'ယခုလက်ရှိအခြေအနေမှာ အစိုးရဆိုတာမရှိတော့ဘူး'

'ယခုလက်ရှိအခြေအနေမှာ အစိုးရဆိုတာမရှိတော့ဘူး'

Dawei

R

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲကတော့ လူတွေရဲ့ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ကျဆင်းသွားပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရှင်သန်ဖို့အတွက် လူတစ်ဦး အသိုင်းအဝိုင်းတစ်ခုရဲ့ အရင်းအမြစ်စွမ်းအားတွေဟာ အများကြီးအရေးပါလာပါတယ်။  တနင်္သာရီတိုင်းထားဝယ်ဒေသက အသက် (၃၀) အရွယ်ကရင်အမျိုးသမီးလေးဟာ အာဏာမသိမ်းခင်က ဒေသခံအမျိုးသမီးတွေ ကလေးတွေကို ပညာတွေ ကျွမ်းကျင်မှုတွေ လေ့ကျင့်သင်ကြားကူညီပေးနေသူတစ်ဦးပါ။ အခုတော့ အထီးကျန်ပြီးကြောက်ရွံ့နေတဲ့ ရွာသူရွာသားတွေအတွက် တစ်ဦးကိုတစ်ဦးအားကိုးဖို့ပဲ ရှိပါတော့တယ်။

စစ်အာဏာမသိမ်းခင်တုန်းကဆိုရင် ကျွန်မ လုပ်မဲ့အရာတွေအများကြီးရှိတယ်။ ဥပမာ ကလေးတွေကို သဘာဝ ပတ်ဝန်းကျင်တဲ့ပတ်သက်တဲ့အစီအစဉ်တွေ ခရီးစဉ်တွေကို ပြင်ဆင်ထားတာ ရှိတယ်။ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ သွားလာလုပ်ရှားမှုတွေလုပ်ဖို့အတွက် ကြောက်ရွံ့မှုတွေရှိလာတယ်။

မြိတ်ကျွန်းစုမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ကျွန်မလိုမျိုးဘဲ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ကလေးတွေကိုမျှဝေပေးတဲ့နေရာမှာ ဝါသနာပါပြီး လုပ်ဆောင်နေတယ်။ သူက ကျမကို ဖုန်းခေါ်ပြီး ပြောတယ်။ သူငယ်ချင်းရေ ငါတို့ စီစဉ်ထားတဲ့ဟာမလုပ်ဖြစ်တော့ဘူး မလာနဲ့အုံးနော်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက ကလေးတွေနဲ့အတူလူစုပြီး ကျေးရွာမှာ အမှိုက်လိုက် ကောက်ပြီး ပတ်ဝန်းကျင် သန့်ရှင်းရေးအကြောင်းကို မျှဝေတယ်။ သူအဲလိုလုပ်တော့ စစ်တပ်က ပြောလာတယ်။  အဲလိုသွားလာလှုပ်ရှားမှုတွေမလုပ်နဲ့တဲ့ ဘာဖြစ်လို့ လဲဆိုတော့ (သပိတ်) ဆန္ဒပြနေတယ်လို့ထင်မှာစိုးလို့တဲ့။ အဲကြောင့် ကလေးတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ မလုပ်ဖြစ်တော့ဘူး။

အမျိုးသမီးတွေအပေါ်မှာလည်း ကျွန်မ ရည်မှန်းချက်နဲ့ လုပ်ဆောင်မဲ့ဟာတွေ အများကြီးရှိတယ်။ ဥပမာ ဒေသတစ်နေရာနဲ့တစ်နေရာက အမျိုးသမီးတွေ တွေ့ဆုံစေပြီး မိမိတို့ရဲ့ အသိပညာ အတတ်ပညာများကို ပြန်လည်မျှဝေတဲ့အစီအစဉ်တွေ၊ ပြီးတော့ ဓလေ့ထုံးတမ်းယဉ်ကျေးမှု ကျင့်သုံးနေတဲ့ နေရာတွေကို သူတို့ကို ခေါ်သွားပြီး လေ့လာရေးအစီအစဉ်မျိုး၊ ပြင်ဆင်ထားတာမျိုးရှိတယ်။

ကျွန်မလည်း ကိုယ့်ဒေသမှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်သလို လူငယ်တစ်ယောက်လည်း ဖြစ်တယ်။ အဲဒါကြောင့် ကျွန်မ ငယ်ရွယ်စဉ်အချိန် လုပ်နိုင်စွမ်းတွေ ကျွမ်းကျင်မှုတွေနဲ့ အင်အားတွေရှိနေတဲ့အချိန်မှာ ကိုယ့်ဒေသမှာရှိတဲ့အမျိုးသမီးတွေကို ပြန်လည်ပြီး မျှဝေပေးချင်တယ် အားပေးချင်တဲ့စိတ်ဆန္ဒတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ထွက်ပြီး ဦးဆောင်လုပ် ဆောင်နေတာတွေက အများစုက အမျိုးသားတွေဘဲမြင်ကြပြီး အမျိုးသမီးတွေက မီးဖိုချောင်မှာနေတယ်လို့ဘဲမြင်ကြတယ်။ ပြီးလို့ရှင်ရင် အမျိုးသမီးတွေကို မှီခိုလို့ဘဲ မှတ်ပုံတင်ထဲမှာကအစ ရေးသားထားကြတယ်။ လူတွေက အဲဒီလိုမမြင်အောင် ကျွန်မလုပ်ဆောင်တယ်။ “ငါတို့အမျိုးသမီးတွေက ဘာမှ မလုပ်နိင်ဘူး။ အိမ်မှာနေပြီး အိမ်မှုကိစ္စလုပ်၊ ကလေးထိန်းတာတို့ဘဲ လုပ်တယ်” ဆိုတဲ့ စိတ် မရှိအောင် ကိုယ့်ကိုယ်မသိမ်ငယ်အောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့။

ကျွန်မဟာ ဓလေ့ထုံးတမ်းဆိုင်ရာအတတ်ပညာများကို ပြန်လည်ဖော်ထုတ်လုပ်ဆောင်နေပါတယ်။ ဒေသသစ်တောထဲမှာရှိတဲ့ သစ်ခေါက်တွေနဲ့ သဘာဝချည်တွေကို အရောင်ပြန်ဆိုးတယ်။ သဘာဝချည်ဆိုတာ ဂွမ်းကထွက်တဲ့ချည်။ တစ်ချို့အမျိုးသမီးတွေက သဘာဝအရောင်ဆိုးထားတဲ့ချည်တွေနဲ့ ယက်ကန်းယက်တယ်။  သူတို့ကြိုက်နှစ်သက်ရာ ကရင်ရိုးရာ အထည်အကျီတို့ အိတ်တို့လုပ်တယ်။

အဲဒီရိုးရာဓလေ့ အတတ်ပညာက ကျမတို့ဒေသမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ ကျမတို့ ပြန်လည် လေ့လာတဲ့အချိန်မှာ အဲဒီသဘာဝဆိုးဆေးပြုလုပ်တာတွေကို မလုပ်တတ်ကြတော့ဘူး။  ကျွန်မလိုက်မေးသလောက် ဘယ်အပင်က ဘယ်အရောင်ကို ထွက်စေတယ် ဆိုတာက တော်တော်များများက မသိကြတော့ဘူး။ လုပ်တတ်ပြီး သိတဲ့ အသက်ကြီးတဲ့သူတွေကလည်း ဆုံးပါးသွားကြကုန်ပြီ။ ဒါနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး ပြန်လေ့လာရသလောက် ကျွန်မတို့ တနင်္သာရီတိုင်းမှာ အခုလောလောဆယ် သိရသလောက်ကတော့ သဘာဝချည် အရောင်ဆိုးလို့ ရတဲ့အပင်မျိုးပေါင်း (၃၀) ကျော်ရှိတယ်။

သဘာဝဆေးဆိုးထားတဲ့ ချည်တွေ

ကျွန်မလေ့လာရသလောက် အမျိုးသမီးလူငယ်တွေကို ပြန်လည် သင်ပြပြီး ဖော်ထုတ်ခြင်း အားဖြင့် သူတို့သိလာတယ် တတ်မြောက်လာတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေက အဲဒါကို လုပ်ခြင်းအားဖြင့် ဝင်ငွေရစေတယ်။ အမျိုးသမီးတွေကလည်း သစ်တော ထိန်းသိမ်းတဲ့အပိုင်းမှာ တစ်ဖက် တစ်လမ်းမှာ ပါဝင်နေတယ်။ ဘာလို့လဲဆိုတော့ သစ်ခေါက်ကိုယူတဲ့အချိန်မှာ အပင်ရဲ့ အထဲသား ပါလို့မရဘူး အခေါက်ကိုဘဲသီးသန့်ယူရတယ်။ အခေါက်ကိုယူပြီးတော့ အဲဒီနေရာကိုမြေနဲ့ ပြန်ဖုံးပေးရတယ်။ အဲလိုလုပ်ခြင်းအားဖြင့် အပင်က မသေဘူး။ အဲကြောင့် အမျိုးသမီးတွေအနေဖြင့် သစ်တောကို အသုံးပြုတယ် ပြီးတော့ ထိန်းသိမ်းတယ်။ ပြီးတော့ သစ်တောကနေဘဲ ဝင်ငွေရတယ်။

ဒါ့အပြင် ယက်ကန်းလုပ်တတ်တဲ့အမျိုးသမီးတွေကို ကျမနဲ့အတူခေါ်သွားပြီး ကိုယ့်ဒေသမှာ ရှိတဲ့အမျိုးသမီးတွေကို ပြန်လည် သင်ပေးတဲ့အစီအစဉ်တွေကို ပြုလုပ်တယ်။ အဲကြောင့် အမျိုးသမီးတွေကို ယက်ကန်းအတတ်ပညာကို ပြန်လည်တတ်မြောက်လာပြီး မိဘဘိုးဘွားတွေရဲ့ ယဉ်ကျေးမှုကို ပြန်လည် သိလာတယ်။ အဲဒါကို လုပ်ရောင်းခြင်းအားဖြင့် သူတို့အတွက် ဝင်ငွေရတယ်။

သို့သော် အာဏာ သိမ်းလိုက်တော့ အဲဒါတွေဘာမှ မလုပ်ဖြစ်တော့ဘူး။ ကျမရဲ့ မျှော်မှန်းချက်တွေ ပျောက်သွားတယ်။

အဓိကကတော့ ကြောက်ရွံ့မှုပါဘဲ။ အဲဒီစစ်အုပ်စုက ကျေးရွာကို ဘယ်တော့လာပြီးပစ်မှာလဲ ဆိုတဲ့အရာမျိုး အမြဲတမ်းစိုးရိမ်ကြောက်လန့်နေရတယ်။

ရွာသားတွေက မြစ်ဖျားပိုင်းကိုသိပ်မသွားကြတော့ဘူး၊ မြို့ကိုသွားရင်လည်း ကြောက်ရတယ်။ အဲကြောင့် အရေးမကြီးရင် သိပ်မသွားကြတော့ဘူး။ မြို့ပေါ်ကိုလည်း မသွားချင်ကြတော့ဘူး။ အခြေအနေအရ သွားနေရတဲ့သူတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်ဆိုင်ကယ်နဲ့ မြို့ထဲကိုမဝင်လာကြတော့ဘူး။ မြို့ပြင်မှာ ဆိုင်ကယ်ထားခဲ့ပြီး Taxi ဌားပြီး မြို့ထဲသို့ ဝင်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ဝင်ဂိတ်တွေမှာ စစ်တပ်က စစ်ဆေးတာမျိုးရှိပြီး ဆိုင်ကယ်သိမ်းသွားမှာလည်း စိုးရိမ်ကြတယ်။ ရွာမှာနေလည်း စိုးရိမ်နေရတဲ့ အခြေအနေရှိပြီး မြို့ပေါ်လာလည်း ကြောက်လန့်နေရ တယ်။ အခုက အင်တာနက်လိုင်းမရှိတဲ့အတွက် Radio ကနေတစ်ဆင့်ဘဲ သတင်းတွေ နားထောင်နေရတယ်။

စစ်အာဏာသာဆက်လက်ပြီး အုပ်ချုပ်နေမယ်ဆိုရင် အစိုးရိမ်ဆုံးကတော့ ပစ်ခတ်မှုတွေဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာမျိုးနဲ့ ကျေးရွာအဆောက်အဦးတွေပျက်စီးသွားတာမျိုးဘဲ။ အဲဒီလိုသာဖြစ်ရင် ကျွန်မတို့ရဲ့ ဘဝက အစကနေပြန်စရတယ်။ ကျေးရွာတစ်ရွာပြန်ဖြစ်ဖို့အတွက် မလွယ်ဘူး။ အဲကြောင့် နိုင်ငံရေးကောင်းလာဖို့မျှော်လင့်တယ်။ ရွာမှာ ရိုးရိုးသားလုပ်ကိုင်စားသောက်မှုတွေဘဲ လုပ်ချင်တယ်။ အေးအေးဆေးဆေးဘဲ နေချင်တယ်။

အရင်တုန်းက ထွက်ပြေးကြရတဲ့အတွေ့အကြုံအရဆိုရင် အခက်အခဲတွေအများကြီးရှိတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အခက်အခဲများစွာ ရှိပြီး စားစရာ၊ ခိုလှုံစရာ၊ ဆေးဝါးအပိုင်းမှာလည်း ခက်ခဲမယ်။ ကျွန်မတို့ အမျိုးသမီးတွေ အတွက်လည်း မလုံခြုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းဘဲ စစ်တပ်က အမျိုးသမီးတွေကို မုထိန်းကျင့်တယ်။ ကျွန်မတို့ မိဘဘိုးဘွားခေတ်တုန်းက အဲဒီ စစ်ဒဏ်၊ အဲဒီ စစ်တပ်က အနိုင်ကျင့်တဲ့ဟာတွေက သူတို့ခံလာခဲ့ရပြီးပြီ။ အရင် အခြေအနေကို ပြန်မသွားချင်ဘူး။

သဘာဝပတ်ဝန်းကျင်အကြောင်း လေ့လာနေတဲ့ ကလေးတွေ

အရင်တုန်းက ပစ်ခတ်တိုက်ခတ်မှုတွေကြုံဖူးနေခဲ့တဲ့ တစ်ချို့သောလူတွေကတော့ ထွက်ပြေးဖို့ဘဲ စဉ်းစားတယ်။ အကြောက်တရားတွေကတော့ အခုချိန်ထိလွမ်းမိုးနေဆဲဘဲ။  ကျန်တဲ့အုပ်စုကတော့ ထွက်မပြေးတော့ဘူး၊ အရင်ကလည်းထွက်ပြေးခဲ့ပေါင်းလည်းများနေပြီ... ဆိုပြီး လုပ်ဆောင်နေတဲ့လူတွေလည်း ရှိတယ်။

အာဏာမသိမ်းခင်ကတည်းက စစ်တပ်ဘက်က နယ်စပ်ဒေသဘက်တို့ အချက်အချာကောင်းတဲ့နေရာတွေမှာ နေရာဝင်ယူထားပြီးဖြစ်တယ်။ အဲကြောင့် အဆိုးဆုံးအခြေအနေဖြစ်ရင် ကျွန်မတို့မှာ ပြေးစရာမြေနေရာ တောင်မရှိ တော့ဘူး။ သူတို့ဘက်က အကုန်ပိတ်လိုက်မှာ။

ဒီစစ်အာဏာသိမ်းလိုက်တော့ ကုန်ဈေးနှုန်းတွေအရမ်းတက်လာတယ်။ ကျွန်မတို့ ကျေးရွာအခြေအနေနဲ့ မြို့ပြအခြေအနေကို ယှဉ်ကြည့်လိုက်တဲ့အခါမှာ မြို့ပြကလူတွေက စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြ ရတယ်။ ကျွန်မတို့ရွာမှာရှိတဲ့အမျိုးသမီးတွေက ဟင်းသီးဟင်းရွက်တွေကို ဝယ်စရာလိုဘဲ ကိုယ့်ကျေးရွာ ကိုယ့်သစ်တောထဲမှာ ထွက်တဲ့ဟာကိုဘဲ ရှာဖွေစားသောက်တယ်။ COVID-19 ရောဂါဖြစ်တဲ့အချိန် တုန်းကလည်း အဲလိုပါဘဲ။ မြို့ပြကလူတွေ အရမ်းကြောက်လန့်ကြပြီး အပြင်တောင် မသွားကြတော့ဘူး။ ကျမတို့ ရွာသူ၊သားတွေကတော့ ပုံမှန်အတိုင်း တောင်ယာထဲကို သွားတယ်၊ ဥယျာဉ်ခြံ လုပ်ငန်းတွေ ကိုပုံမှန်လုပ်တယ်။

ယခုလက်ရှိ ကျွန်မ ပြန်လုပ်နိုင်တာက သဘာဝ (တရော် ကင်းမွန်) ခေါင်းလျှော်ရည်။ အရင်တုန်းက ကျမတို့ ဘိုးဘွားခေတ်တုန်းက အဲဒါတွေဘဲသုံးတယ်။ အဲဒီသဘာဝဟာတွေကလည်း ကျမတို့ဒေသမှာထွက် တယ်။ ဒါပေမဲ့ အခုခေတ်လူငယ်တွေက အဲဒါတွေကို မသုံးတော့ဘူး။ အမြုပ်ထွက်များတဲ့ ခေါင်းလျှော်ရည်ကို ဘဲသုံးကြ တယ်။ အဲကြောင့် အဲဒီသဘာဝခေါင်းလျှော်ရည်ကို အမြုပ်ထွက်အောင် ကျွန်မပြန်လည်စမ်းသပ်မှုတွေလုပ်ပြီး ကျေးရွာက အမျိုးသမီးတွေ ပြန်လည်မျှဝေတယ်။

ပြီးတော့ ကိုယ့်ဒေသထွက်အသီးအနှံတွေကို ယိုလုပ်နည်း လုပ်ပြတယ်။ ဆိုင်တွေမှာဈေးကြီးပေးဝယ်စရာမလိုဘဲ တာရှည်ခံဆေးတွေမပါဘဲ ကျန်းမာရေးနဲ့လည်း ကိုက်ညီတဲ့ ဒေသထွက်အစားအစာကို လုပ်စားတတ်လာဖို့။ သူတို့အတွက်လည်း ဝင်ငွေရစေမဲ့နည်းလမ်းတစ်ခုလည်းဖြစ်တယ်။

ဒေသအသီးတွေကနေ ယိုလုပ်နည်း

အခုဆိုရင် ကလေးတွေကျောင်းလည်း မနေရတော့ဘူး ပြီးတော့ ဒီစစ်ကောင်စီပညာရေးစနစ်နဲ့ စစ်ကောင်စီ အုပ်ချုပ်မှုကြောင့် မိဘာတွေကလည်း ကလေးတွေကို ကျောင်းမလွှတ်ရဲတော့ဘူး။ ကိုယ့်ဒေသမှာ ရှိတဲ့လူတွေကလည်း ကိုယ်တတ်တဲ့အတတ်ပညာတွေကို ပြန်လည် မျှဝေတာ့မျိုးရှိတယ်။ ရှေးဦးသူနာပြု၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ၊ အင်္ဂလိပ်ဘာသာစကား၊ တယောတို့ ဂီတာ စတဲ့အရာတွေကို ကျေးရွာမှာ ပြန်လည်ပြီး မျှဝေတဲ့အစီအစဉ်လုပ်ကြတယ်။ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပြတ်တောက်မှုမရှိအောင်။

ဒေသအနီးအနားတွေမှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေ ရှိနေတဲ့အတွက် ကျွန်မတို့ အခု ရွာတွေကို ပိတ်ထားတယ်။ ရွာမှာ အသေအပျောက်မရှိသေးပေမဲ့ တစ်ယောက်နဲ့တစ်ယောက်လုံခြုံဖို့ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာ။

ကျမတို့ဘက်မှာရှိတဲ့ရွာသားတွေနဲ့ ခေါင်းဆောင်ပိုင်းတွေကတော့ တိုင်တိုင်ပင်ပင်ညှိုညှိုနှိုင်းနှိုင်းတော့ရှိတယ်။ ဥပမာ - လုံခြုံရေးအပိုင်းသော်လည်းကောင်း၊ အစားအစာကြိုတင် ပြင်ဆင်တဲ့ အပိုင်းသော်လည်းကောင်း၊ ကျေးရွာ အုပ်ချုပ်ရေးအပိုင်းသော်လည်းကောင်း ပိုမိုကောင်းမွန်အောင်ပြန်လုပ်ဆောင်နေတာမျိုးရှိတယ်။ ကျွန်မတို့ ဒေသရဲ့ကျေးရွာအုပ်ချုပ်ရေးအပိုင်းက ကောင်းမွန်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မှာ ယခုလက်ရှိအခြေအနေမှာ အစိုးရဆိုတာမရှိတော့ဘူး တစ်ခုခုဖြစ်ရင် တိုင်စရာ အစိုးရဌာနလည်းမရှိတော့ဘူး။

မြေယာနဲ့သစ်တောများကာကွယ်စောင့်ရှောက်ပိုင်ခွင့်ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိတိုင်းရင်းသားလူမျိုးစုများနဲ့အလုပ်လုပ်တဲ့ Esther Wah မှ ၂၀၂၁ မတ်လမှာ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ပန်းချီ ဂရတ်ဖစ်များကို Raise Three Fingers for Democracy မှ ယူပါသည် https://www.threefingers.org/