စစ်ဘေးဒုက္ခသည်ဘဝ ဘယ်တော့မှ ညအိပ်ရေးဝဝ အိပ်ခွင့်ရမလဲ 

စစ်ဘေးဒုက္ခသည်ဘဝ ဘယ်တော့မှ ညအိပ်ရေးဝဝ အိပ်ခွင့်ရမလဲ 

ကယားပြည်နယ်

စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

ညနက်နေပြီ။ ဒါပေမယ့် အိပ်ခန်း အပြင်ဘက်ကနေ အိမ်ပေါ်တက်လိုက်ဆင်းလိုက် အထုပ်တွေကို ထော်လဂျီစက်ပေါ် တင်လိုက် လုပ်နေတဲ့ကြတဲ့ အိမ်ရှင် လင်မယားနှစ်ယောက်နဲ့ သားသမီးတွေ ရဲ့ ခြေသံတွေက ဆူညံနေလို့ပါပဲ။  ကျွန်မတို့ မိသားစု ဒီအိမ်ကိုရောက်တာဖြင့် တရက်ပဲရှိသေးတယ်။

သူတို့ ညဘက်ကြီး ဘယ်ပြေးမို့ လုပ်နေကြပါလိမ့်။ ကိုယ်တွေက ကိုယ်နေတဲ့မြို့မှာ တိုက်ပွဲပြင်းထန်လို့ သူတို့ အိမ်ကို စစ်ရှောင်လာတာလေ။ အခုသူတို့က ကျွန်မတို့မိသားစုကို ချန်ပြီးဘယ်ဆက်ပြေးမလို့ပါလိမ့် ဆိုတဲ့အတွေးနဲ့ သူတို့ကို ထပြီး " ဘယ်သွားကြမလဲ။" လို့ လှမ်းမေးလိုက်တယ်။ အိမ်ရှင်အမျိုးသားက "စိတ်မပူနဲ့ အေးဆေးနေပါ။ ပစ္စည်းတွေပဲ ရွှေ့ထားတာပါ။"တဲ့။ အဲလိုပြန်ဖြေပြီး အိမ်ရှင်အမျိုးသားနဲ့သူသားနှစ်ယောက် သူတို့အိမ်က ဆန်စပါးနဲ့ပစ္စည်းတချို့တင်ပြီး တောထဲကို စက်မောင်း ထွက်သွားခဲ့တယ်။

 အိမ်မှာ အိမ်ရှင်အမျိုးသမီးနဲ့ သူ့သမီးလည်းကျမတို့နဲ့အတူ ကျန်ခဲ့သေးတော့ စကားပြောဖော်တော့ ရသေးတာပေါ့။ တရွာလုံးကလည်း ညကြီးမင်းကြီး ဟိုဟိုဒီဒီ သွားလာနေကြတယ်။ အိမ်ရှင်အမျိုးသမီးလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဘူး ဖြစ်နေပြီး ပစ္စည်းတွေ ထိုင်သိမ်းနေတယ်။

"ကျွန်မတို့ကော ဘာလုပ်ရမလဲ" လို့ အိမ်ရှင်အမျိုးသမီးကို တိုင်ပင်မေးမြန်းကြည့်လိုက်တယ်။   "ခန တောထဲသွားနေရမယ်ထင်တယ်။ ခနနေစစ်သားဒီအထိရောက်လာရင် မပြေးမှီရင် သေလိမ့်မယ်။" အဲလို ပြောလာတော့ အထုပ်အပိုးတွေပြင်ထည့်ထား၊ ကလေးတွေ အနွေးထည်းအင်္ကျီတွေ ဝတ်ထားခိုင်း အဆင်သင့် လုပ်ထားလိုက်တယ်။

ကျမတို့နေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် တခြားမြို့နယ်ကျေးရွာတရွာဘက်ကို စစ်ရှောင်လာနေနေချိန် မကြာဘူး ဒီရွာမှာလည်းနေလို့မရတော့ ဆက်ပြေးဖို့ အကြောင်းဖန်လာပြန်တော့တယ်။

အိမ်ရှင် အမျိုးသမီးနဲ့ သမီးလည်း ကျန်နေသေးတာဆိုတော့ သူ့အမျိုးသားပြန်လာခေါ်မည့်အချိန်ကို စောင့်နေခဲ့တယ်။

ခနလောက်အကြာမှာတော့ အိမ်ရှင်အမျိုးသားပြန်လာပြီး တောထဲမှာ နေရာထိုင်ခင်းချထားခဲ့ပြီး သူ့အမျိုးသမီးနဲ့ သမီးကိုပြန်လာခေါ်တဲ့အချိန်မှာပဲ ကျွန်မတို့ မိသားစုလည်း ဒီမှာ မနေရဲဘူး။ အိမ်ရှင်လည်းမရှိ ရွာထဲမှာလည်း လူမရှိတော့ တောထဲ လိုက်နေမယ်ဆိုပြီး အဲဒီမနက်အစောပိုင်း အေးအေးချမ်းချမ်းနဲ့ ကလေးတွေချီပြီး ထော်လဂျီနဲ့ လိုက်ပါသွားခဲ့တယ်။

 တရွာလုံးက အထုပ်အပိုးတွေနဲ့ ဆိုင်ကယ်၊ နွားလှည်း၊ ထော်လဂျီစက်၊ ကား စတာတွေက တောင်ယာခင်းထဲ မောင်းသွားသူကမောင်း ၊ လျှိုထဲ ဂူထဲ တောထဲ ချုံထဲ သွားသူက သွားနဲ့ တရွာလုံး ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အဲဒီရွာထဲမှာ ကလေးငိုသံတွေ စက်သံတွေ ကားသံတွေက ဆူညံ့နေတာပါပဲ။

တောလမ်းတလျှောက်လုံးမှာလည်း ပစ္စည်းတွေ သယ်တဲ့သူတွေကာ ကျန်ခဲ့သူတွေ ပြန်လာကြိုတဲ့သူတွေကော တောလမ်းထဲမှာ ရှောင်ရတိမ်းရနဲ့ လမ်းတွေက ပြည့်နေပြီး မသိရင်ပဲ ဘုရားပွဲသွားနေကြသလိုပါပဲ။ 

အဲဒီအချိန်က လွိုင်လင်လေးဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့အချိန်ပါ။ တိုက်ပွဲနဲ့ နည်းနည်းတော့ အလှမ်းဝေးနေတယ်ဆိုပေမယ့်လည်း အဲဒီအနီးအနားက ကျေးရွာတွေအားလုံးက တောထဲကို ညတွင်းချင်း ကြိုပြီးစစ်ဘေးရှောင်နေခဲ့ကြတဲ့အချိန်ပေါ့။

တောလမ်းအတိုင်းသွားရင်း တောင်ယာခင်းတခုထဲက ကျောက်ဆောင်နံဘေးနားမှာအမိုးမရှိ အခင်းမရှိ အထုပ်အပိုးတွေစုချထားတဲ့နေရာမှာပဲ စခန်းချနေရပါတော့တယ်။ ကြည်လင်နေတဲ့ ကောင်းကင်ယံက မိတ်တုတ်မိတ်တုတ် ကြယ်တွေကို ကြည့်ရင်း ကလေးတွေပြန်အိပ်ဖို့ သိပ်နေခဲ့ပေမယ့် အဝေးက ပစ်နေတဲ့ လက်နက်ကြီး အသံရဲ့ တချက်တချက် ထုသံကြောင့် ဘယ်လိုမှ အိပ်မရခဲ့ကြပါဘူး။

လက်နက်ကြီးတချက်တချက် ပစ်လိုက်ပြီဆိုရင် မြေတွေပါ တုန်ခါမှုနဲ့ တောထဲက ကလေးငယ်ငိုသံတွေ ဆူညံသံတွေက ကလေးတွေကော လူကြီးတွေပါ ဘယ်လိုမှ မအိပ်နိုင်ခဲ့ကြဘူး။ ကလေးတွေကို ကျောပိုးပြီး တညလုံး ဟိုဘက်လျှောက်ဒီဘက်လျှောက်ရင်း "မိုးကြိုးပစ်နေတဲ့အသံပါ" လို့ "အဝေးမှာ မိုးကြီးရွာနေတာလို့" လက်နက်ကြီးပစ်ခတ်နေတဲ့ အသံကို အဲလို ကလေးတွေကို လိမ်ညာခဲ့ရတယ်။

ဒီလိုနဲ့ မိုးလည်းလင်းရော ကိုယ်လိုသူလို ကလေးတွေနဲ့ အထုပ်အပိုးတွေနဲ့ အမိုးမရှိအကာမရှိ ကျောက်ဆောင် ကျောက်တန်းတွေ နံဘေးတွေမှာ ဟိုတစု ဒီတစုနဲ့ နေနေကြရတဲ့ မိသားစုတွေက မရေတွက်နိုင်ခဲ့ဘူး။

တန်ဖိုးရှိတဲ့ပစ္စည်းတွေကို အိမ်မှာမထားရဲတော့လို့ စစ်တပ်တွေရွာထဲ ရောက်ခဲ့ရင် မီးရှို့ဖျက်ဆီးခံရမှာစိုးလို့ တောထဲမှာ ဟိုတနေရာ ဒီတနေရာ လာဖွက်ထားတဲ့ ကားတွေ စက်တွေ လည်း မရေမတက်နိုင်အောင်ပဲ မြင်ခဲ့ရတယ်။

ကျောက်ဆောင်ကျောက်တန်းထဲမှာ နေဖို့ထိုင်ဖို့  အမျိုးသားက  ဝါးတွေသစ်တွေရှာခုတ် အမိုးအကာတွေ ပြင်ဆင်ပြီး အဲဒီ မိုးမလုံ လေမလုံ ကျောက်ဆောင်နံရံဘေးမှာ ဘဝတူ စစ်ဘေးရှောင် ရွာသူရွာသားတွေနဲ့ နေနေခဲ့ကြတယ်။

ရေမရှိလို့ ထမင်းဟင်းတွေချက်စားဖို့ မနေ့ညကတည်းက အိမ်ရှင်တွေ သယ်လာထားတဲ့ ထင်းတွေ ရေတွေနဲ့  အိမ်ရှင်မိသားစုနဲ့အတူ မနက်စာကို ရေချွေတာချက်စားခဲ့ကြရတယ်။ ရေသွားရှာခပ်ဖို့ လျှိုတွေ မြောင်းဟောင်းထဲက လက်ကျန် ရေတွေကလည်း ခပ်လို့ မရတော့ဘူး။ သောက်သုံးရေ သွားခပ်ဖို့ ၁ နာရီလောက် လမ်းလျှောက်သွားမှ ဒူးလောက်ရှိတဲ့ ရေအိုင်နား ရေသွားခပ်ယူခဲ့ရတယ်။

စားဖို့သောက်ဖို့ မရှိတော့ဘူးဆိုရင် အမျိုးသားနဲ့ အိမ်ရှင်အမျိုးသားကတော့ ဟင်းတွေ စားစရာတွေ ရွာကိုပြန် အခြေအနေကိုကြည့်ပြီး ရိက္ခာတွေ သယ်ခဲ့ရပါတယ်။

 တောတောင် လျှိုမြောင်ထဲမှာက ရေမရှိတော့ ရေလည်း မချိုးရ အပူဖုတွေထွက်တဲ့သူကထွက်နဲ့ အင်းဆက်ပိုးမွားအကောင်တွေ ကိုက်လို့ ယားယံတဲ့ အဖုတွေက ကလေးတိုင်းလိုလို ကြုံတွေ့နေကြရပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်‌တွေက တောထဲရွှေ့နေတဲ့သူကရွှေ့ ၊ ရွာမှာ ဗုံးခိုကျင်းတူးနေတဲ့သူကတူး ၊ လူငယ်တွေက ရွာကင်းစောင့်နေတဲ့သူက စောင့်နဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ တောင်ယာ ၊ လယ်ယာ သွားတဲ့လုပ်ငန်းတွေ ပစ်ထားခဲ့ပြီး သူတို့ လုံခြုံရေးအတွက် အလုပ်ရှုပ်နေကြရတယ်။

 သူတို့ ပြေးသလို ပြေးခဲ့ရ ၊ သူတို့ နေသလို သူတို့စားသလို အားလုံး လိုက်လုပ်ခဲ့ရတယ်။

တိုက်ပွဲတွေ ငြိမ်ကျသွားတဲ့အခါ ရွာထဲတခါ ပြန်ရွှေ့နေခဲ့ကြတယ်။ လက်နက်ကြီးတွေ ထုသံပြန်ကြားတော့ တခါ တောထဲက နေရာဟောင်းကို ပြန်ပြေးနေခဲ့ကြရပြန်တယ်။  ဟိုပြောင်း ဒီပြောင်းနဲ့  ညအိပ်နေချိန်မှာလည်း မိုးရွာလို့ မိုးလုံတဲ့နေရာ ရွှေ့နေရပြီး ကလေးကိုချီရင်း ငုံ့တုတ်ထိုင်အိပ်ခဲ့ရသေးတယ်။ ညတွေ အိပ်ရေးမဝခဲ့တဲ့ ညပေါင်းတွေက မနည်းတော့ပါဘူး။

အခုလိုတောတောင်ထဲမှာ ဖြစ်သလိုနေ ဖြစ်သလိုစား ဖြစ်သလိုအိပ်ခဲ့ရတဲ့ ဘဝတူ အိပ်ရေးမဝခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေ ကယားပြည်နယ်အတွင်းမှာ သိန်းနဲ့ချီရှိနေပါပြီ။

ကယား(ကရင်နီ)ပြည်နယ်က မေလ ၂၁ ရက်နေ့ ဒီးမော့ဆိုမြို့မှာ စတင်ခဲ့တဲ့ တိုက်ပွဲက အခုချိန်ထိ ပြည်နယ်ရဲ့ နေရာတော်တော်များများမှာ တိုက်ပွဲပြင်းထန်နေဆဲမို့ စစ်ဘေးဒုက္ခသည်တွေဆို တစ်သိန်းခုနှစ်သောင်းကျော်ထိ ရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က လည်းထုတ်ပြန်ထားတာရှိပါတယ်။

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။