“ဘာမှ ရယ်စရာ မရှိတော့ဘူး"

“ဘာမှ ရယ်စရာ မရှိတော့ဘူး"

Yangon

သတင်းထောက် အေသင်ဇော်ဇော်ဟာ မြန်မာနိုင်ငံမှ ထွက်ခွာလာရသည့် သတင်းထောက်တစ်ဦးဖြစ်သည်။

အခုဒီဒိုင်ယာရီကို ကျွန်တော် မြန်မာနဲ့ ထိုင်းနယ်စပ်က မြို့ငယ်လေးမှာ ရေးနေတာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် နာကျင်စရာ မျှော်လင့်ချက်တွေကနေ ပေါက်ဖွားလာတဲ့ အမှတ်သညာတွေအပေါ်မှီငြမ်းပြီးရေးပါတယ်။

အဖြစ်အပျက် အားလုံးကို ကျွန်တော်မှတ်မိတယ်။ စစ်တပ်က အာဏာမသိမ်းခင် ကောလာဟလတွေ ပျံ့လွင့်နေပြီး တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဟာသလုပ်တာတွေတောင် ဆိုရှယ်မီဒီယာမှာ ပေါ်ခဲ့ပါတယ်။ “အာဏာကို မသိမ်းနဲ့၊ အမှိုက်သိမ်း”ဆိုတာမျိုးပေါ့။ မြန်မာနိုင်ငံအသစ်မှာ အာဏာသိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လူတွေက ထင်နေကြပြီး အဲဒီအယူအဆကို လှောင်ပြောင်ကြတယ်။

ကျွန်တော်တို့တစ်တွေမှားတာပေါ့။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အရုဏ်မတက်ခင်မှာပဲ ဖုန်းတဂျီဂျီမြည်သံကြောင့် ကျွန်တော်နိုးလာပါတယ်။ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးက စစ်တပ်က အာဏာသိမ်းဖို့ လုပ်နေတယ်လို့ ပြောလာပါတယ်။ ၁၅ မိနစ်အတွင်းမှာပဲ ဒါမှန်တဲ့သတင်းပဲလို့ ကျွန်တော် သိလိုက်ရပါတယ်။ ဘဝက မှောင်မဲ၊ ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့သလို ခံစားခဲ့ရတယ်။ ပြန်အိပ်လို့မရတော့ဘူး။ ဆိုရှယ်မီဒီယာမှာ ဒေါသတကြီးနဲ့ နာကျင်နေတဲ့အော်သံတွေကို တွေ့ရတယ်။ ဘာမှ ရယ်စရာ မရှိတော့ဘူး။

အဲဒီနေ့က ကျွန်တော်က အစည်းအဝေးတစ်ခုတက်ဖို့ ရန်ကုန်က ဟိုတယ်တစ်ခုမှာ နေနေတဲ့အချိန်။ အဲဒီနေ့ကစပြီး ကျွန်တော့်အိမ်တိုက်ခမ်းလေးဆီကို ပြန်မရောက်ဖြစ်တော့ဘူး။ ကျွန်တော် ရှောင်တိမ်းပြီး အရမ်းရင်းနှီးတဲ့ သူငယ်ချင်းအချို့နဲ့သာ တွေ့ဆုံပြီး အခြားတွေ့ရတဲ့လူတွေကိုလည်း ကျွန်တော်ဟာ သတင်းသမားတစ်ယောက်ဖြစ်ကြောင်းကို မထုပ်ဖော်ခဲ့ပါဘူး။

အရပ်သားတွေကို စစ်တပ်က မဆုတ်မနစ် အနိုင်ကျင့်ခဲ့တဲ့ ရှေးခေတ်ကို ပြန်သွားတယ်လို့လည်း ကျွန်တော်ခံစားရတယ်။

ကျွန်တော်တို့နိုင်ငံဟာ စစ်တပ်ရဲ့ ဆိုးရွားလှတဲ့ ထိန်းချုပ်မှုအောက်မှာ အသက်ရှင်ရုံသာသာ ဆယ်စုနှစ်များစွာနေခဲ့ရတာပါ။ နှစ်အနည်းငယ်ကြာပြီးတော့ အခုတစ်ခါ ပြိုကျလုနီးပါး ပြန်ဖြစ်နေသလိုပါပဲ။

ရန်ကုန်ဆန္ဒပြပွဲတွေမှာ တွေ့ရတဲ့ ရဲများ။ ဓါတ်ပုံ − မင်းလွင်ထက် ပြည်သူတွေက ချက်ချင်းလမ်းမပေါ်ထွက်ခဲ့ကြပေမယ့် ဖေဖော်ဝါရီ ၄ ရက်မှာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့မှာ ဆန္ဒပြပွဲငယ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာတော့ ရန်ကုန်မြို့မှာ ဆန္ဒပြပွဲအကြီးကြီးတစ်ခု ဖြစ်လာပါတယ်။ ဆန္ဒပြပွဲတွေက တဖြေးဖြေးပိုပြီးကြီးမားလာပြီး တစ်နိုင်ငံလုံးပျံ့နှံ့သွားတယ်။ နေ့စဉ် လူပေါင်း သောင်းနှင့်ချီ ထွက်လာကြပြီး တစ်ချို့နေ့တွေမှာဆို သန်းနှင့်ချီပြီး နိုင်ငံတဝှမ်း လမ်းတွေပေါ် ထွက်ခဲ့ကြတယ်။

၁၉၈၈ ခုနှစ် စစ်အစိုးရ ဆန့်ကျင်ရေး လူထုအုံကြွမှု ကာလနှင့် မတူဘဲ အခုခေတ် ဆန္ဒပြသူတွေမှာ ဆိုရှယ်မီဒီယာ နှင့် မိုဘိုင်းလ်ဖုန်းတွေ ရှိကြပြီး စစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေကို အရင်ကထက်ပိုပြီး ထိုးထွင်းမြင်တတ်လာပါတယ်။ ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှုမရှိဘဲ အရမ်းအေးချမ်းပါတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ကူညီကြပြီး ချီတက်တဲ့အထဲမှာ မပါတဲ့သူတွေကလည်း ရှေးဦးသူနာပြုစု၊ လမ်းပန်းဆက်သွယ်ရေး၊ နဲ့ အစားအသောက်တွေ ထောက်ပံ့ပေးတယ်။

ဒီ ဆန္ဒပြပွဲတွေမှာ မျိုးဆက်ပေါင်းစုံ၊ လူမှုရေးနောက်ခံပေါင်းစုက လူတွေအားလုံး အတူတူပါဝင်ခဲ့ကြပါတယ်။ မိဘတွေ၊ ကျောင်းသားတွေ၊ အလုပ်လုပ်သူတွေ၊ နာမည်ကြီးတဲ့ ဆယ်လီတွေ၊ ချမ်းသာတဲ့ မိသားစုတွေ အားလုံး ထွက်ပြီး ဆန္ဒပြကြပါတယ်။ ဒါပေမယ့် Generation Z နဲ့ Generation Y က လူငယ်တွေက လမ်းကို ဦးဆောင်ခဲ့တယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ အရပ်သားတွေကြားထဲမှာ ကျွန်တော်ရှိခဲ့တယ်။ သူတို့ရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ရေးကို တောင်းဆိုတဲ့ တေးဂီတတွေကို တီးခတ်နေတဲ့ လူအုပ်ကြီးကြားမှာပေါ့။

ဒါပေမယ့် စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ သွေးထွက်သံယို ဖြိုခွင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုတွေ ရဲ့ကာလရောက်လာခဲ့တယ်။ အဲဒါတွေဟာ အရပ်သားတွေရဲ့ ဒေါသကို ပိုမိုကြီးထွားစေခဲ့တယ်။

အဲဒီတုန်းက ကျွန်တော ရန်ကုန်မှာ နေ့တိုင်း သတင်းပို့နေတယ်။ ဆန္ဒပြပွဲတွေကို ဖြိုခွင်းတာတွေ၊ လူသေတာတွေ တွေ့တယ်။ အဖမ်းခံရမှာ ဒါမှမဟုတ် ညှဉ်းပန်းနှိပ်စက်ခံရမှာကို ကျွန်တော် ကြောက်ပါတယ်။ ဒါပေမယ့် သတင်းကို တင်ပြတာကလွဲလို့ တခြားဘယ်လိုတုံ့ပြန်ရမလဲ ကျွန်တော်မသိခဲ့ပါဘူး။

ရန်ကုန် ဆန္ဒပြပွဲ။ ဓါတ်ပုံ − အေသင်ဇော်ဇော်အထူးသဖြင့် မြို့ကြီးပြကြီးက လူတွေဟာ စစ်တပ်ရဲ့ ၁၉၈၈ ခုနှစ်တုန်းက ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းတွေဟာ အတိတ်ကဖြစ်စဉ်တွေပဲလို့ တွေးပြီး မကြာသေးမီနှစ်တွေထဲမှာ စစ်တပ်ဘက်ကို စိတ်ပျော့ပြောင်းလာဖွယ်ရှိတယ် လို့ ကျွန်တော် ထင်တယ်။

ဆယ်စုနှစ်အများကြီး အုပ်စိုးလာတဲ့ စစ်တပ်လက်အောက်က မြန်မာနိုင်ငံလွတ်လပ်ပြီး ပွင့်လင်းလာတာ ၁၀ နှစ်လောက်ပဲရှိပါသေးတယ်။ တိုင်းပြည်တစ်ခုလုံး တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေဟာ အထပ်မြင့် အဆောက်အအုံတွေနဲ့ ခေတ်မှီလာပြီး စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာတယ်။

ဒါပေမဲ့ စစ်တပ်က လုံးဝ ပြောင်းလဲမသွားဘူးဆိုတာကို ပြည်သူတွေက အာဏာသိမ်းတာကိုကြည့်ရင်း နားလည်သွားတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက ပိုပြီးငြိမ်းချမ်းတဲ့ တိုင်းရင်းသားဒေသတွေမှာနေထိုင်တဲ့ ဗမာလူမျိုးတွေဟာ ရခိုင်နဲ့ ရိုဟင်ဂျာအပါအဝင် အခြားတိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြည့်အ၀မသိ ဒါမှမဟုတ် လက်မခံချင်ခဲ့ကြဘူး။ အခုတော့လူတွေက သူတို့မှားခဲ့တယ်၊ စစ်တပ်ကို ဘယ်လိုမှမထောက်ခံသင့်ခဲ့ဘူး ဆိုတာဝန်ခံလာကြပြီ။ ဒီအာဏာသိမ်းမှုဟာ ပြည်သူတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကို ပြန်ဆွဲခေါ်သွားခဲ့တာပါ။ အရပ်သားတွေဟာ စစ်တပ်ကို မျိုးဆက်တစ်ဆက်တစ်ဆက်အတွင်းမှာ ဘယ်လိုမှ ယုံကြည်နိုင်တော့မှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်တို့မှာ စိုးရိမ်မှုတွေရှိခဲ့တယ်။ ဒါပေမယ့် အဲဒါတွေက နေ့စဉ်ပုံမှန်စိုးရိမ်မှုတွေပါပဲ။ မိသားစုစီးပွားရေး၊ ကျန်းမာရေးကိစ္စတွေ ၊ သားသမီးရေးတွေ ပညာရေး ကောင်းမွန်စေဖို့ ၊ အလုပ်အကိုင်များ ပြောင်းလဲတာ စသဖြင့်ပေါ့။ ကပ်ရောဂါကြောင့် အရာအားလုံး ရပ်တန့်သွားတဲ့အခါမှာ စီးပွားရေးနဲ့ ကျောင်းတွေ ပိတ်ထားရပြီး ကျန်းမာရေးကိုပဲ အာရုံစိုက်နေကြရတယ်။ ဘဝကမလွယ်ပေမယ့် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့အကူအညီနဲ့ စီမံခန့်ခွဲခဲ့တယ်။

ဒါပေမယ့် အာဏာသိမ်းပြီးကတည်းက အရာရာဟာ ပြိုလဲသွားတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကဏ္ဍတွေထဲမှာ လုပ်ဆောင်နိုင်တဲ့ကဏ္ဍတစ်ခုမှမရှိဘူး။ ရက်တွေကြာလာတာနဲ့အမျှ လူတွေဒုက္ခရောက်ကုန်တယ်။ လူတွေရဲ့ဘဝအရည်အသွေးတွေ ကျဆင်းသွားရုံတင်မကဘူး သူတို့အသက်အန္တရာယ်ပါ ကျရောက်နေပါတယ်။

မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကြောင့် နယ်စပ်တလျှောက်မှာ ခိုလှုံနေကြရတဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံထဲကို မြစ်ကို ဖြတ်ပြီး ရိက္ခာ အလှူငွေလာယူကြပါတယ်။ ဓာတ်ပုံ−အေသင်ဇော်ဇော်။ ဇန်နဝါရီ 2022

အာဏာသိမ်းပြီး နှစ်လအကြာလောက်မှာ သတင်းသမားတွေကို ဖြိုခွင်းမှု ပြင်းထန်လာတဲ့အတွက် ကျွန်တော တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပါတယ်။

အာဏာသိမ်းနှစ်ပတ်လည်နေ့မှာ ကျွန်တော်ရေးခဲ့တဲ့ သတင်းကိုထွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအကြောင်း တခြား ဆောင်းပါးတွေ အားလုံးကိုလည်းဖတ်ပြီး ဘယ်လောက် ပျက်စီးသွားလဲ ဆိုတာကို တွေးကြည့်မိပါတယ်။ လွန်ခဲ့သော ၃၆၅ ရက်အတွင်း ကျွန်တော့်နိုင်ငံ ဘယ်လောက်တောင်ကျဆင်းသွားသလဲဆိုတာကို တွေးရင်း ကျွန်တော် အခုအချိန်ထိတုန်လှုပ်နေဆဲပါ။

ခက်ခဲမယ်မှန်းသိပေမယ့် ကျွန်တော့်နိုင်ငံ မြန်မာပြည်ဟာ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ လောလောဆယ် ဝေးကွာနေတယ်လို့ထင်ရပေမယ့် တစ်နေ့တော့ဖြစ်ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက လူငယ်တွေရဲ့ အဆုံးမဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ကျွန်တော် တွေ့ကြုံခံစားခဲ့ရပါတယ်။ ရာနဲ့ချီ သေဆုံးပြီး မိသားစုတွေ တကွဲတပြားစီ ဖြစ်ခဲ့ရတယ်။ ဒီအထဲကမှ  စစ်တပ်ကို အာဏာမရအောင် လူအများအပြားဟာ စိတ်ပိုင်းဖြတ်ထားပြီး တိုက်ပွဲမှာ ဝင်ရောက် တိုက်ခိုက်နေကြပါတယ်။ ဒါတွေအားလုံးမြင်ပြီးတဲ့အတွက် အဆုံးမှာ အောင်ပွဲရမယ်ဆိုတာ ကျွန်တော်အသေအချာသိနေပါတယ်။

အောင်ပွဲမရှိရင်လား။ အောင်ပွဲမရှိရင် ကျွန်တော်တို့ အဆုံးမရောက်သေးဘူး။