ဒေါသတွေနဲ့ ပြည့်နှက် လာတဲ့ နွေနေ့ရက်တွေ

ဒေါသတွေနဲ့ ပြည့်နှက် လာတဲ့ နွေနေ့ရက်တွေ

Yangon

စာရေးသူသည် ယခု ပြည်ပရောက် မြန်မာသတင်းထောက်ဟောင်းတစ်ဦးဖြစ်သည်။ သူမသည် ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။

ဖေဖော်ဝါရီ လကုန် ၂၀၂၁
လူများတဲ့နေရာဆို ရပ်ကွက်ထဲက ပွဲစျေးတောင် ကလေးတွေကို လိုက်မပို့ပေးခဲ့ပါဘူး။ ဘုရားကို ဘယ်တော့မှ နေ့ ထူးနေ့မြတ်မတက်ခဲ့ပါဘူး။ သာမာန်နေ့တွေမှာလဲ မဖြစ်မနေသွားရမယ်ဆိုရင် မနက် ၅ နာရီ လောက်မှာ တက် ဖူးပါတယ်။ ကျွန်မရဲ့ သဘာဝက လူများတဲ့နေရာကို သွားလေ့ မရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ဘယ်လောက်များများ လူများများ ရှိနေဖို့ ကျွန်မ ဆုတောင်းနေတာပါ။
ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှာကျွန်မ ဆုတောင်းက မျှော်လင့်တာထက် အများကြီး သာလွန် ခဲ့ပါတယ်..ကျွန်မ ရဲ့ကား  ရွေဂုံတိုင်ကိုရောက်ဖို့ မနက် ၈ နာရီခွဲက ထွက်တာ နေ့လည် ၁၂ နာရီမှာ ရောက်လုနီးနီးပဲရှိပါသေးတယ်… ပုံမှန်ဆို မိနစ် ၃၀ ပဲ မောင်းရပါတယ်။
ဘာလို့လဲဆိုတာ ကျွန်မတို့ တက်လာမယ့် လမ်းကြောင်းတွေကို လုံခြုံရေးအဖွဲ့တွေက ပိတ်ဆို့ကြပါတယ်။
ဒါကို သိလို့ လမ်းတွေခွဲပြီးသွားပါတယ်...တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ လှမ်းပြီး ဆက်သွယ် ကြပါတယ် ...လမ်းတွေရှောင်ပီးမောင်းရပါတယ်... တကယ့် လူပင်လယ် ကားပင်လယ် ကို ကျွန်မ အသက် ၃၅ နှစ်မှာ ပထမဆုံးမြင်ခဲ့ရတဲ့မြင်ကွင်းပါ.. တစ်မြို့လုံး ကလူတွေရဲ့ ဦးတည် ချက် က အထွေထွေသပိတ်ဆီကိုပါ။ 
ကျွန်မတို့ အားလုံး ကပ်ရောဂါကိုဗစ် ၁၉ ကိုလဲ မမှု တော့ဘူး.. ငါတို့ ကူးလို့ သေချင် သေကြပါစေ ဒီအာဏာရှင် ကိုတော့ အုပ်ချုပ်ခွင့်မပေးနိုင်ဘူးဆိုတဲ့ အရိပ်အယောင်တွေမြင်နေရတယ်။
တမနက်လုံးဖုန်းတစ်လုံး နဲ့ အလုပ်ရှုပ်နေတာ အာဏာသိမ်း တဲ့ ရက်ကစလို့ပါ။ အရင်လို အလုပ် အပွိုင့်မန့်တွေနဲ့ ရှုပ်နေတာမဟုတ်ပါဘူး.. စုရပ်က ဘယ်မှာ ..ဘယ်ကနေစထွက်မယ် ဘယ်သူက Slogan တွေပရင့်ထုတ်မယ် ဝေမယ် ဘယ်မှာပေါင်းမယ် စတာတွေနဲ့ပါ။
ကိုယ် ကို ကိုယ် ဘာလုပ်လို့ လုပ်နေမှန်းမသိ လုပ်နေတာ ကိုယ်တိုင် သတိထားမိမနေပါဘူး။
အသက် ၂၂ နှစ်အရွယ် ညီမ လေး ကစပြီးရုံးက လုပ်ဖော်ကိုင်ဖက် ဝန်ထမ်း ရှိသမျှ အကုန်အထွေထွေသပိတ်မှာစုဝေးဖို့ အဆင်သင့်ဖြစ်နေကြတာပါ။
ဝန်ထမ်းတွေအတွက် ရုံးက ဒီသပိတ်မှာပါဖို့အတွက် ကြို ပို့ကားနဲ့ နေ့လည်စာအတွက်ပါ စီစဉ်ပေးခဲ့ပါတယ်။ ကိုယ်တိုင်လဲ မန်နေဂျာ တစ်ယောက်ဖြစ်သလို  မီဒီယာနဲ့ ပတ်သတ်တဲ့ လုပ်ငန်းလေးတွေလုပ်တဲ့အတွက် လူငယ်တွေများတဲ့ အဖွဲ့အစည်းမို့ အရာရာ တစ်သားတည်းဖြစ်ပြီး ပွင့်လင်းတက်ကြွတဲ့ အလေ့အထရှိနှင့်ပြီးသားပါ။
ကျွန်မတို့ အလုပ်မလုပ်ခဲ့တာလဲ တစ်လပြည့်လုပီ။
ဒီနေ့တစ်ရက် အလုပ်ထပ်မလုပ်လို့ ကျွန်မတို့ရဲ့ အနာဂတ် နဲ့ ဘ၀အတွက် ဘာမှ အခုထပ်ပိုပြီး နစ်နာစရာမရှိလောက်ဘူး။
အကယ်လို့ ဒီနေ့မှာ ကျွန်မတို့ တတ်နိုင်တဲ့ ဘက်က မပါဝင်ခဲ့ရဘူးဆိုရင် ဘဝမှာ နောက်မျိုးဆက်ကို တော်လှန်ရေးဆိုတာကို ရှင်းပြတဲ့အခါ ကိုယ်လိပ်ပြာမလုံရတဲ့ ခံစားချက်မျိုး ဖြစ်နေရမှာတော့ အဖြစ်မခံ နိုင်ဘူးဆိုတဲ့ ခံစားမှုမျိုး အဲဒီနေ့မှာ ကျွန်မမခံစားခဲ့ရတယ်။
လမ်းကြားကမောင်းတဲ့အခါ ရပ်ကွက်ရဲ့ အိမ်နေကျန်ခဲ့တဲ့ အသက်ကြီး ရွယ်အိုတွေက အိမ်ရှေ့ ထွက်နေကြပြီး လမ်းရှောင်လာတဲ့ ကျွန်မ တို့ ကားတွေနားလာကြတယ်.. ပြီးတော့ ကားမှန်ချခိုင်းပြီး သပြေခက်နဲ့ အန္တရာယ်ကင်း  အဆောင်တွေလုပ်ထားကြောင်းနဲ့ အသက်အန္တရာယ် နဲ့ ထိခိုက်မှု မရှိအောင် သူတို့ ဆုတောင်းပေးနေတဲ့ အကြောင်း တန်းစီ လာတဲ့ ကားတိုင်းကိုသူတို့ပြောကြတယ်။
ကျွန်မလူမြင်ကွင်းမှာ  မျက်ရည်မကျ အောင် ထိန်းပေမယ့် မရခဲ့ဘူး။
ကျွန်မ အိမ်ကထွက်လာတော့လဲ အခုလိုပဲ .. အသက် ၆၀ ကျော် အဒေါ် ၂ ယောက်နဲ့ ကလေးတွေ က အန္တရာယ် မရှိပဲ အိမ်ပြန်လာနိုင်အောင်ဆိုပြီး ကားပေါ်တက်ခါနီး ဆုတောင်းပေးခဲ့ကြတယ်။
သူတို့ မတားခဲ့ကြဘူး။
ဒါ ကျွန်မ လုပ်ရမယ့် တာဝန်ပဲ လုပ်ကို လုပ်ရမယ် ဆိုတာ သူတို့ လက်ခံထားကြသလို။
ထုတ်မပြောကြပေမယ့် အဆုံး ထိ ဆုံးရှုံနိုင်ခြေကို တွက်ထားကြသလို။
အဖွဲ့တွေ ချိတ်ဆက်ထားတဲ့ အတိုင်းတွေ လုပ်ဖြစ်ခဲ့တယ် မြေနီကုန်း မှာဆန္ဒပြ သူတွေအတွက် နေ့လည်စာအစီအစဉ် လည်း အခက်အခဲတွေထဲက ပဲ လမ်းမှာ လူကြီးမိဘတွေရဲ့ ဆုတောင်းတွေကြောင့်ပဲလားမသိ အဆင်ပြေခဲ့တယ်။
အထွေထွေသပိတ်ပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်ဖက်က အကြမ်းဖက်လူစုခွဲတာတွေပို ပြင်းထန်လာသလို ပြည်သူကလဲ တစ်ရက်ကလေးတောင်ငြိမ်မသွားပဲ မနက်ခင်းဆို လမ်းမ တွေ စုရပ်တွေမှာ ရှိတဲ့ ဆန္ဒပြလူငယ်တွေ ရယ် ထောက်ပံ့ပို့ဆောင်ရေး လုပ်တဲ့ သူတွေရယ် ညဆို အိမ်တိုင်းက သံပုံး အိုးခွက်တွေ တီးပြီး အာဏာရှင် မကောင်းဆိုးဝါးကို မောင်းထုတ်တာတွေကို လစာပေးပြီး ခိုင်းထားတဲ့ အလုပ် လားလို့ မှတ်ရ အောင် အချိန်မှန် ပုန်ကန်နေကြတယ်။
 
မတ်လ ၂၀၂၁
ဖေဖော်ဝါရီလကုန် လို့ မတ်လ ထဲ ရောက်လာတဲ့အခါမှာ ကျွန်မ ရဲ့ တော်လှန်ရေးထဲ ပါမှန်းမသိ ပါဝင်လာမှု က ပိုပြီး နက်လာခဲ့တယ်...ပစ်နေတဲ့ကြားထဲကနေ့လည်စာရအောင် ဝေကြတယ်။ ရှေ့တန်းက လူငယ်တွေအတွက် Safety ပစည်းတွေနဲ့ အခြား ခုခံရေး အတွက် အထောာက်အကူပြုမယ့် ပစည်းတွေ စုဆောင်းတဲ့ အထိ ကိုယ် တိုင် တော်လှန်ရေး ရေစီးမှာ စီးမျှောလာလိုက်တာ ကျွန်မလုပ်ငန်းတွေ မကြာခင် ရပ်တော့မှာပါလားဆိုတာ ကျွန်မ တွေးဖို့ အချိန်တောင်မရလိုက်ဘူး။
ကိုယ့် နဲ့ အတူ ပါဝင်နေတဲ့ လူငယ် အချို့ ထိန်းသိမ်းခံရပြီး အချို့ က မနေ့က စကားပြောဖြစ်ကြပြီး ဒီနေ့ မှာ သူက လမ်းမပေါ်မှာ ကျန်ခဲ့ရပြီ.. အသက်ပေးသွားပြီ ဆိုတဲ့ သတင်းနဲ့ နေ့ တွေ ခပ်စိပ်စပ် ဖြစ်လာတယ်။
ပတ်ဝန်းကျင်မှာ အော်ငိုသံတွေ နဲ့ ...ဒေါသတွေနဲ့ ပြည့်နှက် လာတဲ့ နွေနေ့ရက်တွေမှာ ...ကျွန်မကိုယ်တိုင် ပျောက်ဆုံးသလိုခံစားနေရတယ်။
ရိုးသားစွာဝန်ခံရရင် ကျွန်မ ကြောက်စိတ်ဝင်တဲ့အခါ ဝင်လာတယ်... အဲလိုဝင်လာတဲ့ အခါကိုယ်ကိုကိုယ်ယုံကြည်မှု ကျဆင်းလာတယ်။
လုပ်ဖော်ကိုင်ဖက်တွေက သံတိုင်နောက်ရောက်သွားပြီး ကိုယ်က မရောက်သေးရင်ပဲ အပြစ်ရှိသလိုခံစားလာရတယ်။
နေ့တိုင်းက စိတ်ရှိတိုင်းလွတ်ပေးလို့မရတော့ဘူး ကိုယ်တွေရဲ့တိုက်ပွဲဟာရေရှည်အတွက်ဖြစ်လာပြီ.. ကျွန်မ Logic ပျောက်လို့ မဖြစ်ဘူးဆိုတာ တစ်ဖက်ပြန်တွေးလာရတယ်။
မကြာခင်မှာပဲ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေလည်း ထွက်ပြေးတိမ်းရှောင်ရပီ ဆိုတဲ့ သတင်းဆိုးတွေ ရောက်လာခဲ့တော့ ကျွန်မလည်း ဘာဆက်လုပ်မလည်း တွေးနေရပြီ။
 
မတ်လ  ၂၀၂၂
ကျွန်မ မိသားစုနဲ့ဝေးကွာနေတဲ့ နေ့စွဲတွေက ပျော်စရာအတိနဲ့ ရှိမနေရင်တောင် အဓိပါယ်ရှိဖို့ ကြိုးစားခဲ့ပါတယ် ..
ဒီနှစ်မှာ ကျွန်မ ဘာလုပ်ဖိုရှိလဲ ဘာလုပ်နိုင်လဲ လို့ ကိုယ်တိုင်မေးခွန်းထုတ်မိတယ်။
အဖြေက ကျွန်မတို့ရှင်သန်ရမယ့် အချိန်ဟာအခိုက်အတန့်တစ်ခုပဲဆိုရင် အဲဒီအခိုက်အတန့်ဟာ ကျွန်မတို့အတွက်ပဲဖြစ်ရမယ် အခိုက်အတန့်တွေကိုကျမတို့ပိုင်တယ်။
မနှစ်ကပျက်စီးဆုံးရှုံးသွားတဲ့ အိမ်မက် အတွက် ဒီနှစ် နောက်ထပ် အိမ်မက်အသစ်တွေ ဆက်မက်ခွင့်ရှိနေတာ… ကျွန်မတို့ မက်ချင်တဲ့အိမ်မက်ကိုလဲ အမြဲတမ်း မမေ့ပဲ ဆက်မက်နေရင်း။

ပန်းချီလက်ရာ Songbird။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ Songbird ကိုပံ့ပိုးကူညီပေးနေပါသည်။