စာရေးသူသည် မြန်မာနိုင်ငံပြင်ပရောက်နေသောတွင် နည်းပညာလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
တနင်္လာနေ့၊ ဖေဖော်ဝါရီ 1 ရက်၊ 2021 ခုနှစ်
ကျွန်တော့်ဇနီးဟာ လွန်ခဲ့သည့် ရက်သတ္တပတ်လောက်ကစပြီး ကျွန်တော့်ကျန်းမာရေးကို တော်တော်လေး စိတ်ပူစပြုလာပါတယ်။
"မနက်တိုင်း မိုးမလင်းခင် အိပ်ယာထပြီး ကွန်ပျူတာကို အပြေးအလွှားဖွင့်ပြီး သတင်းတွေဖတ်ဖတ်နေတယ်။ ကောလဟာလတွေကြားပြီးကတည်းက ရှင်အိပ်ရေးကို ကောင်းကောင်းမရနေဘူး။”
ကျွန်တော်ဟာ မြန်မာနိုင်ငံကနေ 2020 ခုနှစ်လောက်ကတည်းက ဝေးကွာနေခဲ့ရပြီး အိမ်နဲ့အဆက်အစပ်ရှိဖို့ အကောင်းဆုံးလုပ်နိုင်တာကတော့ ဆိုရှယ်မီဒီယာလိုင်းတိုင်းနဲ့ chat app တိုင်းကို အာရုဏ်မတက်ခင် စစ်တဲ့ထုံးတမ်းစဉ်လာပါ။ ကျွန်တော်အိပ်နေတုန်းများ အိမ်မှာစစ်တပ်က အာဏာသိမ်းသွားသလားဆိုပြီး သိဖို့ပါပဲ။ ကံကောင်းစွာနဲ့ပဲ ဇန်နဝါရီတစ်လလုံး ကျွန်တော် နိုးထတိုင်းသက်ပြင်းချနိုင်ခဲ့တယ်။ အာဏာသိမ်းမှု မရှိသေးပါဘူး။
စိတ်ကြွအတွေးတွေက ကျွန်တော့်ခေါင်းထဲကို ရက်သတ္တပတ်တွေကြာအောင် လွှမ်းမိုးနေခဲ့တယ်။ သူတို့ မလုပ်နိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား။ သူတို့ဘာကြောင့် ဒီလိုမဆင်မခြင်လုပ်မလဲ ဆိုတဲ့ အတွေးတွေပေါ့။
လမ်းပေါ် တင့်ကားတွေ၊ ရွေးကောက်ပွဲ မသမာမှုရဲ့ အထောက်အထားများဆိုပြီး အစုလိုက်အပြုံလိုက်စာရွက်တွေနဲ့ သတင်းစာရှင်းလင်းပွဲ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ဆီကို ပေးပို့ခဲ့တယ်လို့ ယူဆရတဲ့ ရာဇသံတွေ။ ဒါတွေအားလုံးက နိုင်ငံရေးနဲ့ ဟန်ဆောင်နေတာပဲ မဟုတ်လား။
အစိမ်းရောင် ယူနီဖောင်းကို ၀တ်ထားတဲ့ ဘယ်သူမဆို ရှေ့မှာ ကုပ်ကုပ်နေခဲ့ရတဲ့ နေ့ရက်တွေ၊ ကမ္ဘာကတခြားဒေသတွေနဲ့ လုံးဝနီးပါး ပြတ်လုနီးပါး ဖြစ်ခဲ့ရတဲ့ နေ့ရက်တွေ၊ ဘဝရဲ့ အခွင့်အလမ်းတွေကို ရယူနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက အဆင့်မြင့် စစ်အရာရှိကြီးတွေ မျက်နှာသာပေးခံရတဲ့ စက်ဝိုင်းထဲမှာပါမှဆိုတဲ့ နေ့ရက်တွေ၊ အဲဒီကာလတွေ ကြာခဲ့ပါပြီ ဟုတ်တယ်မဟုတ်လား။ အကုန်လုံးက ဒါတွေပြီးဆုံးသွားတာအကောင်းပဲလို့ စုပေါင်းပြောဆိုခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် 2015 ခုနှစ်မှာ ဆန္ဒမဲတွေကို ပေးခဲ့ကြတယ်။
NLD အနိုင်ရတုန်းက လမ်းမတွေပေါ်မှာ ကခဲ့ကြဆိုခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေပဲလေ။
သူတို့ကိုယ်တိုင် ဘာလုပ်နေမှန်း မသိကြဘူးဆိုတာ ကျွန်တော်တို့ မသိလိုက်ဘူး။ စစ်အစိုးရနှစ်များမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်အားလုံးကို ထိန်းသိမ်းထားတဲ့ ရဲရင့်တက်ကြွလှုပ်ရှားသူတွေဘဝကနေ ထိရောက်တဲ့မူဝါဒချမှတ်သူတွေဖြစ်လာစေဖို့အတွက် ကူးပြောင်းဖို့ မလွယ်တာကို တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ပဲ ခက်ခက်ခဲခဲ ငါးနှစ်ကိုကျော်ဖြတ်ခဲ့ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး ပိုမိုကောင်းမွန်တဲ့အနာဂတ်မျှော်လင့်ချက်တွေရှိနေတယ်ဆိုတာကို အတည်ပြုဖို့အတွက် ၂၀၂၀ မျာ ကပ်ရောဂါဖြစ်နေတဲ့ ကြားထဲက ထပ်ပြီးမဲပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အနာဂတ်ကို ကိုယ်တိုင် ဆုံးဖြတ်နိုင်တာဖြင့်ဘာမှ မကြာသေးပါဘူး။ လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံမှာရော လူ့အဖွဲ့အစည်းထဲမှာရော ပျက်စီးနေတဲ့အရာများစွာကို ပြုပြင်ဖို့ လိုအပ်နေပါသေးတယ်။ ဒီလိုလုပ်စရာတွေ အရမ်းများတဲ့ အချိန်မှာ ကျန်ရစ်ခဲ့တဲ့ အမှောင်အတိတ်ကို ပြန်ကြည့်ဖို့ ဘယ်သူက အချိန်ရမလဲ။
ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ရောက်ဖို့ အမြဲတမ်း အလျင်စလို လုပ်နေရင်းနဲ့ အတိတ်ရဲ့ သရဲတစ္ဆေတွေကို လျစ်လျူရှုမိခဲ့ကြတယ်။ 2020 ခုနှစ် ခရစ္စမတ်အားလပ်ရက်မှာ ကိုသန့်မြင့်ဦးရဲ့ Hidden History of Burma ကို ဖတ်ရှုနေခဲ့ပါတယ်။ အံ့သြဖို့ကောင်းတာက 2000 ခုနှစ်တွေရဲ့ အစောပိုင်းကာလတွေကို လွှမ်းခြုံထားတဲ့ အခန်းတွေကို ဖတ်လိုက်တဲ့အခါမှာ အရင်တုန်းက ရှင်သန်ခဲ့တဲ့ နေ့စဉ်ကြောက်ရွံ့မှုတွေကို ခန္ဓာကိုယ်အတွင်းပိုင်းကနေကို ခံစားလိုက်ရပါတယ်။ လိုင်းမကြည်လင်တဲ့ တီဗွီပေါ်က ညတိုင်းကြည့်ခဲ့ရတဲ့ ဝါဒဖြန့်သီချင်းတွေက ကျွန်တော့်ခေါင်းထဲမှာ တီးခတ်နေတယ်။ မူးယစ်ဆေးဝါးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေလို ဒုစရိုက်မှုတွေနဲ့ ဝေးဝေးနေဖို့ အကြီးအကဲတွေ ပြောတာကို ကြားရတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးဟာ လူငယ်တွေ အတွက် အန္တရာယ်အရှိဆုံး။ ကျွန်တော့်ဘဝလမ်းစဉ်ကို နိုင်ထက်စီးနင်း ဆုံးဖြတ်နိုင်တဲ့အတွက် အစိုးရအရာရှိတွေနဲ့ ဆုံတိုင်း လည်ချောင်းထဲမှာ မြိုမကြသလို ခံစားခဲ့ရတယ်။
ကျွန်တော်တို့ ခန္ဓာကိုယ်တွေက ဒဏ်ရာကို မှတ်မိတယ်။ ဘယ်လောက်ပဲ မေ့ချင်မေ့ချင် ဒီဒဏ်ရာတွေက ကျွန်တော်တို့ကို ဆက်လက်ပြီး ခြောက်လှန့်နေတယ်။ ဇန်နဝါရီလ 2021 ကိုပြန်ကြည့်ရင် ကျွန်တော်အိပ်မပျော်တာဟာ ကျွန်တော့် စိတ်ကလက်ခံဖို့အဆင်သင့်မဖြစ်သေးတဲ့အရာကို ကြောက်ရွံ့နေတဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုတစ်ခုပဲလို့ ကျွန်တော်နားလည်လိုက်ပါတယ်။ ပြေးရင်ပြေး၊ မပြေးရင်တိုက်ဆိုပြီး ခန္ဓာကိုယ်က ပြင်ဆင်နေတာပေါ့။
ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာဆွေးနွေးမိရင် ကျွန်တော်တို့ ဟာသတွေပြောကြတယ်။ ဘာလို့လည်းဆိုတော့ ဟာသကလွဲလို့ တစ်ခြားနည်းနဲ့ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို မသိလို့ပါ။
ဉပမာ၊ အလုပ်ကိစ္စဖုန်းခေါ်တဲ့အခါမှာ မြန်မာနိုင်ငံက ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်များကပြောတယ် − "စနေ၊ တနင်္ဂနွေမှာ အာဏာသိမ်းပြီး အင်တာနက်လိုင်း ဖြတ်တောက်ခံရရင်၊ ကျေးဇူးပြုပြီး ငါတို့မပါဘဲ ဒီအဆိုပြုချက်ကို တင်ပြပါ။"
သတင်းသမားသူငယ်ချင်းတစ်ဦးရဲ့ ဖေ့စ်ဘွတ်ခ်ပို့စ် - "ပင်ပန်းနေပြီ။ အိပ်တော့မယ်။ မနက်ဖြန် နောက်ကျတဲ့အထိအိပ်မယ်။ အာဏာမသိမ်းရင် ငါ့ကို မနှိုးနဲ့။"
ဖေဖေါ်ဝါရီလရဲ့ ပထမနေ့ မနက်အာရုဏ်မတက်ခင်မှာ ကျွန်တော်အိပ်ယာကနိုးလာတဲ့အခါမှာတော့ အတိတ်က သရဲတစ္ဆေတွေ တရိပ်ရိပ်ပြန်တက်လာပါတော့တယ်။
အခုပြန်ကြည့်ရင် စုပေါင်းစိတ်ဒဏ်ရာဆိုတာ ဘာကိုဆိုလိုလဲဆိုတာ နားလည်ပါတယ်။
ဒီစုပေါင်းဒဏ်ရာဟာ မြန်မာနိုင်ငံမှာ ဘတ်စ်ကားပေါ်မှာရပ်နေတာပဲဖြစ်ဖြစ်၊ မဲရုံမှာ တန်းစီနေတာပဲဖြစ်ဖြစ်၊ ဆန္ဒပြပွဲတွေမှာ လမ်းလျှောက်နေတာပဲဖြစ်ဖြစ် ကျွန်တော့်ဘေးကကြုံရာလူတစ်ဦးဟာ ကျွန်တော်နဲ့မသိမတွေ့ဖူးဘူးပေမယ့် ချက်ချင်းချိတ်ဆက်ပေးတဲ့ အရာပါပဲ။ မေ့ပျောက်ရန် ခဲယဉ်းလှတဲ့၊ အရိုးဆီအထိအမှတ်တရဖြစ်နေတဲ့ ဒီဒဏ်တွေကြောင့်ပဲပေါ့။ ပြောရရင်တော့ အရမ်းဝမ်းနည်းစရာကောင်းပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်အတွက် ကျွန်တော်တို့ရဲ့မျှော်လင့်ချက် အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ အခွင့်အလမ်းရဖို့ဆိုရင် ကျွန်တော်အားလုံးကို ပေါင်းစည်းဖို့အတွက် (အတိတ်က)သရဲတစ္ဆေတွေအပြင် တခြားအရာတွေကို ကျွန်တော်တို့ရှာရမယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဆန္ဒပြမှုတွေ၊ ခုခံမှုတွေနဲ့ အဆုံးမဲ့ အနစ်နာခံမှုတွေကြားထဲက ကျွန်တော့်ကို မျှော်လင့်ချက်တွေအများဆုံးပေးခဲ့တဲ့အရာကတော့ ကျွန်ုပ်တို့အားလုံးပါဝင် ပြီး တိုးတက်တဲ့ စုပေါင်းတဲ့ တစ်သားတည်းကျတဲ့ လက္ခဏာတစ်ခု ပေါ်ထွန်းလာတာကိုပါပဲ။
ဒါဟာလည်း ကမ္ဘာနဲ့ ချိတ်ဆက် ကြီးပြင်းလာခဲ့တဲ့ စိတ်ထဲမှာရှိတာကို ပြောဆိုဖို့ အကြောက်အလန့်မရှိတဲ့ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေကြောင့်ပါပဲ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမည်ခံ ပျံ့နှံ့နေတဲ့ လိပ်ခဲတည်းလည်းယုံကြည်မှုတွေနဲ့ မလိုမုန်းထားမှုတွေကို ကျော်လွန်တွေ့မြင်နိုင်အောင် တတ်သိနားလည်ကြတယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ထိန်းချုပ်နိုင်တဲ့ဘဝက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူတို့တစ်တွေတွေးကြည့်ဖို့ မလိုပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့ရဲ့ ကံကြမ္မာကို သူတို့ဟာသူတို့ ထိန်းချုပ်ဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလေ။ အာဏာမသိမ်းခင်အထိပေါ့။ အာဏာသိမ်းလိုက်တာဟာ ညတွင်းချင်းပဲ အတိတ်ကဆယ်စုနှစ်တွေဆီကို ပြန်ဆွဲလိုက်တာပါပဲ။
2010 ခုနှစ်တွေအတွင်းမှာ အရွယ်ရောက်လာတဲ့ Gen Z ကလေးတွေဟာ ကျွန်တော်တို့တစ်တွေလို တူညီစုပေါင်းဒဏ်ရာတွေ မရှိပါဘူး။ ဒီမိုကရေစီတစ်ပိုင်းနှစ်တွေဟာ ဘယ်လောက်ပဲ ချို့ယွင်းချက်တွေရှိပါစေ ဒီနှစ်တွေဟာ မြန်မာလူငယ်မျိုးဆက်တွေကို မေ့ပျောက်စရာအတိတ်ထက် တိုက်ပွဲဝင်ပြီး ပြန်ရယူရတဲ့၊ ပိုပြီးတိုးတက်အောင်လုပ်ချင်တဲ့ အတိတ်တစ်ခုကိုပေးခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့ ရက်သတ္တပတ်အတွင်းမှာ ဆန္ဒပြမှုတွေ လမ်းမတွေပေါ်မှာ ပျံ့နှံ့လာတဲ့အချိန်မှာ စစ်သားတွေရဲ့ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကို လူငယ်တွေဟာ ကြံ့ကြံ့ခံ မျက်နှာချင်းဆိုင်ရင်ဆိုင်ခဲ့ကြတယ်။
သူတို့ရဲ့ ကြွေးကြော်သံတွေက ဆိုပါတယ်။ “You messed with the wrong generation”တဲ့။
Artwork courtesy of Raise Three Fingers.