မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု ၁၂ လ

မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု ၁၂ လ

Yangon

လေတံခွန်ပုံပြင်များရဲ့ ဒိုင်ယာရီအသစ်များကို လစဉ် အီးမေးလ်ထဲမှ ဖတ်ချင်တယ်ဆိုရင်၊ မြန်မာသတင်းထောက်များနှင့် ဖန်တီးသူအနုပညာရှင်များကို ကူညီပေးချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ ပရောဂျက်ကို ပံ့ပိုးဖို့အတွက် စာရင်းသွင်းရန် ဤနေရာကို နှိပ်ပါ

ဇန်နဝါရီ ၃၁၊ ၂၀၂၁။
ရိုးမမြို့

အဲဒီနေ့ကတော့ သာမန်တနင်္ဂနွေညနေခင်းတစ်ခုပါပဲ။ သန်းခေါင်ယံရောက်ခါနီးအချိန်လေးမှာ ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်ရင်း အိပ်ယာမဝင်ခင် နောက်ဆုံး ရယ်စရာကောင်းတဲ့ YouTube ဗီဒီယိုကို ကြည့်ရင်း တစ်ဖက်ကလည်း ကျွန်မရဲ့ Twitter feed ကို ပေါ့ပေါ့ပါးပါး ဖတ်ကြည့်နေမိတယ်။ စနေ၊ တနင်္ဂနွေပိတ်ရက်မကုန်ဆုံးချိန်မှာ လုပ်နေကျသာမာန်ပုံစံအတိုင်းပေါ့လေ။

ကြည့်ရင်းတန်းလန်း ရုတ်တရက် ထိတ်လန့်ဖွယ်ရာကောင်းတဲ့ သတင်းတွေ Twitter ပေါ်မှာစတက်လာတာကို ကျွန်မတွေ့လိုက်ရတော့ စက္ကန့်အနည်းငယ်ကြာကြာ အသက်မရှူနိုင်ခဲ့ပါဘူး။ အရပ်သားပါလီမန်အသစ် ဖွင့်ဖို့နာရီပိုင်းအလို မှာပဲ  မြန်မာ့စစ်တပ်က အာဏာသိမ်းပြီး အကြီးတန်းအရပ်သားခေါင်းဆောင်တွေကို အရုဏ်မတက်မီ စီးနင်းဖမ်းဆီးခဲ့တယ်ဟု တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်မိတ်ဆွေတွေရဲ့ tweet တွေမှာရေးထားတာကို တွေ့လိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပြတ်အသတ် ထပ်ပြီးအနိုင်ရသွားတဲ့ 2020 ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်တွေကို ကြေညာပြီးကတည်းက သီတင်းပတ်များစွာမှာ အာဏာသိမ်းမယ်လို့ ကောလဟာလတွေ ပျံ့လွင့်နေခဲ့ပေမယ့် ဒီလိုတစ်ကယ်ကြုံလာရမယ်လို့ တော်တော်များများကမတွေးမိခဲ့ဘူး။ ဖြစ်နိုင်ချေမရှိဘူးလို့ထင်ခဲ့ကြပါတယ်။

ကျွန်မဆိုလိုတာက လက်ထဲမှာ ace လေးခုရှိပြီးသားဆိုရင် ဘယ်သူကပွဲအသစ်ဘယ်တောင်းပါ့မလဲပေါ့နော်။ တပ်မတော် လိုချင်တာမှန်သမျှ အများကြီး ရခဲ့တယ်လို့ ကျွန်မတို့တွေက ထင်ထားခဲ့တာကိုး။ ကျွန်မတို့တွေ မှားကြတာပေါ့။

စစ်တပ်က ဒီ့ထက်ကိုပိုပြီး လိုချင်ကြတယ်လေ။ ပြောရမယ်ဆို အနည်းဆုံးတော့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလိုချင်တာပေါ့နော်။

နောက်နာရီအနည်းငယ်ကြာတော့ ဘယ်လိုကျော်ဖြတ်ခဲ့သလဲတောင် ကောင်းကောင်းမမှတ်မိဘူး။ အိပ်ချင်စိတ်တွေလည်း ပျောက်သွားပြီ။ မိသားစု၊ သူငယ်ချင်းဟောင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကို အရူးအမူး ဆက်သွယ်ဖို့ ကြိုးစားရင်း လက်ဖက်ရည်ဆိုင်က အတင်းအဖျင်းပြောသံတွေနဲ့ ဆိုရှယ်မီဒီယာကောလဟာလတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်မှာ ဒါလည်းနောက်ထပ် သတင်းအမှားဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။ မြန်မာနိုင်ငံက ဝေးကွာနေတဲ့ ကိုယ့်လိုလူတွေနဲ့ ဒီထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ သတင်းစကားတွေကို အပြန်အလှန်ဖလှယ်ကြပြီး လက်လှမ်းမီနိုင်တဲ့ နောက်ဆုံးရသတင်းတွေကို မျှဝေကြပါတယ်။

နောက်ဆုံး နံနက်စောစောမှာ အိပ်ပျော်သွားပြီး နာရီအနည်းငယ်အကြာမှာပဲ ဖုန်းမြည်သံကြောင့်နိုးလာတော့ သတင်းသမား သူငယ်ချင်းတစ်ဦးက Facebook Messenger ကနေဖုန်းခေါ်နေတာကို တွေ့လိုက်ရပါတယ်။ အာဏာသိမ်းမှု အမှန်တကယ် ဖြစ်ပွားကြောင်း၊ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်၊ အာဏာရ ပါတီခေါင်းဆောင် အများအပြားနဲ့ ဝါရင့် တက်ကြွလှုပ်ရှားသူ အချို့ကို ဖမ်းဆီးထားတယ်လို့ အတည်ပြုတယ်။

ဖုန်းမချခင်သူကကျွန်မကိုပြောသွားတယ်။ “အစ်မ၊ သတိထား။ ဘေးကင်းပါစေ” တဲ့။

ဒါပေမယ့် ကျွန်မကမိုင်ထောင်ချီဝေးတဲ့နေရာမှာနေသူလေ။ သူကသာသတိထားသင့်တယ်လို့ ပြောခဲ့တယ်။

အဲဒီနေ့ တစ်လျှောက်လုံး ကျွန်တော်တို့ မက်ဆေ့ချ်တွေ ဖလှယ်ခဲ့ပြီး သူ့ရဲ့ Facebook အကောင့်ကို ဖျက်ပစ်မယ်လို့ ပြောပါတယ်။

သူ့ဆီ ကျွန်မ နောက်ဆုံးရေးခဲ့တဲ့ မက်ဆေ့ချ်ကတော့ “ပြည်တွင်းသတင်းထောက်တွေ ဒီညအဖမ်းခံရနိုင်တယ်ဆိုတဲ့ ကောလဟာလတွေပေါ်နေတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး လုံခြုံတဲ့နေရာမှာ ရှိနေပါ။”

ဒါ သူနဲ့ နောက်ဆုံးအကြိမ် စကားပြောခဲ့တာ။ ငါးပတ်အကြာမှာ ဒီသူငယ်ချင်းအဖမ်းခံရတယ်။ တစ်နှစ်ပြည့်တော့မယ်။ အခုအချိန်အထိ ထောင်ထဲမှာပဲရှိနေသေးတယ်။

—--------------------------

လွန်ခဲ့တဲ့ ၁၂ လဟာ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူတိုင်းအတွက် မချိမဆံ့ရှည်လျားပြီး သည်းမခံနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ အချိန်တွေပါပဲ။

တစ်ချက်ထဲမှာပဲ ပြည်သူတွေရဲ့ အထူးသဖြင့် မျိုးဆက်သစ်လူငယ် Gen Z တွေရဲ့ ရဲစွမ်းသတ္တိ၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ခံနိုင်ရည်အား ကို မြင်တွေ့ခဲ့ရတယ် အံ့သြဖို့လည်းကောင်း၊ နှိမ့်ချဖို့လည်းကောင်းတဲ့ အတွေ့အကြုံပါပဲ။ တပ်မတော်ဆီကနေ ဒီလောက်တောင် ယုတ်ညံ့ပြီး အသိဥာဏ်မဲ့အကြမ်းဖက်မှုတွေ ကျွန်မတစ်သက်လုံး ဘယ်လိုမှ မတွေးမိခဲ့တဲ့ အကြမ်းဖက်မှုတွေကို သူတို့ ရင်ဆိုင်ခဲ့ရတယ်။

ဒီလို ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်နေတာ၊ မြန်မာပြည်မှာရှိိသူတွေ ခက်ခဲတဲ့ ဆုံးဖြတ်ရွေးချယ်မှုတွေကို လုပ်ရတာတွေကို ကြားတော့ လုံခြုံတဲ့ အကွာအဝေးကနေ နားထောင်နေရတဲ့အတွက် ကျွန်မမှာ အပြစ်ရှိသလိုခံစားရတယ်။ ဒေါသဖြစ်မိတယ်။ ဘာမှမလုပ်ပေးနိုင်ဘူးလို့ အရမ်းလည်း အားမလို အားမရ ဖြစ်မိတယ်။ ဒီလိုခံစားချက်တူတဲ့သူတွေလည်း အများကြီးရှိတယ်။ အာဏာသိမ်းမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ နီးလာတော့ ကိုယ့်လူမျိုးကိုချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ လောဘကြီးပြီး လူသတ်တဲ့ စစ်အာဏာရှင် လက်ထက်မှာထက်စာရင် ကပ်ရောဂါဘေးကိုပဲ အဓိကထားစိုးရိမ်နေရတဲ့အချိန်ကို လွမ်းဆွတ်မိပါတယ်။   

ပြီးခဲ့သောနှစ်တွင် ကျွန်မဟာ COVID-19 ကြောင့် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ အသိမိတ်ဆွေတွေကို ဆုံးရှုံးခဲ့ပါတယ်။ တချို့တွေကိုတော့ စစ်တပ်က ထောင်ချတယ်။ တချို့က ပုန်းနေကြတယ်။ လေတံခွန်ပုံပြင်တွေလိုက်စုရင်း ကျွန်မရောက်ခဲ့တဲ့ အရမ်းကို နှစ်သက်သဘောခဲ့တဲ့ နေရာတွေကို တွေးမိတယ်။ ကယားပြည်နယ်က စိမ်းလန်းစိုပြေပြီး အိပ်ချင်နေတဲ့၊ တောင်ပေါ်ဘုရား ရှုခင်းတွေနဲ့ ရင်သပ်ရှုမောဖွယ် ရေကန်တွေနဲ့ မလှမ်းမကမ်းက လွိုင်ကော်မြို့၊  တိမ်တိုက်တွေ ဖုံးပြီးတောင်ရဲ့ဘေးဘက်မှာဆောက်ထားတဲ့ ချင်းပြည်နယ် မြို့တော် ဟားခါး စသည်ဖြင့်ပေါ့။ တစ်နှစ်ပတ်လုံး လည်ပတ်ခဲ့ဖူးတဲ့နေရာတွေအထဲက အလှပဆုံးနှင့် အရင်းနှီးဆုံး မြို့နှစ်မြို့ပါ။ သူတို့က အခုတော့ စစ်မြေပြင်တွေဖြစ်နေပါပြီ။ ဆုံးရှုံးမှုတွေအားလုံးကို အဝေးကလွမ်းဆွတ်ပြီး ဘယ်အချိန် အိမ်ပြန်နိုင်မလဲ မသိဘူးလို့တွေးမိပါတယ်။

တိမ်တွေကြားက ဟားခါး

အခုရက်ပိုင်းတွေမှာတော့ ကျွန်မက စိတ်တွေက ဂုဏ်ယူခြင်းနဲ့ အရှက်ရခြင်း၊ မျှော်လင့်ချက်နှင့် စိတ်ပျက်အားငယ်မှု၊ အကောင်းမြင်မှုနှင့် အဆိုးမြင်မှုတို့ကြားမှာ လည်နေတယ်။

ဒါပေမယ့် ကျွန်မ မျှော်လင့်ချက်ရှိနေတုန်းပါပဲ။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ကြီးမားတဲ့ အသွင်ကူးပြောင်းမှုကို ကျွန်မတွေ့ရတယ်။ လူနည်းစုတွေ ဟာ စနစ်ကျတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ဖိနှိပ်မှုတွေကို ခံစားခဲ့ရတယ်ဆိုတာကို အသိအမှတ်ပြုလက်ခံလာပြီး ဒါကို ပြောင်းလဲလိုတဲ့ ဆန္ဒအသစ်ကိုဖော်ပြခဲ့ကြပါတယ်။  ဒီပြောင်းလဲမှုကိုလည်း မတူကွဲပြားမှုနှင့် အားလုံးပါဝင်မှုကို ယုံကြည်တဲ့ လူငယ်တွေက ဦးဆောင်ခဲ့ကြတာပါပဲ။

ဒါတွေအားလုံးဟာ မြန်မာ့အနာဂတ်အတွက် ကောင်းတဲ့အရာတွေပါပဲ။ ကျွန်မတို့အတွက် အနာဂတ်တစ်ခု ရခွင့်ရှိမယ်ဆိုရင်ပေါ့လေ။

စစ်အစိုးရရဲ့ တင်းမာရက်စက်ကြမ်းကြုတ်တဲ့၊ တဖက်သတ် ချေမှုန်းမှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဇွဲကို ကျွန်မတင်မက လူတွေအများကြီးက အလွန်ပဲ အံ့သြမိပါတယ်။

အာဏာသိမ်းမှုဟာ နာမည်ကြီး ဗုဒ္ဓဘာသာဘုန်းကြီးတစ်ချို့တွေရဲ့ အရေခြုံ အယောင်ဆောင်မှုတွေ၊ စစ်တပ်ဟာ နိုင်ငံရေးပရိယာယ်နဲ့ သူတို့အာဏာပိုရအောင် ဘာသာရေးကိုအသုံးပြုခဲ့တာတွေကိုလည်း ကွင်းကွင်းကွက်ကွက် ဖော်ပြပြီး ပြည်သူတွေရဲ့ အမြင်ကို ဖွင့်ဟခဲ့တာကို တွေ့ရပြန်တော့လည်း ဒါကိုဝမ်းသာမိပါတယ်။

ဒါပေမယ့် အာဏာကို ဆက်ဆုပ်ကိုင်ထားဖို့ တပ်မတော်ရဲ့မြေလှန်လှုပ်ရှားမှု ဆက်တိုက်ဖြစ်ပွားနေတာကို လည်းတွေ့ရပါတယ်။ ကလေးတွေကို ပစ်သတ်၊ ဆန္ဒပြသူတွေကို ညှဉ်းပန်းနှိပ်စက်၊ နေအိမ်တွေနဲ့ လူတွေကို မီးရှို့၊ မြို့ရွာတွေကို ဗုံးခွဲ ဗုံးကျဲ၊ ဆိုတဲ့ရက်စက်ကြမ်းကြုတ်မှုတွေပေါ့။

COVID-19 ကစပြီး ယခုပဋိပက္ခပါထပ်လိုက်တော့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြတ်တောက်ပြီး နိုင်ငံစီးပွားရေးဟာ ဆုတ်ယုတ်ကျဆင်းနေပါပြီ။ ၂၀၁၁ နောက်ပိုင်း တိုင်းပြည်ဖွင့်လို့ တဟုန်ထိုး တိုးလာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပျောက်ကွယ်ကုန်ပါပြီ။ ဒီလိုဆိုးရွားတဲ့အခက်အခဲတွေနဲဲ့ ရင်ဆိုင်နေရပေမယ့်လည်း လူအများအပြားဟာ အစိုးရယန္တရားအပေါ်မှာ စစ်တပ် ချုပ်ကိုင်မှုကို တရားဝင်တယ်လို့ မဖြစ်ရအောင် အစိုးရအလုပ်လုပ်ကိုင်ဖို့ ဆက်ပြီးငြင်းဆန်နေကြပါတယ်။

2011 ခုနှစ်မှာ စတင်ခဲ့တဲ့ ပွင့်လင်းမှုဆယ်စုနှစ်ဟာ မပြည့်စုံခဲ့ပါဘူး။ ရိုဟင်ဂျာတွေခံစားခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အမှောင်ဆုံးအချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူနည်းစုတိုင်းရင်းသားဒေသတော်တော်များများမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သဘာဝသယံဇာတ ထုတ်ယူမှုတွေနဲ့ ပဋိပက္ခတွေလည်းဆက်ပြီးဖြစ်ပွားနေခဲ့ပါတယ်။

ဒါပမယ့် လူအများဟာ လွတ်လပ်စွာ ပြောဆိုနေထိုင်နိုင်ခဲ့ပါတယ်။ လူသန်းပေါင်းများစွာ အင်တာနက်ပေါ်တက်နိုင်ခဲ့တယ်။ ပြည်တွင်းသတင်းစာတွေဟာလည်း မကြုံစဖူးသော လွတ်လပ်မှုအဆင့်ဖြင့် လည်ပတ်နိုင်ခဲ့တယ်။ ပြည်ပခရီးသွားတွေ တိုးမြင့်လာရုံသာမကပဲ ပြည်တွင်းခရီးသွား ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်တာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်နိုင်ငံကို ပထမဆုံးအကြိမ် စူးစမ်းလေ့လာနိုင်ခဲ့ကြပါတယ်။

ပူတာအိုသွားဖို့ လေယာဉ်ဆိပ်မှာ

ဒီဝဘ်ဆိုဒ်ကို ကျွန်မတို့ စတင်တည်ထောက်ခဲ့တဲ့အချိန် ၂၀၁၆ ခုနှစ်ဟာ စစ်အာဏာရှင်အစိုးရရဲ့ မှောင်မိုက်သောနေ့ရက်များဆီကို ဘယ်လိုမှပြန်မရောက်နိုင်တော့ဘူးလို့ ထင်ရတဲ့နေ့တွေပါ။ ဒါကြောင့် ဒီစာမျက်နှာတွေကို ကြည့်လိုက်ရင် တိုင်းပြည်ရဲ့ အကောင်းဖြစ်လာမယ်လို့ မျှော်လင့်မှုတွေအကြီးဆုံးအချိန်ကရေးထားတဲ့ မြန်မာတနိုင်ငံလုံးက ဇာတ်လမ်းတွေကို တွေ့ရပါလိမ့်မယ်။

အခုတော့ လမ်းတွေပြန်ပြီးပိတ်ဆို့နေပြီ။ အင်တာနက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီ။ သတင်းထောက်အများစုဟာလည်း ထွက်ပြေးရင်ပြေး မဟုတ်ရင်ထောင်ထဲမှာရောက်နေပါတယ်။ လူသန်းပေါင်းများစွာဟာ စစ်အာဏာရှင် တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး အကြောက်တရားနှင့် အထီးကျန်မှုနေ့ရက်တွေဆီ ပြန်လည်ဆွဲငင်ခံခဲ့ရပါပြီ။

—---------------------------

အခုအချိန်ဟာ ဖေဖေါ်ဝါရီ ၁ရက်နေ့က တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတဲ့ လုပ်ရပ်တွေကြောင့် ဘဝတွေပြောင်းလဲခဲတဲ့ သာမန်လူတွေရဲ့ အသံတွေကိုလွှင့်ပေးဖို့က အရေးကြီးဆုံးအချိန်ပဲလို့တယ်လို့ ကျွန်မတို့ လေတံခွန်ပုံပြင်များက ယုံကြည်ပါတယ်။ မြန်မာကို ကမ္ဘာက သတိရဖို့က အရင်အချိန်တွေကထက် ပိုပြီးအရေးကြီးပါတယ်။ စစ်အာဏာရှင် လက်အောက်က ဘဝဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ နားလည်စေချင်ပါတယ်။

ဒါကြောင့် အနည်းဆုံး အရှေ့လာမဲ့နှစ်အတွက် မြန်မာသတင်းထောက်တွေနဲ့ အနုပညာဖန်တီးရှင်တွေကို မြန်မာနိုင်ငံအတွင်းမှာရော ပြည်ပမှာပါ သူတို့တွေရဲ့ နေ့စဉ်ဘဝတွေကို မှတ်တမ်းတင်ရေးသားနိုင်ဖို့ ပံ့ပိုးပေးနေပါတယ်။ ဒီအစီအစဉ်ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပြီး ထောက်ပံ့နိုင်ပါသည်။

လွန်ခဲ့တဲ့ 12 လက အဖြစ်အပျက်တွေကို ပြန်ပြောင်းတွေးတောနေတဲ့လူတွေဆီကနေ ဇာတ်လမ်းတိုတွေကိုလည်း တင်ဆက်ပေးမှာပါတယ်။

ဒီဇာတ်လမ်းတွေကို ဖတ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို မှတ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တပ်မတော်ရဲ့ လိုလားချက်က မြန်မာနိုင်ငံကို ကမ္ဘာက မေ့ပစ်ဖို့ပါပဲ။ အစိုးမရတဲ့ နိုင်ငံတစ်ခု၊ ကယ်တင်ဖို့မဖြစ်နိုင်တဲ့ နိုင်ငံတစ်ခု လို့မြင်စေချင်တယ်။ ဒါမှပဲ  သူတို့ လိုချင်တာကို လုပ်လို့ရမှာလေ။
မြန်​မာနိုင်​ငံသား​တွေက ဒီလိုအဖြစ်မခံပါဘူး။

သင်းလဲ့ဝင်း
ဇန်နဝါရီ ၂၉၊ ၂၀၂၂။