေပက်တဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲ အပါအဝင်ပေါ့။
“မိန်းကလေး ချောချောလေးတွေက ရေဖလား တွေကို ကိုင်ကြတယ်။ အဲဒါက နှစ်တိုင်း အစဉ်အလာ။ သူတို့က အိမ်ကို အမြဲလာတယ်။ အဲဒီတော့ အိမ်ကနေ တစ်မြို့လုံးကို ကျွေးမွေးတယ်။ တစ်ကယ့်ကို ကြီးမားတဲ့ အခါသမယကြီးပါ” လို့ အန်တီဟေမာက ပြောပါတယ်။ အသက် ၈၀ ကျော်တဲ့ သူတွေပဲ မှတ်မိနိင်မယ် လို့လည်း အန်တီဟေမာက ဆက်ပြီး ပြောပါတယ်။
ရှမ်းရိုးရာအရ ဆိုရင် ရေပက်တာဟာ နှစ်သစ်ကူးတဲ့နေ့ တစ်ရက်မှာသာ ဖြစ်ပြီး အဲဒီအတွက်ကြောင့် ဒီနေ့ဟာ အထူးကို တက်ကြွဝေဆာတဲ့ ခံစားမှုတွေနဲ့ လွှမ်းမိုးနေတာပါ။ အဓိကအားဖြင့်တော့ တော်ဝင်ကလေးငယ်တွေ အတွက်ပေါ့။
“နှစ်သစ်မှာ မြို့ကလူတွေ စော်ဘွားကို လာကန်တော့ကြတယ်။ အန်တီတို့ အဲဒီတုန်းက လုပ်တာ ဆိုးတယ်။ သူတို့တွေရဲ့ ထီးတွေကိုဝှက်၊ သူတို့တွေရဲ့ ဖိနပ်တွေကိုဖွက်။ သူတို့ကို ရေပက်လို့ရမှ အဲဒါတွေကို ပြန်ပေးတယ်” လို့ အန်တီဟေမာက ပြောပါတယ်။
စဝ်ရွှေသိုက်ဟာ မိဖုရား ၅ ဦးရှိပြီး သားသမီး ၁၁ ဦး ရခဲ့ပါတယ်။ တိုးချဲ့မိသားစုကလည်း အကြီးကြီးပေါ့။ အဲဒီတော့ အန်တီဟေမာ ကွက်ကွက်ကွင်းကွင်း မှတ်မိတာတွေကတော့ အိမ်ခြံဝင်းထဲက မြက်ခင်းပေါ်မှာ အုပ်မိုးနေတဲ့ သစ်ပင်ကြီးတွေကြားမှာ မောင်နှမတွေအတူတူ ဆော့ကစားခဲ့တာတွေ ပါ။ ဒီဝင်းခြံကြီးထဲမှာ တင်းနစ်ကစားကွင်း၊ မြင်းဇောင်း အပြင် ဆုတောင်းတဲ့ ရေတွင်းလည်း ရှိတော့ ကစားကွင်းအကြီးကြီးလိုပါပဲ။
“တူတူပုန်းတမ်းကစားရင် ဘယ်နေရာအထိပဲ လို့ ကန့်သတ်ရတယ်။ မဟုတ်ရင် ရှာလို့ မတွေ့ဘူး” လို့ အန်တီဟေမာက ပြောပါတယ်။
“အားလုံး အတူတကွဆိုရင် မိသားစုကကြီးတယ် ဆိုတော့ ဘယ်တော့မှ တစ်ယောက်တည်း အထီးကျန်တယ် ဆိုတာ မရှိဘူး”
မိသားစုဖွဲ့စည်းပုံဟာ ခက်ခဲရှုပ်ထွေးတယ် လို့ ထင်ရပေမယ့် မောင်နှမအရင်းတွေပဲ ဖြစ်ဖြစ်၊ အဖေတူ အမေကွဲတွေပဲ ဖြစ်ဖြစ် အားလုံးကို သူတို့ရဲ့ အဖေက ညီညီမျှမျှ ဆက်ဆံတယ် လို့ အန်တီဟေမာက ဆိုပါတယ်။
“သူက ဘယ်တစ်ယောက်ကိုမှ လျစ်လျုမရှုဘူး။ ပြီးတော့ အမြဲတမ်း အန်တီတို့ကို ဘာပြောသလဲ ဆိုတော့ မျှဝေဖို့။ ချောကလက်ရှိတယ် ဆိုရင် ဝေကြဖို့၊ လောဘမကြီးဖို့။ နောက် အန်တီတို့ ငယ်ငယ်ကလေးတည်းက တရားထိုင်တယ်။ မြတ်စွာဘုရားရဲ့ နိယာမတွေ အပေါ်မှာ ပေါ့”
ရှမ်းပြည်နယ်ဟာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေပြီး ရှမ်းဘုရင်တွေလို့ သတ်မှတ်လို့ ရတဲ့ စော်ဘွားတွေအုပ်ချုပ်တဲ့ နေရာဒေသတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ ဒီစော်ဘွားတွေဟာ အချင်းချင်း အပြန်အလှန် သစ္စာရှိသလို ဒီဒေသရဲ့ သြဇာလွှမ်းမိုးမှုဟာ မြန်မာနိုင်ငံအတွင်းမှာ အတော်လေးကို ပေါက်ရောက်ပါတယ်။ ရာစုနှစ်တွေ အများကြီး ဂုဏ်ယူ ဝင့်ကြွားလာတဲ့ ရိုးရာအစဉ်အလာတွေအပြင် တိုင်းဘာသာစကားနဲ့ တိုးတက်တဲ့ စာပေအမွေအနှစ်ရယ်၊ ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ တောင်ကုန်းတွေ ချိုင့်ဝှမ်းတွေ ပြည့်နေတဲ့ ရှုခင်းတွေ ရှိပြီး ကိုယ့်ဟာကိုယ် ဖူလှုံမှုရှိတယ် ဆိုတဲ့ သဘောနဲ့ ခိုင်ခံတဲ့ ဒေသပါ။
ကိုလိုနီခေတ်အောက်မှာ ဒီဒေသဟာ နယ်စပ်ဒေသများ ဆိုတဲ့အထဲမှာ ပါခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တစ်စိတ် တစ်ပိုင်းသာ ရခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံကိုလောင် ပြီးနောက်မှာ ကိုလိုနီလက်အောက်က လွတ်လပ်ခွင့် တောင်းဆိုတာတွေ အထွတ်အထိပ်ရောက်လာတဲ့ အချိန်မှာ အရင်တုန်းကလို မျိုးရိုးလိုက် အုပ်ချုပ်မှုစနစ်ဟာ အဆုံးသတ်တော့မယ် ဆိုတာကို အသိအမှတ်ပြုလာကြပါတယ်။
တိုင်းပြည်ရဲ့ လွတ်လပ်ရေး အတွက် လမ်းခင်းပေးခဲ့တဲ့ မြန်မာနိုင်ငံက အကြီးမားဆုံး တိုင်းရင်းသားလူမျိုးစုတွေ တွေ့ဆုံပြီး လက်မှတ် ရေးထိုးခဲ့ကြတဲ့ ၁၉၄၇ သဘောတူညီမှုဟာ တောင်ကြီးမြို့ကနေ ကီလိုမီတာ ၁၀၀ လောက်ဝေးတဲ့ ပင်လုံမြို့လေးမှာ ပေါက်ဖွားလာတာပါ။ ဒီအစည်းအဝေးကို စဝ်ရွှေသိုက်က အိမ်ရှင်အနေနဲ့ ဦးဆောင်ခဲ့ပြီး လူမျိုးစု ဗမာတွေရဲ့ ကိုယ်စားပြုကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းပါ။ သူဟာ အန်တီဟေမာရဲ့ ငယ်သူငယ်ချင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
လပိုင်းအတွင်း လွတ်လပ်ရေး မရခင်လေးမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတာဟာ ဒီဗမာမိသားစုရဲ့ အဖြစ်ဆိုးတင် မကပဲ နောက်မြန်မာနိင်ငံမှာ ဆက်ဖြစ်လာမဲ့ ပရမ်းပတာတွေ၊ သွေးထွက်သံယိုမှုတွေရဲ့ ရှေးဦးအစပါပဲ။
လွတ်လပ်တဲ့ မြန်မာနိင်ငံရဲ့ ပထမဦးဆုံး သမ္မတဖြစ်လာတဲ့အခါမှာ စဝ်ရွှေသိုက်ဟာ ရန်ကုန်ကို ပြောင်းလာပါတယ်။ နိုင်ငံတော်အတွက် အတော့်ကို နူးညံ့သိမ်မွေ့ပြီး ဘာမှမကြာလိုက်တဲ့ လွတ်လပ်တဲ့ အချိန်လေးမှာ ပဲ့ကိုင်လုပ်ဖို့ပေါ့။
“သူက ကောင်းမွန်တဲ့ အုပ်ထိန်းသူတစ်ယောက်ပါ။ ပြီးတော့ ရှမ်းပြည်နယ်က လူတွေကို သူချစ်တယ်” လို့ အန်တီဟေမာက သူ့ဖခင်အကြောင်း ပြောပါတယ်။
မြန်မာနိင်ငံ ခေတ်မီဖို့် ၁၉၅၀ ခုနှစ်တွေ အတွင်းမှာ ရှမ်းစော်ဘွားတွေဟာ သူတို့တွေရဲ့ အာဏာတွေကို ဒေသခံ အစိုးရအသစ်တွေဆီကို လွှဲပြောင်းပေးခဲ့ကြပါတယ်။ ဒါပေမယ့် အန်တီဟေမာ တို့မိသားစုဆီမှာ “ဟော်” ရှိနေပါသေးတယ်။
ကျိုင်းတုံစော်ဘွားရဲ့ သား စဝ်စိုင်းမောင်နဲ့ အိမ်ထောင်ကျခဲ့တဲ့ ရန်ကုန်နဲ့ လန်ဒန်မှာ ပညာသင်ခဲ့သူ ဒေါ်မိမိခိုင်ဟာ ၁၉၅၀ ခုနှစ်တွေ အတွင်းမှာပဲ မြန်မာနိုင်ငံက ရှမ်းဒေသတွေ အကြောင်းကို ဆောင်းပါးတွဲတွေ ရေးခဲ့ပါတယ်။ ဆောင်းပါး တစ်ခုထဲမှာ ခမ်းနားတဲ့ ပရိသတ်ခန်းမတွေ ရှိတဲ့၊ “လိုချင်ရင် မြောက်နန်းစံ၊ တောင်နန်းစံ၊ ရှေ့နန်းစံ၊ နောက်နန်းစံ မိဖုရားတွေ နေဖို့” လေးဖက်နေရာရှိတဲ့ ညောင်ရွှေဟော် အကြောင်းလည်း ပါပါတယ်။
“ဧည့်သည်တွေဟာ (ညောင်ရွှေဟော်ကို) မမြင်ဖူးဘဲ မနေသင့်ဘူး” လို့ သူက ဆိုပါတယ်။
“တောက်ပြောင်နေအောင် တိုက်ထားတဲ့ ကြမ်းပြင်တွေ ရှိတဲ့ ပလ္လင်တော်ခန်းမကြီး၊ မြှင့်ထားတဲ့ တရားဟောစင်တွေ၊ မြင့်မားတဲ့ တိုင်တွေဟာ ယခုမြန်မာနိုင်ငံ အတွက် ကျန်ခဲ့တဲ့၊ အခုတော့ ဖုံတွေတက်၊ ပြာတွေကျနေတဲ့၊ အတိတ်က အလှအပတွေကို သဲလွန်စပေးနိုင်တဲ့ တစ်ဦးတည်းသော သာဓကတွေ ဖြစ်နိုင်တယ်” တဲ့။
“ကားကို ချိုးကွေ့ဝင်လိုက်ရင် တွေ့ရတဲ့ မပြီးသေးတဲ့ ရိုးတွေဟာ ရဲတိုက်အပျက်အယွင်းလို့ ထင်ရပေမယ့် ဟော်တစ်ခု ဆောက်လို့ ပြီးစီးခဲ့ရင် ဒီမင်းဆက်လည်း ပြီးစီးတယ် ဆိုတဲ့ ယုံကြည်မှုကြောင့် ဒီလိုတမင် ထားခဲ့တာ လို့ ပြောကြတယ်။ တစ်ကယ်တော့ အခုလတ်တလော မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်နေတဲ့ စော်ဘွားဟာ သူ့ရဲ့ဟော်ကို စိတ်ချလက်ချပြီးအောင် ဆောက်နိုင်ပါတယ်။ စာရေးသူရဲ့ အမြင်အရ ဆိုရင် သူ့ရဲ့ အရွယ်ရောက်သား နှစ်ယောက်ဟာ အသိအမြင်အရ ဆိုရင် စဝ်တွေကြားမှာ၊ ဒါမှမဟုတ် ယနေ့ရှမ်းတွေအားလုံးကြားမှာ၊ အလှပဆုံးပါ။ သမ္မတအိမ်မှာ နောက်ထပ် ၅ ယောက်၊ ၆ ယောက် ဒီခြေရာနင်းဖို့ ရှိပါသေးတယ်”
ကြည့်လိုက်ရင်တော့ မိသားစုရဲ့ ကြွယ်ဝမှုတွေဟာ စိတ်ချရှိနိုင်စရာ အခြေအနေပဲ ပေါ့။
စဝ်ရွှေသိုက်ဟာ သမ္မတရာထူးကို ၁၉၅၂ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေးဆက်လုပ်ခဲ့ပါတယ်။ ၁၉၆၀ အထိ လူမျိုးစုလွှတ်တော်မှာ နာယကအနေနဲ့ရော၊ Speaker အနေနဲ့ရော လုပ်ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေရယ်၊ အာဏာရရေး ရုန်းကန်မှုတွေဟာ မကြာခင်မှာပဲ သူတို့ရဲ့ အိမ်ထောင်စုကို ထိခိုက်လာပါတော့မယ်။
မြန်မာနိင်ငံမြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ်က ကွန်မြူနစ်လက်နက်ကိုင်တွေကြောင့် ဒီမိုကရေစီပေါက်ဖွားဖို့ စတင်နေတဲ့ တိုင်းပြည်ဟာ မတည်မငြိမ်ဖြစ်လာတဲ့ အပြင် ဗမာလူမျိုးတွေနဲ့ အာဏာခွဲဝေမှု သဘောတူညီမှု ထဲက ဖယ်ကျဉ်ခံခဲ့ရတယ် လို့ ခံစားရတဲ့ အခြားတိုင်းရင်းသားဒေသတွေမှာလည်း ပြဿနာတွေက ပိုပိုကြီးလာပါတယ်။ ဒီအတွက် စစ်တပ်ဟာ တိုင်းပြည် နေရာအနှံ့အပြားမှာ တပ်ဖြန့်ချထားရပြီး ဒါကလည်း အစိုးရကို အားနည်းလာစေပါတယ်။
၁၉၆၀ ခုနှစ်အစအတွင်းမှာ ဒီလို နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေဟာ အာဏာသိမ်းဖို့ အခွင့်အလမ်းလို့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ရှုမြင်ခဲ့ပါတယ်။
“အဲဒီညက အန်တီက အဲဒီမှာမရှိဘူး။ ဒါပေမယ့် (အန်တီမောင်) ဟန်ပြောချက်အရ ဆိုရင်တော့ လူသတ်မှုအတိုင်းပဲ”
မတ်လ ၂၊ ၁၉၆၂ ခုနှစ် မနက်လင်းအားကြီးအချိန်မှာ စစ်သားတွေဟာ ရန်ကုန်မြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုမှာ ရှိတဲ့ စဝ်ရွှေသိုက်ရဲ့ မိသားစုအိမ်ကို ဝန်းရံပြီး သေနတ်တွေနဲ့ ပစ်ခတ်ပါတယ်။ အန်တီဟေမာရဲ့ မောင် အသက် ၁၇ နှစ်ရှိ စဝ်မြီမြီသိုက်ဟာ သေနတ်ပစ်ခတ်ခံရပြီး သူရဲ့ ညအိပ်အင်္ကျီ နဲ့ပဲ အသက်ဆုံးရှုံးသွားပါတယ်။
စစ်တပ်က စဝ်ရွှေသိုက်ကို ဖမ်းဆီးပြီး အငကာအကွယ်အချုပ်အနှောင်ထဲမှာ ထားပါတယ်။ ဒီလိုနဲ့ ၈ လ အကြာမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဆုံးသွားပါတယ်။ ဘာကြောင့်ဆုံးတယ် ဆိုတာကို အဲဒီအစိုးရက သေသေချာချာ ရှင်းမပြခဲ့ပါဘူး။
စစ်တပ်ဟာ အခြားစော်ဘွားတွေကိုလည်း ခြေရာခံခဲ့ပါတယ်။ သီပေါစော်ဘွားဟာ တောင်ကြီးအသွားမှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ စဝ်ကြာဆိုင်ရဲ့ ဇနီး အော်စတြီးယျသူ အင်ဂီဆားဂျင့်က သူရေးတဲ့ စာအုပ် Twilight Over Burma မှာ ဆိုထားပါတယ်။ ဒီစော်ဘွားကို ဘယ်တော့မှ ထပ်မတွေ့ရတော့ပါဘူး။
အာဏာသိမ်းချိန်မှာ စဝ်ရွှေသိုက်ရဲ့ မဟာဒေဝီ ဘယ်မှာလည်းလို့ အာဏာပိုင်တွေက မေးမြန်းတယ်လို့ ဆိုကြပါတယ်။ ၁၉၅၈ ကနေ ၁၉၆၀ အထိ လွှတ်တော်အမတ်အဖြစ်လုပ်ခဲ့တဲ့ မဟာဒေဝီဟာ အဲဒီတုန်းက တပ်မတော်ရဲ့ ရှမ်းပြည်နယ်မှာ လက်မခံနိုင်တဲ့အပြုအမူတွေအကြောင်းတွေ မေးခဲ့လို့ သူ့ကို မကြည်လင်သူတွေ မျာခဲ့တယ်လို့လည်းဆိုကြပါတယ်။
စစ်တပ်အာဏာလည်းသိမ်း၊ ဖခင်လည်းဆုံးပြီးနောက်မှာ မဟာဒေဝီဘက်က မိသားစု နိုင်ငံခြားကိုထွက်ခွာသွားပြီး အားလုံး တစ်ကွဲတစ်ပြားဖြစ်သွားပါတယ်။ သူတို့ရဲ့ ရန်ကုန်အိမ်ကို စစ်တပ်ကသိမ်းလိုက်ပြီး အခုတော့ အထပ်တိုက်အကြီးကြီး နှစ်ခု အဲဒီမှာရှိနေပါတယ်။
စစ်အစိုးရ အုပ်ချုပ်တဲ့ နှစ်တွေ အတွင်းမှာ အန်တီဟေမာနဲ့ ၂၀၁၄ ခုနှစ်မှာ ဆုံးသွားတဲ့ သူ့အမေဟာ တောင်ကြီးမှာပဲ နေထိုင်ခဲ့တယ်။ အမေရိကန် သံရုံးမှာ အလုပ်ခဏလုပ်ပြီး ဧည့်ရိပ်သာတစ်ခုတောင် ဖွင့်လိုက်ပါသေးတယ်။ ဒါပေမယ့် အစိုးရရဲ့ အထဲက ဝေးဝေးလံလံက တစ်ခါတစ်လေ ပေါက်လာတဲ့ နိုင်ငံခြားသားခရီးသွားတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တာတဲ့ စကားတွေ မပြောဖြစ်ဖို့ ရှောင်ကြဉ်ခဲ့ပါတယ်။
“နိုင်ငံရေး မလုပ်ဘူးဆိုရင် သူတို့တွေက ဒီတိုင်းပဲ ထားတယ် လို့ အန်တီထင်တယ်။ အန်တီတိတ်တိတ်လေးပဲ နေတယ်။ လူတွေက ကိုယ့်ကို သိပေမယ့် ကိုယ့်အသက်အန္တရာယ်အတွက် ကြောက်တယ်” လို့ အန်တီဟေမာက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ် အကြာ ၁၉၆၄ ခုနှစ်မှာ ညောင်ရွှေဟော်ကို စစ်အစိုးရက သိမ်းလိုက်ပါတယ်။
“သူတို့သိမ်းတုန်းက အဲဒီလိုပဲ ယူလိုက်တာ။ ဘာစာရွက်စာတမ်းမှ မပါဘူး။ အဲဒီတော့ အန်တီတို့ဆီမှာ ဘာစာရွက်မှ မပြနိုင်ဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးက သိပါတယ်” လို့ အန်တီဟေမာက ပြောတယ်။
ရာစုနှစ်တစ်ဝက်လောက် ကြာခဲ့တဲ့ စစ်အစိုးရအုပ်ချုပ်မှု သက်တမ်းမှာ ရှမ်းစော်ဘွားဟော်တွေနဲ့ ကောင်းမွန်သာယာတဲ့ အိမ်တွေ ဆိုလို့ နည်းနည်းလေးပဲ ကျန်ခဲ့ပါတော့တယ်။
“တစ်ချို့မိသားစုတွေက သူတို့နေရေးထိုင်ရေး အဆင်မပြေတာကြောင့် (ဟော်တွေကို) အစိုးရကို ရောင်းလိုက်ရတယ်။ တစ်ချို့ကြတော့ ဘုန်းကြီးကျောင်းကို လှုလိုက်ကြတယ်”
ကျိုင်းတုံဟော်ဟာ ဆိုရင် အတင်းအဓမ္မ ပြည်သူပိုင်သိမ်းတာ ခံလိုက်ရပြီး အာဏာရှင်တွေဟာ ၁၉၉၀ ဆယ်စုနှစ် အတွင်းမှာ ဖြိုဖျက်လိုက်ပါတယ်။
အစိုးရလက်ထဲမှာ ရှိနေတဲ့ ဆယ်စုနှစ်များစွာထဲမှာ စစ်အာဏာရှင်တွေဟာ ညောင်ရွှေဟော်ကို “ရိုးရာယဉ်ကျေးမှု” ပြပွဲတွေ ပစ္စည်းတွေနဲ့ ဖြည့်ထားပါတယ်။
ရှမ်းတော်ဝင်မိသားစုတွေက ရှေးဟောင်းပစ္စည်းတွေကို လှူဒါန်းပေးခဲ့ပေမယ့် ဒါတွေကို နေပြည်တော်မှာပဲ ထားပြီး အချို့တွေကတော့ ပျောက်ကုန်တယ် လို့ ဆိုကြပါတယ်။ ဟိုးအရင် တစ်ခါတုန်းက ဆိုရင် အစိုးရဟာ ညောင်ရွှေဟော်ထဲမှာ ဗုဒ္ဓဘာသာ မြတ်စွာဘုရား ဆင်းတုတော်တွေ အပြည့်ထားထားပါတယ်။ ရှမ်းအမျိုးသားဂုဏ်ယူမှုနဲ့ ဆက်နွယ်နေတဲ့ ဒီနေရာကို ထိန်းချုပ်တာလား၊ သမိုင်းဝင် အထိမ်းအမှတ် အဆောင်အဦးကို အလွဲမှားပြီး စီမံခန့်ခွဲနေတယ် ဆိုတဲ့ ဝေဖန်သံတွေကို နှုတ်ပိတ်ချင်တာလား ဆိုတာ မပြောတတ်ပါဘူး။
အန်တီဟေမာဟာ တစ်ခါတစ်လေ ရောက်လာတဲ့ ဧည့်သည်တွေကို သူ့အိမ်ဟောင်းကို ကိုယ်တိုင် လိုက်ပြတတ်ပါတယ်။
၂၀၁၆ ခုနှစ် ဒေါ်အောင်းဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတက်လာတော့ သူ့ရဲ့ အိမ်ကို ပြန်ရအောင် ကြိုးပမ်းနေတာဟာ ပိုပြီး အဆင်ပြေမလားလို့ အန်တီဟေမာ မျှော်မှန်းခဲ့ပါတယ်။ ဒါပေမယ့် တိုးတက်မှုက အလွန်ပဲ နှေးကွေးနေပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေရဲ့ ညောင်ရွှေခြံဝင်းကို စျေးဆိုင်တန်းလုပ်ဖို့ အစီအစဉ်ကို စွန့်လွှတ်ဖို့ရယ်၊ ရိုသေတဲ့ အနေနဲ့ သူ့ဖခင်ရဲ့ ကြေးသွန်းရုပ်ထုကို ဟော်နဲ့ အနီးအနားမှာ ထားရှိဖို့ ပြောဆို စည်းရုံးနိုင်ခဲ့ပါတယ်။
ဟော်ရဲ့ အခြေအနေကိုတော့ အန်တီဟေမာ အတော်စိုးရိမ်ပါတယ်။ အဓိကအားဖြင့်တော့ ပိုးတွေ ဆိုးဆိုးရွားရွား တိုက်စားထားတဲ့ စော်ဘွားတွေရဲ့ ရိုးရာအဝတ်အစားတွေကို ပြသတဲ့နေရာပါ။ အဲဒီနေရာမှာ ကြမ်းပြင်တွေဟာ အတော်ကလေးကို ယိုယွင်းနေတော့ လမ်းလျှောက်ရတာ မတည်ငြိမ်တော့ဘဲ လှိုင်းထနေတဲ့ ရေပေါ်က သေင်္ဘာပေါ် ရောက်နေသလိုပါပဲ။
“အဲဒီနေရက ပြိုမယ်နဲ့ တူတယ်။ အဲဒီအခန်း။ တစ်ခါတစ်လေကျရင် လျှောက်ရင် ခေါင်းမူးတယ်” လို့ အန်တီဟေမာက ပြောပါတယ်။
မကြာမီနှစ်တွေအတွင်းမှာ ရန်ကုန်က ရှေးဟောင်းအမွေတွေကို ပြည်လည်ထူထောင်ရေး ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေနဲ့ အဆောက်အဦရဲ့ ပိုပိုပြီးများလာသော ချွတ်ယွင်းမှုတွေကို ပြန်ပြင်ဖို့ ကြိုးစားနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လုပ်ခဲ့တဲ့ အဆင်မပြေတဲ့ ပြန်လည် ပြုပြင်မွမ်းမံတဲ့ အလုပ်ကို ပြန်ပြီး ပြင်ဆင်တာကို အခု အဓိကထားပြီး လုပ်နေပါတယ်။ အဲဒီတုန်းက ကြမ်းပြင် အစိတ်အပိုင်း တစ်ချို့တွေကို အားဖြည့်ဖို့ ကွန်ကရစ်ကို သုံးခဲ့တာမို့ အခြေခံ အုတ်မြစ်ကို ဒုက္ခပေးနေတာပါ။ တစ်ချို့နေရာတွေမှာဆို အဆောက်အဦကြီးက ၆ လက်မလောက်တောင် နစ်မြုပ်သွားပြီလို့ အန်တီဟေမာက ဆိုပါတယ်။
ဟော်ရဲ့ အနာဂတ်အတွက် ဆိုပြီး တည်ထောင်ထားတဲ့ ကော်မတီတစ်ခုမှာ အန်တီဟေမာ အခုဦးဆောင်နေပြီး ညောင်ရွှေနဲ့ တောင်ကြီး ခဏခဏ အသွားအလာ လုပ်နေရပါတယ် လို့ သူက ပြောတယ်။ မိသားစုလက်ထဲ ပြန်ရောက်လာရင် ဘာလုပ်ရမလဲ ဆိုတာကို အန်တီဟေမာက ကြိုတင်ပြီး တွေးထားပြီးသားပါ။ အရေးတကြီး ပြုပြင်ရေးလုပ်ဖို့ အတွက် ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ပြီး ရှမ်းအစိုးရဲ့တိုင်ပင်ပြီး ပြုပြင်ရေးတွေကို လုပ်မယ် လို့ ဆိုပါတယ်။ ညောင်ရွှေဟော်ကို ဒေသလှုပ်ရှားမှုတွေရဲ့ အလယ်မှာ ပြန်ဖြစ်လာဖို့ကို သူ မျှော်လင့်အိပ်မက် မက်ပါတယ်။
“အရမ်းပင်ပန်းပေမယ့် မတတ်နိုင်ဘူး။ ဟော်ကို ပြန်ရဖို့ လျော်ထားပေမယ့် အခုထိ ပြန်မရသေးဘူး ဆိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်နိုင်အောင် ကြိုးစားနေတယ်” လို့ ဆိုပါတယ်။
“ဟော်ကို ကမ္ဘာ့အဆင့်မီ ပြတိုက်လုပ်လို့ ရတယ်။ လူငယ်တွေအတွက် စင်တာလေးလည်း လုပ်ချင်တယ်။ အစည်းအဝေးတွေ ဘာတွေ လုပ်လို့ ရအောင်ပေါ့။ ဉယျာဉ်ရယ်။ အပန်းဖြေ စင်တာတစ်ခုလည်း ရှိရမယ်”
ဒေါ်အောင်ဆန်းစုကြည်ကို သူ အကူအညီတောင်းခဲ့ ပေမဲ့ စိန်ခေါ်မှု အများအပြားတွေ့နေရတော့ အစိုးရက ထွေပြား နေပုံရပါတယ်။ နေပြည်တော်ကို သွားပြီး သူ့ရဲ့ အစီအစဉ်ကို တင်ပြဖို့ ရက်ကိုရဖို့ စောင့်နေတုန်းပဲ လို့ ပြောပါတယ်။
“(ဒေါ်စု) ဖုန်းကို စောင့်နေတာ။ သူနဲ့ စကားပြောချင်တယ်” လို့ဆိုပါတယ်။ ။
(အန်တီဟေမာကို ဇွန်လ ၂၀၁၆ မှာ ပထမဦးဆုံး မေးမြန်းခဲ့ပြီး နောက်လည်းဆက်သွယ်မေးမြန်းခဲ့ပါတယ်။ နောက်ဆုံးမေးဖြစ်ခဲ့တာကတော့ ဒီဇင်ဘာ ၂၀၁၉ မှာဖြစ်ပါတယ်။)