စာရေးသူသည် ရန်ကုန်တိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ကာလများ
စိတ်ညစ်ညူးစရာတွေ မွန်းကျပ်မှုတွေကို ဘယ်လိုအဆုံးသတ်နိုင်မှာပါလိမ့်။ ဒီနေရာ ဒီအိမ်၊ ဒီအခန်း ကျဉ်းလေးထဲမှာ မြေကြွက်တကောင်လို ရှင်သန်နေရတာ ကျမအတွက် အရမ်း စိတ်ပျက်နေမိပြီ။
မနက်နေထွက်တာနဲ့ အပူဒဏ်ကို သိသိသာသာခံစားလာရတယ်။ လျှပ်စစ်မီးမရတာကြောင့် အဲကွန်း၊ ပန်ကာလည်း ဖွင့်လို့မရ။ မျက်လုံးနှစ်လုံးပွင့်တာနဲ့ စကြုံရတဲ့ စိတ်ညစ်စရာက မီးမလာတာပါပဲ။ မီးဖိုချောင်မှာ မီးသွေးမီးဖိုနဲ့ ထမင်းဟင်းချက်နေတဲ့ မီးခိုးတွေကြားက အမေ့ကို တွေ့ရတယ်။ ဒါက ပုံမှန်မြင်ကွင်းတခု ပြန်ဖြစ်လာပြီ။ မီးမှန်ခဲ့တဲ့ လွန်ခဲ့တဲ့ လေးငါးနှစ်တတည်းက ဟန်ကျကျ ချက်ပြုတ်နေရတဲ့ အမေ ခုတော့ မီးသွေးမီးဖိုနဲ့ ပြန်ချက်နေရပြီ။
ဒီနေ့တော့ ရုပ်သံသတင်းဆောင်းပါး တခုကို တည်းဖြတ်ရမယ် ။ Laptop ကိုလည်း ညကတည်းက မီးလာရင် အသင့်အားဝင်အောင် ပလပ်တပ်ထားပြီးမှ အိပ်လို့ ဒီမနက်တော့ အားပြည့်နေတယ်။ လေးနာရီ လောက်တော့ အလုပ်လုပ်လို့ရနိုင်တယ်။ ၄ နာရီအတွင်း မီးပြန်မလာရင်တော့ မီးပြန်လာတာကို ငုတ်တုတ်ထိုင်ပြီး စောင့်နေရုံပေါ့။
နေ့လည်ကျော်အထိ အလုပ်လုပ်ပြီး မီးလည်းပြန်မလာ Laptop လည်း အားကုန်ပြီ။ Laptop ပိတ်လိုက်ပြီး မီးပြန်မလာခင် အချိန်အတွင်း နောက်ထပ် လုပ်စရာရှိတဲ့အင်တာဗျူးတချို့ကို ကြိုတင် ချိတ် ထားရမယ်လို့ တွေးလိုက်တယ်။ အင်တာဗျူးတွေကလည်း ကိုယ့်စိတ်ရှိသလို အဆင်ပြေတဲ့အချိန် လုပ်လို့ ရနိုင်တာမဟုတ်ဘူးလေ၊ ဖြေတဲ့သူတွေက သူတို့အဆင်ပြေတယ် လုံခြုံတယ်လို့ ယူဆရတဲ့အချိန်ကို ချိန်းဆိုပြီး လက်ခံဖြေပေးကြတာ။ မေးတဲ့ ကျမကိုယ်တိုင်ကလည်း ကိုယ့်အိမ်မှာ နေတယ်ဆိုပေမယ့် ပတ်ဝန်းကျင်မှာ လုံခြုံရေးကို သတိထားရတယ်။ အသံကျယ်ကျယ်လည်း မမေးရဲသလို အိမ်ကို အပြင်လူ ရောက်လာနေချိန်ဆိုလည်း အလုပ်မလုပ်ရဲဘူး။ အခြေအနေတွေက သတိထားမှ တော်ကာကျတယ်။
နေ့စဉ်တိုင်း လွတ်လွတ်လပ်လပ် မသွားလာရဲ၊ ဖုန်းမပြောရဲဘဲ သတိကပ်ပြီး အလုပ်လုပ် နေထိုင်နေရတာ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ အပြင်မှာ သတင်းသွားယူဖို့ဆိုတာ ဝေးရော။ အရင်က တက်တက်ကြွကြွ လှုပ်ရှား သွားလာပြီး သတင်းရိုက်ကူးရတဲ့ သတင်းလုပ်ငန်းခွင် ပျောက်သွားတယ်။ တကယ့် မြေပြင် သတင်းတွေကို ဖုန်းပတ်ဆက်ပြီး သတင်းတွေ ရေးနေရတဲ့ အခြေအနေကိုလည်း ကျမစိတ်ညစ်နေပြီ။ အရင်အချိန်တွေကို လွမ်းလိုက် တာ။
ထွက်ပေါက်ပိတ်နေတဲ့ စိတ်တွေကို တံခါးဖွင့်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ အားကစားလုပ်တယ်၊ သူငယ်ချင်းတွေနဲ့ တွေ့တယ်၊ ဝါသနာပါတဲ့ အရာတွေ လုပ်တယ်၊ ပြီးတော့ counseling တောင် ယူခဲ့တယ်။ ဒါပေမယ့် ခဏတာပဲ စိတ်သက်သာရာရတယ်။ ရောဂါတခုကို ဆေးမီတိုနဲ့ကုနေသလိုပါပဲ။ ဒါတွေပြီးရင် စိတ်က ပြန်ပြန်ကျတယ် မွန်းကျပ်လာတယ်။ ကိုယ်ဖြစ်နေတဲ့ အခြေအနေတွေကို မကုစားနိုင်ဘူး။ ဒါတွေက နည်းလမ်း မမှန်ဘူးလို့ပါ ခံစားရတယ်။ ကျမတွေးမိတာက ဒီအခြေအနေ ကနေ ရုန်းထွက်ပြီး တခြားတနေရာကို ပြောင်းရွှေ့မလားပေ့ါ။ ဘဝတူ သတင်းထောက် သူငယ်ချင်းတွေ အတော်များများလည်း ထိုင်းနိုင်ငံကို ရောက်နေကြပြီ အတိုင်းအတာတခုထိ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ် သတင်းအလုပ်ကိုလည်း ရဲရဲတင်းတင်း လုပ်နိုင်မယ်ပေ့ါ နိုင်ငံပြင်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အခြေအနေတွေကို သိချင်တယ်။ ဒါကြောင့် ကာလတခုထိ သွားနေ ကြည့်ပြီးပြန်လာမယ်လို့ ကျမဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ပြည်ပနိုင်ငံတခုမှာ တခါမှ အိမ်ကနေခွဲပြီးမနေဖူးဘူး။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ
အဝတ်အစားတွေ ထုတ်ပိုးနေရင်း နောက်နေ့ ထိုင်းနိုင်ငံကို သွားမယ့် ခရီးအတွက် ကျမ စိတ်လှုပ်ရှား နေမိပါတယ်။ လေဆိပ်မှာ အဆင်ပြေပြေ ထွက်သွားနိုင်ပါ့မလား၊ အဖမ်း ခံရနိုင်လား၊ ဒါမှမဟုတ် ဘာတွေ ဖြစ်လာမလဲ၊ သူငယ်ချင်း တယောက်လေဆိပ်မှာ အဖမ်းဆီးခံခဲ့ရဖူးတော့ လေဆိပ်က ထွက်ရမယ့် အရေးရင်မောနေရတယ်။
မနက်စောစာ လေဆိပ်ဆင်းတော့ လေဆိပ်ပတ်ဝန်းကျင်မှာ စစ်ဆေးရေးတွေ တင်းကြပ်ကြပ်ချ ထားတာကို တွေ့ရတော့ ရင်တွေတုန်ပြီး ကြောက်လာတယ်။ ဖြတ်သန်းသွားလာတဲ့ ကားတွေရော ခရီးသည်တွေရော သတိထားပြီး သွားလာနေကြရတယ်။ လေဆိပ်ထဲမှာတော့ ယောက်ကျား၊ မိန်းမ လူငယ်အုပ်စုလေးတွေ ဟိုတစု ဒီတစုလေးနဲ့ Immigration gate ကို ဖြတ်ဖို့ တန်းစီနေကြတယ်။ ထွက်သွားဖို့ တန်းစီနေတဲ့သူတွေ ၉၀% လောက်က လူငယ်တွေချည်းပဲ။ မြင်ရတာ စိတ်မသက်မသာ ဖြစ်ရသလို ဝမ်းနည်းဖို့လည်း ကောင်းလှတယ်။ ကျမရောဘာထူးလဲ ထွက်သွားမယ့်ထဲက တယောက်ပဲမဟုတ်ဘူးလား။ ဒါပေမယ့် ထွက်သွားနိုင်မှ အဆင်ပြေမယ့် အခြေအနေပဲ ဖြစ်နေပြန်တယ်။ ဘယ်ဟာမှန်လဲ မှားလဲတောင် မသိတော့ပါဘူး။
လူဝင်မှုကြီးကြပ်ရေးဂိတ်ဆီကို လျောက်လာနေတုန်း ဂိတ်နားမှာ အသက် ၂၀ ဝန်းကျင်အရွယ် မိန်းကလေးငယ်တဦးကို လေဆိပ်ရဲရယ် Immigration officer နှစ်ဦးရယ်က ဝိုင်းပြီး မေးမြန်းစစ်ဆေး နေတာကို တွေ့လိုက်ရတယ်။ မိန်းကလေးက မေးသမျှကို တုန်တုန်ရီရီ ရှင်းပြနေလေ သူတို့တွေက ဖိပြီး မေးလေပဲ။ ဘာဖြစ်နေလဲ မသိပေမယ့် ဒီမိန်းကလေးတော့ အဆင်ပြေပြေ ထွက်သွားနိုင်မယ့်ပုံ မပေါ်ဘူး။
ကျမအလှည့်ရောက်တော့ Immigration officer က သေချာအကဲခတ် ကြည့်ပြီး ဘယ်သွားမှာလဲ ဘာအလုပ် လုပ်တာလဲ မေးတယ် လေယာဉ်လက်မှတ်တွေ စစ်ဆေးတယ်။ မေးခွန်းတွေကို သတိထားပြီး အကောင်းဆုံး ဖြေနေပေမဲ့ ရင်တုန်နေပါတယ်။ စိတ်လှုပ်ရှားနေတာကိုလည်း မသိသာအောင် ဟန်ဆောင် ရသေးတယ်။ ကံကောင်းစွာနဲ့ ဂိတ်ကို ဖြတ်လာနိုင်ခဲ့တော့မှပဲ ရင်ထဲက အပူတခုက ကျသွားတယ်။ လေယာဉ်ချိန်ကို ထိုင်စောင့်နေရင်း ကျမလည်း ဟိုတွေး ဒီတွေးနေဲ့ပေါ့။ ပြည်တွင်းမှာ ဆက်ရှိချင်တဲ့ စိတ်ရယ် ဒီမွန်းကြပ်မှုတွေက လွတ်မြောက်ချင်တဲ့ စိတ်တွေရယ်က အမြဲလွန်ဆွဲနေရတယ်၊ ဒွိဟတွေ ဖြစ်နေရတယ်။ ခဏသွားတာ ဆိုပေမယ့် နိုင်ငံက ထွက်သွားပြီးရင် အိမ်ကို ပြန်လာနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ လည်းရှိနေတယ်။ ပြန်မယ်ဆိုရင်ကော ဘယ်တော့လဲ။ တစ်ဖက်နိုင်ငံမှာရော နေထိုင်ရတာ အလုပ်လုပ်ရတာ အဆင်ပြေပါ့မလား။ ပြည်တွင်းမှာရော ပြည်ပမှာပါ အနာဂတ်နဲ့ အလုပ်အကိုင်အတွက် ရေရေရာရာ တွေးထားလို့ မရနိုင်တာက ကျမတယောက် ထဲတော့မဟုတ်ဘူး လူငယ်တိုင်း ကြုံနေရတဲ့ ကိစ္စပဲ။
လေယာဉ်ထွက်ခွာချိန်မှာ လေယာဉ်ပြတင်းတံခါးကနေတဆင့် မြင်နေရတဲ့ ရန်ကုန်မြို့ရဲ့မြင်ကွင်းက ကျမကို ဆို့နင့် စေပါတယ်။
ဒါကျမကြီးပြင်းခဲ့တဲ့ ရန်ကုန်။
ကျမရဲ့ တဘဝလုံး မှတ်ဥာဏ်တွေထဲမှာ အတူပါနေကျ ရန်ကုန်။
ကျမရဲ့အိမ်။
ဒီအိမ်ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်နိုင်မလဲဆိုတဲ့ ခံစားချက်က ဆက်မတွေးချင်အောင်ပဲ။ အရင်က နိုင်ငံခြားသွားတယ် ဆိုရင်ပျော်နေတာ။ ကိုယ့်ကိစ္စတွေပြီးရင် အိမ်ကို ပြန်လာနေကြ။ ရန်ကုန် လေဆိပ်ကို ဆင်းတော့မယ်ဆို ပြန်ရောက်ပြီဆိုတဲ့ ခံစားချက်ရစမြဲ။ ချစ်တဲ့သူတွေ၊ ဝါသနာတွေ၊ ချစ်တဲ့ အလုပ်အကိုင်တွေနဲ့ ဒီမြို့၊ ဒီနိုင်ငံမှာ ပျော်ပျာ်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြရတာ မဟုတ်လား။
အခုဆို စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေပိုပြီးတော့ အနာဂတ်ပျောက်ကုန်ကြပြီ။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း လူငယ် အမျိုးသမီးတွေကို စစ်ကောင်စီက နိုင်ငံပြင်ပထွက်ခွာခွင့် တင်းကြပ်ထားတယ်။ တချို့ဆို ထွက်ခွာခွင့် မရကြဘဲ လေဆိပ်ကနေ ပြန်လွှတ်ခံကြရတယ်။ ကျမနဲ့ စကားပြောခဲ့ရတဲ့ ဒူဘိုင်းနိုင်ငံကို ထွက်ဖို့ ကြိုးစားတဲ့ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတဦးဆိုရင် သူ လေဆိပ်ကနေ ပြန်လွှတ်ခံရတဲ့ အကြောင်း ပြောပြတယ်။
“ထွက်တဲ့အချိန်မှာ ပြန်လွှတ်ခံရတယ်၊ အဲ့အချိန်မှာ စိတ်ဓါတ်တွေကျသွားတာ ငါ အိမ်ကိုပဲ ပြန်ရတော့မှာပေါ့၊ တကယ်လို့ ရန်ကုန်မှာနေရင်လည်း ငါက လမ်းပျောက်ဦးမယ်။ သွားရပြီလို့ လုံးဝ တွေးထားပြီးတော့ အဲ့စိတ်ကို ရိုက်ချိုး ခံလိုက်ရချိန်မှာ အဲ့အချိန်တုန်းကဆို ကိုယ့်ဘာသာကိုယ် suicide လုပ်ဖို့ အထိတောင် တွေးခဲ့တာ။ လေဆိပ်ထဲမှာ စိတ်ဓါတ်ကျပြီး မျက်ရည် ပိုးပိုးပေါက်ပေါက် ကျပြီး ပြန်လာခဲ့တယ်” လို့ သူက ပြောပြတယ်။
ကိုယ့်တိုင်းပြည်က မျှော်လင့်ချက် မဲ့ နေတာကြောင့် ကျမအပါအဝင် လူငယ်တွေ အစုလိုက် အပြုံလိုက် နိုင်ငံတွင်းက ထွက်ခွာ နေကြတယ်။ စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတဲ့သူတွေလည်း သောင်းချီရှိနေပြီ။ ထွက်ခွာသွားကြတဲ့ လူငယ်တိုင်း လိုလိုဟာလည်း ပြည်ပမှာရရာ လုပ်ကိုင်ရင်း ရုန်းကန် နေရတယ် ဘယ်တော့မှ အိမ်ပြန်နိုင်မလဲ မသိကြဘူး။ ကျမတို့မှာ အိမ် ရှိကြပါတယ်။ ဒါပေမယ့် နေလို့မရ ပြန်ဘူး။
၂၀၂၅
အခုတော့ ကျမလည်း ထိုင်းနိုင်ငံမှာ နေနေတာ တနှစ်တောင် ကျော်ခဲ့ပြီပေါ့။ ထွက်လာတုန်းက အခြေအနေ စနည်းနာဖို့ ကာလတခု ကြာနေပြီး ပြန်မယ်တွေးခဲ့ပေမယ့် ထိုင်းနိုင်ငံ ရောက်နေချိန်မှာပဲ စစ်မှုထမ်းဥပဒေ ထွက်လာလို့ ကျမလည်းမပြန်ရဲတော့ဘူး ဆက်နေဖို့လမ်းကိုရွေးလိုက်ရတော့တယ်။ အိမ်ပြန်ဖို့ လမ်းဟာ တလှမ်း ထပ်ဝေးသွားခဲ့ရပြီပေါ့။
ပျော်ရွှင်ခဲ့ဖူးတဲ့ ရန်ကုန်က နေ့စဉ်ဘဝလည်ပတ်မှုတွေနဲ့ အမေ့အိမ်ကို ထားရစ်ခဲ့ရတာ ၁နှစ်ကျော်ပြီ။ ပြည်ပနိုင်ငံမှာ အံဝင်ဂွင်ကျ ဖြစ်အောင်ကြိုးစားရင်း အိမ်လွမ်းစိတ်ကို ကြိတ်မှိတ်ရင်း၊ ရှိနေတဲ့ အလုပ်ကိုလည်း ကြိုးစားလုပ်နေရင်းနဲ့ ထိုင်းနိုင်ငံက နေ့စွဲတွေပေါ့။ ပြီးတော့ မရေရာတဲ့ အိမ်ပြန်လမ်းတွေကို လှမ်းငေးရင်းပေါ့။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။