"ပြည်သူမှာ ပြည်သူပဲရှိတယ်"

"ပြည်သူမှာ ပြည်သူပဲရှိတယ်"

Magway

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုရယ်နဲ့ သူ့ရဲ့နောက်ဆက်တွဲရလဒ်တွေကတော့ စီးပွားရေး ချုံးချုံးကျတာရယ်၊ မြို့ကြီးပြကြီးတွေကနေ အထီးကျန်ဆုံးရွာတွေအထိ အကြမ်းဖက်မှုနဲ့ အကြောက်တရားတွေ လွှမ်းခြုံခဲ့တာတွေပါပဲ။ ကုမ္ပဏီတွေပိတ်ပြီး အလုပ်သမားတွေ သပိတ်မှောက်ကြတာကြောင့် မြို့နေပြည်သူတွေဟာ စီးပွားရေးနာကျင်မှုကို ဦးစွာခံစားခဲ့ရပေမယ့် ကျေးလက်ဒေသထွက်ကုန်ထုတ်လုပ်သူတွေဟာလည်း သူတို့ရဲ့ ပုံမှန်ဈေးကွက်ကနေ ပြတ်လုနီးပါးဖြစ်နေတာကို တွေ့ရှိလာရပါတယ်။ ဒီအထဲမှာ မကွေးတိုင်းက အသက် ၂၂ နှစ်အရွယ် လယ်သမား တစ်ဦးလည်းပါပါတယ်။ သူနဲ့သူ့မိသားစုဟာ လယ်ယာလုပ်ငန်းက ရတဲ့ငွေနဲ့ ဆိုင်အသေးကလေးက ၀င်ငွေကို အားကိုးနေကြတာပါ။ 

စားဝတ်နေရေးက ပိုကျပ်တည်းလာတာပေါ့။ ဆန်စျေးနှုန်းတွေ ဆီစျေးနှုန်းတွေ ကုန်စျေးနှုန်းတွေ တက်နေတဲ့ အချိန်။ ကျွန်တော်တို့ကတော့ မိသားစု ၄ ယောက်ရှိတယ်။ ၃ယောက်က အိမ်မှာပဲနေတယ်။ ၁ယောက်ကတော့ အပြင်မှာ ငွေရှာနေတယ်။ အိမ်မှာ ဆေးဆိုင်လေးဖွင့်ပြီးနေတယ်။ အဲဒီတော့ တစ်ဆင့်ခံ ပြန်ဝယ်ရတယ်။ စျေးတွေကြီးနေတော့ အောက်က ဝယ်တဲ့သူတွေကိုလည်း အဆင်ပြေစေချင်တော့ အမြတ်အများကြီး တင်ရောင်းလို့လဲ ရွာရဲ့အနေအထားအရ လုပ်လို့မရတော့ အမြတ်အစွန်းလဲနည်းတော့ စားဝတ်နေရေးက နဲနဲတော့ ကျပ်တယ်။

ကျွန်တော်တို့ လယ်တွေဘာတွေလုပ်တာကတော့ ဘိုးဘွားအစဉ်အထက်ကတည်းက လုပ်တာဗျ။ ယာမှာတော့ မြေပဲတို့ နှမ်းတို့ ပဲစင်းငုံတို့။ အဲဒါတွေပဲ အဓိကစိုက်တယ်။ လယ်က ၄ဧကလောက်တော့ရှိမယ်။ လွန်ခဲတဲ့ ၃၊ ၄ နှစ်ကတည်းက မိုးက မကောင်းတာနဲ့ လယ်တွေကို မစိုက်ပဲနဲ့ ထားတယ်။

အရင်နှစ်တွေက ဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်တော်တို့ ထွက်တဲ့ သီးနှံလေးတွေ စျေးကောင်းတဲ့အချိန် မှီအောင် ပွဲရုံတွေကို ပို့လို့ရတာဗျာ။ အခုကျတော့ နိုင်ငံရေး အခြေအနေကြောင့် သီးနှံတွေက စျေးနှုန်းကောင်းတဲ့ အချိန်မှာဆိုရင်တောင် ကျွန်တော်တို့ ဒီသီးနှံတွေကို အချိန်မှီ ပို့ဖို့က မလွယ်တော့ဘူး ခင်ဗျ။

ကျွန်တော်ကတော့ (ဒီအခက်အခဲတွေဟာ) နိုင်ငံရေး အခြေအနေကြောင့်လို့ပဲ ထင်တယ်ဗျ။ မနှစ်တုန်းက ကိုဗစ်အခြေအနေတုန်းကတောင်မှ ကားတွေက ပုံမှန်ထွက်တယ်။ ပွဲရုံသွားပို့တဲ့ ပွဲစားတွေရဲ့ ကားတွေက ပုံမှန်သွားဖြစ်တယ်။ ၂ ရက်တစ်ခါ ၃ရက်တစ်ခါ။

အခုအချိန်ကတော့ သီးနှံတွေကတော့ ပေါ်တယ်ဗျာ။ ဒါပေမယ့် အရင်လို လွယ်လွယ်ကူကူ ပို့လို့မရတော့ဘူး။ ပွဲစားတွေကလည်း ပွဲရုံတွေကို သွားပို့မပေးတော့ဘူး။ အခုခရီးသွားတဲ့ express တွေနဲ့ပဲ တင်ပို့နေရတာပေါ့။ အဲဒီတော့ နဲနဲအကျပ်ရိုက်တာပေါ့။ အခုကားတွေကလည်း တစ်ပတ် တစ်ခါ ထွက်တယ်ဆိုတာ ပုံမှန်မရှိဘူး။ နယ်မြေအခြေအနေကြည့်ပြီးတော့ ကားတွေထွက်ရတာဆိုတော့ တစ်ခါတစ်လေ တစ်လမှာ တစ်ခါလောက်ပဲ ထွက်ဖြစ်တော့တာ ခင်ဗျ။

အခုချိန် (စိတ်အပူဆုံးကတော့) ရလာတဲ့ အသီးအနှံတွေကို ဒီပွဲရုံတွေကို မပို့လိုက်ရမှာပဲစိုးတာ။ နိုင်ငံရေးအခြေအနေတွေကလည်း ဘယ်အချိန်မှာမှ ပြီးမလဲ မသိရတဲ့အတွက် သီးနှံတွေက ကိုယ့်ထဲမှာပဲ အောင်းနေမယ်ဆိုရင် ငွေအောင်းနေတာပဲ အဖတ်တင်မယ်။ ကျွန်တော်ရွာတွေမှာဆိုလည်း ဒီလောက်များတဲ့ ပမာဏတွေကို ဘယ်သူမှလည်း ထိန်းပြီးတော့ ဝယ်မထားနိုင်ဘူးဗျာ။ ဒီ့ထက် နိုင်ငံရေးအခြေအနေပိုဆိုးလာမယ်ဆိုရင် ကုန်ပစ္စည်းတွေပို့တာကအစ ပိုပြီးခက်ခဲလာမယ်။ အဓိကက ထွက်တဲ့သီးနှံတွေ ပွဲရုံမရောက်မှာပဲ စိုးတယ်။ စျေးအနေအထားထက် ရတဲ့စျေးနဲ့ပဲ အရောင်းထွက်ဖို့ ပိုပြီးအဓိကကျနေတာပေါ့။

ကျွန်တော်တို့က ချေးငွေမယူဘူး။ ယူတဲ့သူတွေတော့ရှိတယ်။ အစောပိုင်းတုန်းက နိုင်ငံရေး အခြေအနေကောင်းတုန်းကဆို ဓတ်မြေသြဇာတွေ အလွန်ဆုံးရှိမှ ၃ သောင်း၊ ၃ သောင်းခွဲ။ အခုဆိုရင် ၅ သောင်းခွဲ၊ ၆ သောင်းခွဲ။ အဲလိုမျိုးတွေ တက်သွားတယ်။ လျှော့သုံးတာမျိုးတော့မရှိဘူး။ တောင်သူတွေက အထွက်တိုးချင်တာပဲ သိကြတော့ စိုက်ပျိုးရေး အသိလည်း နည်းကြတယ်လေ။ ဒီမှာကတော့ ရိုးရာအတိုင်းပဲ စိုက်ကြတယ်။ သီးနှံအထွက်တိုးချင်ရင် ဒီဓတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေ အားဆေးတွေ သုံးကြတယ်။ ဒါပေမယ့် တစ်ခြားနယ်နဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့ က အသုံးနဲတယ်။ အခုတစ်လောမှာတော့ တော်တော်အသုံးများတယ်။ ပိုးတွေကျမှာ ကြောက်တာနဲ့ ဒီပိုးသတ်ဆေးတွေ အလွန်အကျွန်သုံးတာတို့၊ စိုက်ပြီးကတည်း က ပေါင်းအုပ်ဆေးတွေတို့ ဘာတွေတို့ ဖြန်းတာတွေကအစ အသုံးများလာကြတယ်ပေါ့။

ကျွန်တော်တို့ဘက်မှာ (အစိုးရ) ချေးငွေဆိုရင် ယာတို့ လယ်တို့ ဧကအပေါ်မူတည်ပြီး တောင်သူကြီးလား တောင်သူလေးလား အဲဒီအပေါ်မှာပဲ မူတည်ပြီးတော့ ချေးပေးတာ။ ဟိုတစ်နေ့ကပဲ ကျွန်တော်တို့ဒီရွာမှာ ဒီစိုက်ကန်အတွက် ထုပ်ချင်တဲ့သူတွေ စာရင်းပေးဖို့ ဒီရပ်ရွာရဲ့ အရင်ခေါင်းဆောင်တစ်ယောက်က မိုက်နဲ့ ကြေငြာပြီးတော့ ချေးငွေထုပ်ချင်တယ် ဆိုရင် ဘယ်သူ့ဆီမှာ ရတယ် ဆိုတဲ့အကြောင်း အော်ပြီးတော့ ကြေငြာပေးတယ်ခင်ဗျ။ စိုက်ပျိုးလို့ရရင် ကိုယ့်အတွက် စားဝတ်နေရေး အဆင်ပြေမယ်ဆိုပြီးတော့ ဒီလိုပဲ သွားချေးကြတဲ့သူတွေ အများကြီးပဲဗျ။

အခုတော့ ငွေရေးကြေးရေးအခက်အခဲကို အဆင်ပြေတဲ့ ဒီကုန်ပစ္စည်းဆိုင်တွေကနေ ငွေတွေလှည့်တာတို့၊  ပြီးခဲ့တဲ့နှစ်က သီးနှံတွေကို အခုကျမှ ပြန်ရောင်းပြီးတော့ ရတဲ့ အရင်းအနှီးလေးနဲ့ လုပ်ထားတာတို့၊ အချင်းချင်း ပြန်ပြီး ချေးငွေယူတာတို့ကနေ ငွေကြေးကိုပြန်ပြီး လည်ပတ် အောင်လုပ်နေရတယ်။

ကျွန်တော်တို့ကတော့ ရှိတာနဲ့ပဲ အဆင်ပြေအောင် လည်ပတ်အောင်လုပ်လိုက်တယ်။ ကျွန်တော်တို့ ​တောင်သူဘက်မှာ ပြန်ထည့်မယ်ဆိုရင် ဆိုင်ဘက်မှာ အရင်းအနှီးလျော့လိုက် တာတို့ အဲလိုမျိုးလေးတွေ ပြန်လုပ်ဖြစ်တယ်ဗျ။

ကျွန်တော်တို့က ငွေကြေးအရ နဲနဲအဆင်ပြေတဲ့ ပိုင်းနည်းနည်းပါတော့ သိတ်တော့ မဆိုးဘူးဗျ။ တစ်ချိုု့ဆိုရင်တော့ နွားရှဉ်းမရှိဘဲ ကျွန်တော်တို့ ဒီလယ်ယာမြေလုပ်တဲ့သူတွေကြတော့ နွားရှဉ်းငှားရတာလည်း ကျွန်တော််တို့ သီးနှံတစ်ခုမှာက ထွန်မယ်ဆိုရင် စိုက်ပြီးရင်လည်း ၄၊ ၅၊ ၁၀ ခေါက်ထွန်ရတယ်ဗျ။ အဲဒီတော့ တစ်ခေါက်ကို ၁သောင်း၊ ၁သောင်းခွဲဆိုတော့ သီးနှံပေါ်ပေးတို့ အဲဒီလိုချေးငွေတွေယူတာတွေနဲ့ပဲ ဖြေရှင်းနေရတာ။ အခုမြေသြဇာတို့ အားဆေးတို့ ပိုးသတ်ဆေးတို့ဆိုလည်း ဒီလိုပဲ။ နှမ်းပေါ်ရင် နှမ်းပေါ်ပေး။ ပဲစဉ်းငုံဆိုရင် ပဲစဉ်းငုံ ပေါ်ပေး။ မြေပဲပေါ်တဲ့အချိန်ဆိုရင် မြေပဲပေး။ အဲဒီလိုမျိုးပဲပေါ့။

အားလုံးပဲ ဒီကုန်စျေးနှုန်းတွေ အဆမတန်တက်ပြီးတော့ ပြည်သူတွေကို မနှိပ်စက်ဖို့ တောင်းပန်ပါတယ် ခင်ဗျ။ သူတို့ယူလိုက်ရတဲစျေးက ၁၀၀၀ ဆို ၁၂၀၀ နဲ့ရောင်းတာလက်ခံတယ်။ ဉပမာ ၂၀၀၀၊ ၃၀၀၀ တင်ရောင်းတာတွေဆိုရင်တော့ အဆင်မပြေဘူး။ ပြည်သူမှာ ပြည်သူပဲရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ ပြည်သူအချင်းချင်းထောက်ပံ့ရမယ်။

ကျွန်တော်တို့ဘက်မှာ ကြုံတွေလာရမယ်ဆိုရင်... တစ်တပ်တစ်အားနဲ့ တော်လှန်နိုင်အောင်တော့ ပြင်ဆင်ထားတယ်။ လုပ်စရာရှိတာတွေ လုပ်ထားတယ်။ စုစရာရှိတာတွေ စုထားတယ်။ ပါဝင်နိုင်အောင် အဆင်သင့်ပြင်ဆင်ထားတယ်။

Art for Freedom (Myanmar) က ပန်းချီကို သုံးယူပါတယ်။