ဓမ္မနှင့် အဓမ္မကြားက မိမိ နွေဦးတော်လှန်ရေး အတွေ့အကြုံ

ဓမ္မနှင့် အဓမ္မကြားက မိမိ နွေဦးတော်လှန်ရေး အတွေ့အကြုံ

Chin

စာရေးသူသည် ချင်းပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

၂၀၂၀ ခုနှစ်၊ နှစ်ကုန်ကာလများ
နိုဝင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲအပြီးမှာ တပ်မတော်ဘက်က အသံကျယ်လောင် လာပါတယ်။ ရွေးကောက်ပွဲ မျှတမှုမရှိခြင်း၊ မဲစာရင်းပြုစုမှု မှားယွင်းကြောင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရမှ ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ အပြန်အလှန် ထုတ်ပြန်မှု၊ စွက်စွဲမှုနှင့် တုန့်ပြန်မှုတွေ အရှိန်မြင့်လာပါတယ်။

ကျွန်တော့် အတွေ့အကြုံနဲ့ လေ့လာသိရှိချက်အရ ဘယ်ရွေးကောက်ပွဲမဆို အလုံးစုံ ပြည့်စုံပြီး တရားမျှတယ်ဆိုတာ မရှိနိုင်ပါဘူး။ ။ ဒါကြောင့် ရွေးကောက်ပွဲဥပဒတိုင်းမှာ စောဒကတက်နိုင်တဲ့ ယန္တရား (complaint mechanism) ရှိပါတယ်။  ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီ တွေက  အသံသိပ်ကျယ်လောင်မှုမရှိဘဲ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှုမရှိတဲ့  တပ်မတော်က ပိုအသံကျယ်လောင်နေရတာက သာမန်အဆင့်မဟုတ်ဘူးဆိုတာကို ထင်ဟပ်စေနေပါတယ်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်ဟာ ဘက်မလိုက်တဲ့ သတင်းထောက်ဘဝကိုခဏထားပြီး ချင်းပြည်နယ် မြို့နယ်နှစ်နေရာမှာ ချင်းပြုပါတီတစ်ခု အတွက် campaign specialist အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအများအနက် တစ်နေရာသာ အနိုင်ရရှိခဲ့ပါတယ်။ နိုင်သင့်တယ်လို့ထင်တဲ့  နေရာခပ်များများမှာ ကပ်ရှုံးကြပါတယ်။ အစိုးရဘက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ချို့ဟာအစိုးရ ယန္တရားနဲ့၊ လုပ်ပိုင်ခွင့် တွေကိုသုံးပြီး မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့တာ မဲပေးခဲ့ခိုင်းတာကို ကျွန်တော်တို့ဘက်က မယှဉ်နိုင်ဘူးပေါ့လေ။ အစိုးရ လုပ်နေတဲ့ နိုင်ငံရေးပါတီနှင့် တစ်ခြားပါတီကြားမှာ အခွင့်အရေးတန်းတူ ရရှိမှု ကွာဟချက်တွေရှိခဲ့တယ်ဆိုတာဟာ ငြင်းလို့မရပါဘူး။ ဆိုတော့ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း ၊ တရားရင်ဆိုင်လိုပါတယ်။ ဒါပေမယ့် နိုင်ငံရေးစနစ်အရ  ပြုပြင်ပြောင်းလဲမှုထင်ထင်ရှားရှား ဆောင်ရွက်နိုင်ရန် မဖြစ်နိုင်တာတွေ့ရပါတယ်။

၂၀၂၀ နှစ်ကုန်ပေမယ့် တပ်မတော် အသံပြောင်းလဲမှု မရှိသေးတဲ့ အခါမှာ ကျွန်တော်တို့လို့  နိုင်ငံရေးစိတ်ဝင်စားသည့် အသိုင်းအဝိုင်းမှာ စစ်တပ်က အာဏာသိမ်းနိုင်ခြေရှိမရှိဆိုတဲ့ ဒီဘိတ်စထွက်လာပါတော့သည်။ မိတ်ဆွေအများစုက အာဏာသိမ်းနိုင်ကြောင်း သဘောတူကြပေမယ့် ကျွန်တော်က ရဲရဲဝင့်ဝင့် သိမ်းလိမ့်မည်ဟု မယုံခဲ့ဘူး။ ဘာလို့လဲဆိုတော့ တပ်မတော် အလိုကျရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဉပဒေက သူတို့အလိုကျ လုပ်ဆောင်မောင်းနှင်နိုင်ခွင့် ပေးထားပြီးသားမိုလို့ပါပဲ။ ပြည်သူတွေကလဲ နိုင်ငံရေးနဲ့ ဒီမိုကရေစီအနှစ်သာရ ခံစားလာကြပြီ ဆိုတော့ တပ်မတော်က သူတို့အတွက် ရေးထားတဲ့ ၂၀၀၈ ခြေဥကို ကျော်လွန်ပြီး အာဏာသိမ်းမှာကို လက်ခံနိုင်မှာမဟုတ်ဘူးလေ။

နောက်ရက်အကြာ သတင်းမီဒီယာနဲ့ တွေ့ဆုံပွဲမှာ တပ်မတော်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော် မင်းထွန်း (ထိုစဉ်က ဗိုလ်မူးချုပ်)က "တပ်မတော်မှ အာဏာမသိမ်းယူဘူးလို့ မှတ်ယူလို့မရကြောင်း" ပြောတော့ ကျွန်တော်ယူဆချက် နည်းနည်းပြောင်း သလို ဖြစ်သွားပေမယ့် ခြိန်းခြောက်ရုံသက်သက်သာ ဖြစ်မှာပါ ဆိုတဲ့အယူအဆက ကိန်းအောင်းနေပါသေးတယ်။ ဒီအတောတွင်း ချင်းအမျိုးသားတပ်ဦးက ဆရာတစ်ဦးနှင့် စကားပြောမိတော့ သူက အေးအေးဆေးဆေးဖြေတယ်။

“တပ်မတော် ဒီလိုအော်နေတာ အလာကားမဟုတ်ဘူး၊ NLD အစိုးရကိုလည်း အကြိမ်ကြိမ်တွေ့ဆုံဖို့ တောင်းဆိုတယ်၊ အစိုးရက ဘာမှဘွေယူပေးတာမရှိဘူး။ ဒါတော့ တပ်မတော်မှာ ရွေးချယ်စရာ နှစ်ခုဘဲ ရှိတော့တယ်၊ အာဏာသိမ်းမလား၊ ဒါမှမဟုတ်ရင် မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ ပယ်ထုတ်မှာလာ၊ ဒီနှစ်ခုထဲက တခုမလုပ်ရင် တပ်မတော်မှာ ဘာသိက္ခာမှ မရှိတော့ဘူး”

အာဏာသိမ်းကြောင်း မြဝတီမှ ကြေငြာနေစဉ်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ လ (၁)။
မနက် ရာသီဥတုက အေးအေးလေး။ ဆူညံသံမရှိ၊ တိတ်ဆိတ်လို့။ မနက် ၇ နာရီ မိနစ် ၂၀ အိမ်ပြင်ကနေ မနက်စာဝယ်ရင်း ဝင်လာတဲ့ အစ်ကိုကြီးက "ခင်ဗျားအိပ်ပျော်ချိန်မှာ တိုင်းပြည်ပြောင်းလဲကုန်ပြီ၊ ထင်ထားသည့်အတိုင်း စစ်တပ်မှအာဏာသိမ်းပြီ" လို့ ကျွန်တော့်ကိုပြောတယ်။ နိုးလာကတည်းက အင်တာနက်လိုင်းပိတ်နေတာကိုတွေ့မိပေမယ့် ဒါနဲ့ဆိုင်တယ်လို့မထင်မိလိုက်ဘူး။ အိမ်ပြင်ထွက်ပြီး မနက်နေပူစာလှုံနေကြတဲ့ အိမ်နီးချင်းတွေကိုမေးတော့ နံနက် (၄) နာရီခန့်မှာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတွေကို စစ်တပ်က မေးမြန်းဖို့ ဆင့်ခေါ်ကြတယ်၊ ထူးခြားတယ်လို့ ပြောပြတယ်။ သေချာဖို့အတွက် စစ်တပ်ပိုင် မြဝတီ channel ကိုဖွင့်ကြည့်တယ်။ တပ်မတော်သီချင်းနဲ့ စစ်ရေးပြသီချင်းမျတွေ တက်လာတော့ သေချာပြီလို့သိလိုက်တယ်။

မနက် (၈)နာရီသတင်းမှာ ကြေညာတော့ အစ်ကိုက "တကယ်ဘဲ ကျွန်တော့်ဘဝမှာ နှစ်ကြိမ်ဏာသိမ်းပြီ (၈၈၈၈ အရေးခင်းနှင့် ၂၀၂၁ ခုနှစ်)။ နှစ်ကြိမ် ဒုက္ခသည် (Refugee) ဘဝပြန်ရောက်ရတော့မယ်။ တပ်မတော်အုပ်ချုပ်မှုမှာတော့ ကျွန်တော်တို့ လူအခွင့်အရေး လှုပ်ရှားသူတွေ၊ မီဒီယာသမားများအတွက် လုံခြုံမှုမရှိနိုင်တော့ဘူး၊ တစ်ခုခုစဉ်းစားရတော့မယ်” လို့ ညည်းညူသံနဲ့ဆိုတယ်။

ရက်အနည်းငယ်အတွင်း လူငယ်တွေက ကျွန်တော်တို့အိမ်ကို လာလည်ကြတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ စမယ်။ ကျွန်တော်တို့ကလည်း နောက်ကျ၍မဖြစ်။ ဘယ်လို စလုပ်မလဲ၊ ပြည်သူတွေကို ဘယ်လိုစည်းရုံးမလဲ၊ ဘယ်လို ဆောင်ပုဒ်တွေ ဆွဲမလဲ ဆိုတာကို အကြံဉာဏ်လာတောင်းကြတာပါ။ စစ်တပ်နဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းကသိရင် မလုံခြုံမှာစိုးလို့ သတိထားတကြီးနဲ့ တိုင်ပင်ခဲ့ကြတယ်။

ချင်းပြည်နယ် အတွေ့ကြုံအရ ရွေးကော်က မဲစာရင်းထုတ်ပြန်ချက်တွေက တိကျပြီး နိုင်ငံရေးပါတီတွေနဲ့ အမြဲ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အမတ်လောင်းကိုယ်စားလှယ် တချို့သာ အစိုးရ ယန္တရားသုံးပြီး မဲဆွယ်တာ၊ မေးပေးခိုင်းတာရှိတာပါ။ တပ်မတော်က  အာဏာသိမ်းလောက်အောင် ရွေးကောက်ပွဲ မသာမာမှုရှိကြောင်းကျွန်တော်မတွေ့ပါ။ တပ်မတော် အာဏာသိမ်းမှုဟာ ပါတီအရေးမဟုတ်။ နိုင်ငံ့အရေးဖြစ်တယ်။ စစ်တပ်အုပ်ချုပ်မှုကို လက်ခံလို့မရပါဘူး။ ဒါကြောင့်နွေဦးတော်လှန်ရေးမှာ ကျွန်တော်ပါဝင်လာပါတယ်။
 

ဖေဖေါ်ဝါရီ (၇) ရက်။
'ဒို့အရေး ... ဒို့အရေး’နှင့် ပြည်သူအားလုံး လမ်းပေါ်စထွက်ကြပြီး အာဏာရှင် ဆန့်ကျင်ခြင်းစတင်လာပါပြီ။ ဖေဖေါ်ဝါရီလ တစ်လလုံး ချင်းပြည်နယ်က ပြည်သူတွေရဲ့ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်မှုက တစ်သက်တာ အမှတ်တရအဖြစ် ကျန်နေမှာပါ။ အသက်(၉၀) ကျော် သက်ကြီးရွယ်အိုများကအစ ကလေးငယ်ထိ လမ်းပေါ်ထွက်ကုန်ကြပြီ။ လမ်းမထွက်နိုင်သည့် အဖိုးတွေအဖွားတွေက သားသမီးတွေကို အာဏာရှင် ဆန့်ကျင့်ရေးမှာ ပါဝင်တိုက်တွန်းကြသည်။ နေမကောင်းလို့ လမ်းမလျှောက်နိုင်တဲ့ မြို့သူမြို့သားတွေက အိမ်ကနေ လမ်းပေါ်ထွက်ပြည်သူတွေကို လက်သုံးချောင်းပြ အားပေးတယ်။ သူတို့မှာရှိတဲ့ ရေသန့်၊ မုန့် စတဲ့ အစားအသောက်တွေ ကျွေးကြတယ်။ နွေဦးအရေးတော်ပုံ အောင်ရမည်ဟု အော်ဟစ်ကြတယ်။

နေ့ရက်ရှည်လာသည်နှင့်အမျှ တပ်မတော်က ဖိနိုပ်ခြင်း၊ လူစုခွဲဝေခြင်း စတင်ပြုလုပ်လာပါတော့တယ်။ “ဖိလေလေ၊ ကြွလေလေ” ဆိုတဲ့အတိုင်း တပ်မတော်မှ ဖြိုခွင်းလေလေ၊ လူငယ်များလည်း စိတ်ဓာတ်ပြင်းထန်းလေလေဖြစ်လာသည်။ လူသောင်းချီပါဝင်သည့် ဖေဖေါ်ဝါရီ ဆန္ဒပြပွဲတစ်ရက်မှာ လူငယ်တွေရဲ့  တောင်းဆိုမှုကြောင့် လူထုမိန့်ခွန်းပြောကြားဖြစ်တယ်။ အဲဒီနေ့ကစပြီး မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံပြုချက်အရ အိမ်မှာ မအိပ်ရဘဲ တစ်ည တစ်အိမ်ပြောင်းအိပ်ရတယ်။

ချင်းပြည်နယ် ဆန္ဒပြပွဲ။ ဓါတ်ပုံ Chinland Post.

မတ်လ
မတ်လ (၇) ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦးထိန်းချုပ်တဲ့ ဒေသကို CDM လုပ်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် နဲ့ မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ကျော် ရောက်ရှိလာတယ်လို့ မိတ်ဆွေတွေကပြောတယ်။ အဲဒီတော့ ကျွန်တော်လည်း သတင်းထောက်ပြန်ဖြစ်ပြီး အဲဒီကိုရောက်အောင်သွားတော့ မိသားစု၊ ကလေးငယ်တွေလည်း ပါတာကိုတွေ့ရတယ်။ လူများတော့ နေရာထိုင်ခင်းလည်း အကြပ်တည်း ဖြစ်နေတယ်။ ဘယ်လိုအသက်မွေးဝမ်းကြောင်းရှာမှာလဲ၊ ဘယ်သွားမှာလဲ မေးတော့ ဘယ်သူကမှ ကျွန်တော့်ကို အဖြေမပေးနိုင်။ ချင်းအမျိုးသားတပ်ဦး ထိန်းချုပ်ရာ ဌာနဆိုရင် လုံခြုံတဲ့အတွက် ထွက်ပြေးလာတာဖြစ်ကြောင်းသာ ရှင်းပြနိုင်ကြတယ်။ သူတို့ အခြေနေကိုတွေးပြီး ရင်လေးမိတော့ မျက်ရည်ဝဲရတယ်။ သူတို့ နှစ်ကြိုက်တဲ့ အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းနှင့် ဘဝတွေကို အာဏာရှင်အောက်မှာ မလွန်ဆန်ချင်ဘဲ စွန့်လွှတ်လိုက်ရတာပါ။

စစ်တပ်ဟာ အကြမ်းဖက်ဖြိုခွင်းတာ၊ မတရားဖမ်းဆီးတာ၊ ညှင်းပန်းနှိုပ်စက်တာ၊ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ရှာဖွေဖမ်းဆီးတွေ၊ သတင်းမီဒီယာရုံး၊ အရပ်ဖက်အဖွဲ့ရုံးတွေနဲ့  ဘာသာရေးရုံးတွေပါ နေ့ညမရွေး အကြမ်းဖက်ဝင်ရောက် ရှာဖွေတာ၊ ဖမ်းဆီးထိန်းသိမ်းတာ  လုပ်ဆောင်လာပါတော့သည်။ ကျွန်တော်တို့ရုံး၊ လုပ်ဖော်ကိုင်ဖက်နှင့် ကျွန်တော်ကိုယ်တိုင်အတွက်ပါ လုံခြုံမှုမရှိတော့တဲ့ အခြေနေဆိုက်ရောက်တော့ ကျွန်တော်အိတ်တစ်လုံးနဲ့ ချင်းအမျိုးသားတပ်ဦး ထိန်းချုပ်တဲ့ လွတ်မြောက်နယ်မြေကို မတ်လဆန်းမှာ ရောက်လာခဲ့ပါတယ်။

မတ်လကုန်ကျတော့ ပတ်ဝန်းကျင် အခြေနေက နဂိုပုံစံနဲ့ မတူတော့ဘူး။ အလုပ်အတူတူလုပ်ခဲ့တဲ့ ညီလေးတွေနဲ့ မိတ်ဆွေ ခပ်များများ စစ်သင်တန်း စတတ်နေကြပြီ။ လက်နက်ကိုင်တော်လှန်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာလမ်း မရှိတော့ပြီလို့ စိတ်ပိုင်းဖြတ်လာကြတယ်။ များသောအားဖြင့် တက္ကသိုလ်တက်နေတဲ့ အသက် ၂၀ အရွယ်တွေ။ ပညာတတ်တွေ၊ အနာဂတ်အတွက် ကြီးမားတဲ့ အိပ်မက်တွေရှိသူတွေပါ။ အာဏာရှင် ဖြတ်ချနိုင်မှ သူတို့ အိမ်မက် အကောင်ထည်ဖော်နိုင်မယ်၊ အနာဂတ်လူငယ်တွေ အတွက် အာဏာရှင်ဖြုတ်ချဖို့ မဖြစ်မနေရန်လိုအပ်တယ်လို့ သန္ဓိဌန်နဲ့ လက်နက်ကိုင်နေကြတာပါ။

ရှေ့တန်းမသွားခင် ကျွန်တော့်ကို လာနှုတ်ဆက်ပြီးတော့ ပြန်မလာတော့ဘဲ တိုက်ပွဲတစ်နေရာမှာ အသက်ပေးခဲ့တဲ့ အသက်(၂၀)ကျော် ငါးယောက်တောင်ရှိနေပြီ။ ညီအရင်းချာလို နိုင်ငံရေး မဲဆွယ်စည်းရုံးစဉ်က အမြဲလိုလို အတူလက်တွဲခဲ့တဲ့ ဆယ်ကျော်သက် ညီလေးနှစ်ယောက်လည်း ကျွန်တော်တို့ကို ချန်ထားခဲ့ပြီ။ နှစ်ဉီးစလုံးက "အစ်ကို့ကြောင့် နိုင်ငံရေး ပိုသိလာတယ်၊ မျိုးချစ်စိတ်ဓတ်နှဲ့ တရားမျှတမှုရဲ့ လောကပါလတရားတွေကို အစ်ကို့ဆီမှာ ပိုသိလာတယ်၊ ချင်းပါတီလှုပ်ရှားမှုမှာ အစ်ကိုတို့နဲ့ လက်တွဲရတာ ဂုဏ်ယူလို့မဆုံးဘူး" လို့ အမြဲပြောလေ့ရှိတယ်။ သူတို့စကားနဲ့ သူတို့ပေးဆပ်မှုအတွက် တစ်ဖက်က ဂုဏ်ယူလို့မဆုံးဖြစ်ရသလို နောက်တစ်ဖက်ကလည်း ကျွန်တော် လိပ်ပြာမသန့် ဖြစ်ရပါတယ်။  သူတို့ရဲ့ တရားမျှတမှု၊ ကျွန်တော့်ရဲ့ခံယူချက်တွေအတွက် အသက်တွေစတေးကြလေပြီ။

ဒီတော်လှန်ရေးက ဆက်နေပါဦးမည်။ ဓမ္မအတွက် အနာဂတ်ကြီးမားသည့် လူငယ်များ အသက်စတေးနေကြပြီ။ တရားမျှတမှုအတွက် လူ့အသက် ဒီလောက်အထိ ပေးဆပ်ရသလား လို့ အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေပါတယ်။ လူ့အသက်နဲ့ ပေးဆပ်နေရတဲ့  ဒီတော်လှန်ရေး အမြန်ပြီးစေချင်လှပြီ။ အသက်ပေးသွားတဲ့ ဓမ္မမြတ်နိုးတဲ့ မြန်မာပြည်သူမျတွေရဲ့ သွေးချွေးက တိုင်းပြည်ကို အမြန်ဆုံး ကယ်တင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျွန်တော်လည်း ကျရာကဏ္ဍကနေ ဓမ္မအတွက် ဆက်လက်တိုက်ပွဲဝင်ပါအုံးမယ်။    

ပန်းချီမှာ Art for Freedom (Myanmar) မှဖြစ်ပါသည်။ .