ညောင်ရွှေဟော်အမှတ်တရများ  

ညောင်ရွှေဟော်အမှတ်တရများ  

Nyaungshwe, Shan State

စစ်အုပ်ချုပ်မှုလက်အောက်ကနေ အသက်ရှင်ကျန်ရစ်တဲ့ ရှမ်းပြည်ကနန်းတော်တွေ လက်တစ်ဆုပ်စာပဲရှိတဲ့အထဲမှာ ညောင်ရွှေဟော်ပါပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ လျစ်လျုရှုထားခံခဲ့ရပြီး တော်ဝင်မိသားစုရဲ့ အသုံးအဆောင်တွေ၊ ပစ္စည်းတွေ အနည်းငယ်ပဲရှိပါတော့တယ်။ 

ညောင်ရွှေဒေသခံတွေဖြစ်တဲ့ အငြိမ်းစားကျောင်းဆရာမ ကြီးကြီးဒေါ်တင်အေးနဲ့ အိမ်ထောင်ရှင်မ ကြီးကြီးဒေါ်မြကြည်တို့ကတော့ ဟော်ရယ်၊ ဒီရှေးအမွေအနှစ်တွေရယ်ကို အမှတ်တရ ရှိနေပါသေးတယ်။ ကျွန်မတို့ ဒီကြီးကြီးတွေနဲ့ တွေ့ခဲ့တဲ့အချိန်မှာ သူတို့ဟာ အသက် ၇၀ နောက်စွန်းရောက်နေပါပြီ။ 

ကြီးကြီးနှစ်ဦးစလုံးဟာ အင်းလေးကန်ကိုရောက်ဖို့ ဖြတ်သွားရတဲ့မြို့လို့ အခုနောင်ပိုင်းလူသိများလာတဲ့ ရှမ်းပြည်က ညောင်ရွှေမြို့မှာပဲမွေးပြီး ကြီးပြင်းလာကြသူတွေပါ။ 

စည်ကားတဲ့ ညောင်ရွှေမြို့အကြောင်း၊ စော်ဘွားနေထိုင်တုန်းက ဟော်ကိုသွားတဲ့အကြောင်းတွေကို ပြန်လည်အမှတ်ရနေတဲ့အထဲက ကောက်နုတ်ထားတာပါ။ 

“ကြီးကြီးတို့သွားကန်တော့်တဲ့စော်ဘွားက မြန်မာနိုင်ငံမှာ ပထမဆုံး သမ္မတဖြစ်ခဲ့တဲ့ စဝ်ရွှေသိုက်ဖြစ်ပါတယ်။ သူက ဥပဓိရုပ်ကတော့တအားကောင်းတယ်” လို့ ကြီးကြီးဒေါ်တင်အေးကဆိုပါတယ်။ 

“အရပ်ကလည်း မနိမ့်မမြင့်ပေါ့” လို့ ကြီးကြီးဒေါ်မြကြည်ကထဲ့ပြောပါတယ်။

“စကားပြောလဲပဲ သူများကိုနစ်နာအောင် မပြောတတ်ဖူး ကိုယ်ချင်းစာနာတဲ့စိတ်ရှိတာပေါ့” လို့ ကြီးကြီးဒေါ်တင်အေးပြောတယ်။ 

“စော်ဘွားလက်ထက်တုန်းကတော့  သူက သီတင်းကျွတ်ဆိုရင် ကန်တော့်ခံတယ် စော်ဘွားက။ ဒီမြို့မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေအားလုံးကို ကန်တော့ခံတယ်၊ သွားကန်တော့တဲ့အခါမှာလည်းပဲ ကျောင်းသားတစ်ယောက်ကို တစ်မတ် တစ်မတ် ဆုချတယ်။”

“၈နှစ် ၉နှစ် နှစ်လောက်အရွယ်လေးပဲရှိသေးတယ်။ ၅ ခေါက်လောက်တော့ ကန်တော့ဖူးတယ်။ ကျောင်းကနေပြီးတော့မှ ဆရာမကြီးက ကျောင်းသူကျောင်းသားတွေကို ကျောင်းကနေစုရုံးပြီးတော့ တန်းစီတယ်၊ တန်းစီပြီးတော့မှ ဟော်ကိုသွားတယ်။”

“လမ်းလျှောက်သွားတယ်” လို့ ကြီးကြီးဒေါ်မြကြည်ကဆိုတယ်။ 

“ကျမတို့အလယ်တန်းကျောင်းဆိုရင် ၁၅မိနစ်လောက်ပဲကြာတယ် သိပ်မဝေးဘူး” တဲ့ ကြီးကြီးဒေါ်တင်အေးက။ 

“ဟော်ကိုရောက်တဲ့အခါကျရင် ဟော်ပေါ်ကိုတက်ဖို့ ပြန်တန်းစီပြီး ဟော်ပေါ်တက် တက်ပြီးတော့မှ တစ်တန်းပြီးသွားပြီဆိုလို့ရှိရင် နောက်တစ်တန်းပေါ့၊ ဟော်ပေါ်ရောက်ပြီးတဲ့အခါကျတော့ နေရာရပြီပေါ့၊ အဲဒီအခါကျမှ ဆရာဆရာမတွေက ကြီးကြပ်ပြီးတော့မှ ထိန်းလို့ရပြီဆိုမှ ကျောင်းသူကျောင်းသားတွေကထိန်းပြီးတော့မှ စော်ဘွားကကြွလာပြီဆိုလို့ရှိရင် အဲ့ခါကျမှ စော်ဘွားကိုကန်တော့တယ်” လို့ ကြီးကြီးဒေါ်တင်အေးကပြောတယ်။ 

“ပထမဆုံး အဲဒီဟော်ကို ရောက်သွားလို့ရှိရင် အဲ့ဒီဟော်ရှေ့မှာ ပလ္လင်” 

“ရာဇပလ္လင်” လို့ ကြီးကြီးဒေါ်မြကြည်ကဝင်ပြောတယ်။

“ အဲဒါကအကြီးကြီးရှိတယ်၊ နောက် အဆောင်တွေကလည်း အများကြီးရှိတယ်၊ ကျောင်းသူကျောင်းသားတွေရောက်သွားပြီဆိုလို့ရှိရင် အဲဒီမှာ သူတို့ကိုယ်ရံတော်ပလိပ်တွေပေါ့နော် အဲဒါတွေရှိတယ်၊ ရှိတော့အကြောင်းကြားလိုက်ပေါ့၊ အဲဒီအခါကျမှ စော်ဘွားကအပြင်ကိုထွက်လာတယ်။”

“စော်ဘွားကြွလာပြီဆိုလို့ရှိရင် အဲဒီပလ္လင်ပေါ်မှာထိုင်ပြီးဆုပေးတာပေါ့။ (ရာဇပလ္လင်က) လူတစ်ရပ်စာမြင့်တယ်။” 

ကန်တော့ဖို့ဘာပစ္စည်းမှမလိုဘူးလို့သူတို့ဆိုပါတယ်။ 

“လက်ဆယ်ဖြာထိပ်မှာမိုးပြီးကန်တော့ရုံပဲ။ ကန်တော့်ခံတဲ့အခန်းကအကြီးကြီး ကျယ်လည်းကျယ်တယ်၊ ရှည်လည်းရှည်တယ်။ ကျောင်းသားတွေအကုန်လုံးဆံ့တယ်၊ သွားကန်တော့တဲ့ကျောင်းသားတွေက ၁၅၀၊ ၂၀၀လောက်ရှိတယ်။ အခန်းထဲမှာအကုန်ဆံ့တယ် ပြည့်တောင်မပြည့်ဘူး နေရာအကျယ်ကြီးပဲ ဟော်ကတော်တော်ကြီးတာကို။” 

“ကန်တော့ပြီးတဲ့အခါမှ ဆုချတာပေါ့လေ။ တစ်ခြားတစ်ယောက်ကနေမှ ပေးပေးတာ။ (စော်ဘွားနားမှာ) ဟိန်တို့ ထမိုန်တို့ရှိတယ်၊ သူတို့နယ်စားတွေပေါ့နော်”

“ အခုခေတ်အနေနဲ့ဆို ညွှန်ကြားရေးမှူးတို့် လက်ထောက်ညွှန်ချုပ်တို့လို” 

စော်ဘွားပေးတဲ့ မုန့်ဖိုးကို ဒီ အရာရှိတွေက တဆင့်ပေးတာလို့ကြီးကြီးတွေကဆိုပါတယ်။ ဒီမုန့်ဖို့ဟာ ဒေသခံမိသားစုတွေအတွက်တော့ အတော်လေး အတော်များတဲ့ငွေပါ။ 

“အဲဒီစော်ဘွားဆုချတဲ့ပိုက်ဆံကတော့ အဝတ်ဝယ်ဝတ်လို့လဲရတယ် အစားဝယ်စားလို့လဲရတယ်။ အဝတ်ဝယ်ပြီး အစားစားလို့လဲရတယ်၊ အရင်တုန်းက ၂၅ပြား တစ်မတ်ဆိုတာ တန်ဖိုးရှိတယ်လေ။ လုံချည်တစ်ထည်မှာ ဆယ်ပြားလား အဲ့လောက်ပဲရှိတာ၊ အများကြီးတန်တယ်။ အရင်တုန်းကလစာမှာ ၂၅ကျပ်ရတာလေ မိဘတွေရတယ် အစိုးရဝန်ထမ်းလုပ်တာ။” 

“ခမ်းနားတာလည်းပြောမနေနဲ့” လို့ ဟော်ကြီးအကြောင်းကို ကြီးကြီးဒေါ်မြကြည်က သတိတရနဲ့ဆိုပါတယ်။ 

“အခုကတော့ အရင်လောက်တော့ မသပ်ရပ်တော့ဘူးပေါ့နော်။ အစောတုန်းကတော့ တော်တော်ပြည့်စုံတာ။ မင်းဝတ်တဆာတွေရောလေ။ အခုတော့ သိပ်မရှိတော့ဘူး” 

“အခုတော့ပြောင်းလဲကုန်ပြီ” 

“အချိန်ရလို့ရှိရင်တော့ ဝင်လယ်စေချင်ပါတယ်” 

(၂၀၁၆ ဇွန်လတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)