စာရေးသူသည် ရန်ကုန်တိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
ကျွန်မသတင်းထောက်စ လုပ်တဲ့ ၂၀၁၇ တုန်းက အရာအားလုံးပွင့်လင်းလွတ်လပ်တဲ့ခေတ် ဒီမိုကရေစီခေတ်။ စာတွေထဲမှာဖတ်ခဲ့ရတဲ့ စစ်အာဏာသိမ်းတဲ့ အမှောင်ခေတ်ဟာ စာတွေထဲကျန်နေခဲ့တဲ့ သမိုင်းကြောင်းလို့ပဲ ယုံကြည်ခဲ့တာ။ ၂၁ ရာစုလိုခေတ်ကြီးထဲမှာ ဒီလိုအရာတွေကို ကျွန်မတို့မျိုးဆက်မှာ ထပ်မရှိနိုင်တော့ဘူးလို့ပဲ တထစ်ချယုံကြည်နေခဲ့တယ်။
တပ်ရဲ့သတင်းစာ ရှင်းလင်းပွဲမှာ အာဏာမသိမ်းဘူးလို့မပြောနိုင်ဘူးလို့ ပြောဆိုခဲ့တာကိုတောင် ပေါ့ပေါ့ပဲသဘောထားခဲ့ပြီး ကျွန်မတို့ တစ်တွေ သိမ်းချင်ရင်အမှိုက်သိမ်းဆိုပြီးတောင် လှောင်ပြောင်ခဲ့ကြသေးတယ်။
မှတ်မှတ်ရရ အာဏာသိမ်းမှုမဖြစ်ခင်ကလေးကပဲ သတင်းစာဆရာ ဘာတေးလစ်တနာရဲ့ ၈၈ အရေးတော်ပုံ အကြောင်းရေးသားထားတဲ့ ဒေါမာန်ဟုန်ဆိုတဲ့စာအုပ်ကို ကျွန်မဖတ်နေခဲ့တာ။ စာဖတ်ရင်း ၈၈ အရေးတော်ပုံ ကာလတုန်းက အဖြစ်အပျက်တွေကို မျက်စိထဲပုံဖော်ကြည့်နေမိခဲ့တယ်။
ဒါပေမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စာတွေထဲမှာပဲသိခဲ့ရတဲ့ အမှောင် ခေတ်နေ့ရက်တွေက ဘယ်လိုလဲဆိုတာ ကျွန်မမျက်မြင်ကြုံတွေ့နေရပြီ။
ကျွန်မအလုပ်ကလည်း သတင်း ထောက်ဖြစ်နေပြန်တော့ ကျီးလန့်စာစား နေနေရတဲ့ ဘဝရောက်တော့ တာပါပဲ။ အခြားပြည်တွင်းကသတင်း ထောက်တွေလည်း ဒီလိုပဲ အလားတူကြုံနေရမယ်ဆိုတာ ကျွန်မသိတယ်။ ယုတ်စွာအဆုံး သတင်းထောက်လုပ်ခဲ့ဖူးပြီး အာဏာသိမ်းပြီးနောက် အလုပ်ပြုတ်လို့ဖြစ်ဖြစ်၊ ထွက်လိုက် တာဖြစ်ဖြစ် လက်ရှိမှာ အဆင်ပြေရာအလုပ်တစ် ခုခုနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေ အဖို့တောင် ဒီလို မလုံခြုံတဲ့စိတ်ခံစားချက်ကြီးက အမြဲရှိနေတယ် ဆိုတာ သူငယ်ချင်းတွေနဲ့စကားပြောတိုင်း သိရတယ်။
ကိုယ့်အလုပ်ကို တရားမဝင်အလုပ်တစ်ခုလိုမျိုး လူမသိအောင်လျှို့ဝှက်ထားရတယ်။ လူမြင်ကွင်းမှာ သတင်းယူလို့ မရတော့ဘူး။ နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အသိအမှတ်ပြုကဒ်ထုတ်ထားတဲ့သတင်းဌာနတွေက သတင်း ထောက်တွေက သတင်းယူလို့ရတယ် ဒါပေမယ့် စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရေးသားလို့ မတော့မရဘူးပေါ့လေ။ အဖြစ်မှန်အတိုင်းရေးတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေက သတင်းထောက်တွေ ကတော့ အဲဒီလိုပေါ်ပေါ်ထင်ထင်သတင်းယူလို့မရပါဘူး။
အခုကာလမှာ ပြည်တွင်းမှာ (အထူးသဖြင့်မြို့ပြမှာပဲနေထိုင်ပြီး) သတင်းထောက်အဖြစ်ဆက်လုပ်မယ်လို့ ရွေးချယ်ထားရင်တော့ ကိုယ့်ရဲ့ဘဝလုံခြုံရေးအတွက် အာမခံချက်လုံးဝမရှိတော့ဘူး။ အဖြစ်မှန်အတိုင်း သတင်းတင်ဆက်ချင်တဲ့ သတင်းထောက်တွေ အများစုဟာ လွတ်မြောက်ရာ နေရာတွေကို ထွက်ပြေး တိမ်းရှောင်ကြရတယ်။ ဒါမှမဟုတ် ပြည်ပထွက်ပြီး ဆက်အလုပ်လုပ်ကြတယ်။ နောက်ဆုံးကတော့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတစ်ခုခု၊ ဒါမှမဟုတ်ပြည်ပကို ထွက်ဖို့အဆင်မပြေဘူး၊ ကိုယ်တိုင်ကလည်း မထွက်ချင်ဘူးဆိုရင်ကတော့ ကိုယ့်ကို သတင်းထောက်မှန်းမသိအောင် သိုသိုဝှက်ဝှက်နေပြီး၊ သတိအပြည့်နဲ့ သတင်း ဆက်လုပ်ရတာပါပဲ။ ဒါက စစ်ကောင်စီမပြုတ်သရွေ့ ဒီလိုပဲ ဆက်လုပ်ရတော့မယ့် အခြေအနေဖြစ်နေပါပြီ။
ကျွန်မကနောက်ဆုံးအမျိုးအစားထဲမှာ ပါဝင်တယ်လို့ပြောရမှာပါ။ ဘာကြောင့်ပြည်တွင်းမှာ သတင်းထောက်အဖြစ် ဆက်လုပ်နေလားမေးရင်တော့ ကျွန်မမှာတိကျတဲ့အဖြေမရှိပါဘူး။ အာဏာစသိမ်းခါစက ကျွန်မကအလွတ်တန်း သတင်းထောက်အဖြစ်လုပ်ကိုင်နေခဲ့တာပါ။ နောက်တော့ပြည်တွင်းသတင်းဌာနတစ်ခုမှာ အလုပ်ပြန်ဝင်ခဲ့တယ်။ အမှန်အတိုင်းပြောရရင် အဲ့အချိန်ကကျွန်မအတွက် အန္တရာယ်အများကြီးမရှိဘူးလို့ ထင်ခဲ့တာပါ။ တိုက်ပိုင်သတင်းထောက်အဖြစ် မလုပ်ခဲ့တာလည်းကြာပြီဆိုတော့ အလုပ်ပြန်လုပ်တာကို ကျွန်မလျှို့ဝှက်ပြီး နေနိုင်သ၍ လုံခြုံနိုင်လောက်မယ်လို့ ယူဆခဲ့ပါတယ်။ ဒါပေမယ့် အန္တရာယ်ဟာ ကိုယ့်အိမ်တံခါးပေါက်ကို အချိန်မရွေးနည်းလမ်းမျိုးစုံနဲ့ရောက်လာနိုင်တယ်ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။
မှတ်မှတ်ရရ ရန်ကုန်မှာ ဧည့်စာရင်းစစ်တာတွေကြမ်းတဲ့ကာလက တစ်ညမှာတော့ ကျွန်မနေတဲ့နေရာမှာလည်း ဧည့်စာရင်းစစ်မယ်ဆိုတာကို ညဘက်ကြီးမှ ရုတ်တရက်သိလိုက်ရတယ်။ အခုထိအမှတ်ရနေတဲ့ ဇောချွေးပြန်ခဲ့ရတဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ ညတစ်ညပေါ့။ အာဏာမသိမ်းခင်က ကျွန်မကရုပ်သံသတင်းထောက် တစ်ယောက်ပါ။ ဆိုတော့ ကျွန်မဆီမှာ ကင်မရာ၊ ထရိုင်ပေါ့၊ မိုက်၊ အသံဖမ်းစက်စတဲ့ပစ္စည်းတွေက ကိုယ်ပိုင်ဝယ်ထားတဲ့ပစ္စည်းတွေရော၊ ရုံးကပေးထားတဲ့ပစ္စည်းတွေရော နေတဲ့အိမ်မှာရှိနေတယ်။ ပြင်ဆင်ချိန်ကမရ။ ဘယ်နားသွားဖွက်လို့ ဖွက်ရမယ်မှန်းမသိ။ သူတို့က ဧည့်စာရင်းစစ်တယ် ဆိုရင်လည်း ရိုးရိုးစစ်တာမျိုးမဟုတ်ဘဲ သူတို့စိတ်တိုင်းကျပစ္စည်း တွေဝင်ရှာ၊ မသင်္ကာရင်ဖမ်း ဒီလိုတွေလုပ်တတ်တာမလို့ အရမ်းစိုးရိမ်ခဲ့ရတယ်။ ကင်မရာပစ္စည်းတစ်ခုချင်းစီကို အိမ်ရဲ့လုံခြုံတဲ့နေရာတွေမှာ လိုက်ဖွက်ရတယ်။
အလုပ်နဲ့ပတ်သက်တဲ့ဒေတာတွေကိုလည်း hard drive တွေထဲပြောင်းထည့်နဲ့ တတ်နိုင်သမျှ လက်လှမ်းမီသမျှရှင်းလင်းခဲ့ရတယ်။ အဲ့ဒီညကတော့ တကယ့်ကို အိပ်မပျော်ဘဲ စိုးရိမ်ထိတ်လန့်နေခဲ့တာ။ တွေ့သွားရင်မိသွားရင် ဘယ်လိုပြောရမလဲ ဖြေရှင်းရမလဲဆိုတာကိုလည်း ခေါင်းထဲစာစီနေခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီညက ကျွန်မတို့အိမ်ဘက် ဧည့်စာရင်းစစ်တဲ့အဖွဲ့တွေ ရောက်မလာတော့မှ သက်ပြင်းချနိုင်တော့တယ်။ ဘာလို့စိတ်ပူရလဲဆိုရင် ကျွန်မအသိ သတင်းထောက်ဟောင်း အစ်မတစ်ယောက် အဲ့ဒီလိုပဲ ဧည့်စာရင်းစစ်တာမှာ သတင်းထောက်လုပ်ဖူးတာသိလို့ တစ်ညဖမ်းခေါ်ခံရတယ်။ သူလည်း အတော်ဖြေရှင်းကောင်းလို့သာ ပြန်လွတ်လာတာ။ ဒါပေမယ့် အခုထိမလွတ်သေးတဲ့ သတင်းထောက်တွေလည်း ရှိနေတယ်။ စစ်တပ်က သူတို့အလိုရှိတဲ့သူကို ပိုက်စိတ်တိုက်ရှာရင်းက သတင်းထောက်မှန်း၊ သတင်းထောက်လုပ်ဖူးမှန်း တွေ့တဲ့သူရှိရင်လည်း ဖမ်းခေါ်သွားတာ။
အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်း ကျွန်မ သတင်းထောက်အသုံးအဆောင်ပစ္စည်းတွေကို ဖွက်ရတဲ့၊ နေရာပြောင်းရွှေ့ရတဲ့ နောက်အလုပ်တစ်ခုပေါ်လာတာပါပဲ။ ဒါတွေကို ကျွန်မနဲ့အတူ မထားဖို့ ဆုံးဖြတ်လိုက်တယ်။ ပစ္စည်းတွေကို လုံခြုံမယ်လို့ ယူဆတဲ့အိမ်တစ်အိမ်မှာ ရွေ့ပြောင်းထားလိုက်ရတယ်။ ကျွန်မဆီမှာ လက်ရှိအလုပ်လုပ်နေတဲ့ သတင်းနဲ့ပတ်သက်တဲ့ဒေတာတွေပဲ လက်ဝယ်ထားရတယ်။ ဒေတာတွေ ကိုလည်း Digital Security ရှိအောင်ဘယ်လိုသိမ်းရမလဲဆိုတာတွေ လေ့လာခဲ့တယ်။ သတင်းကိစ္စ အင်တာဗျူးမေး တဲ့အခါတွေမှာ ဘေးကအိမ်နီးနားချင်းတွေကြားမှာစိုးလို့ တံခါးအလုံပိတ်တာပဲဖြစ်ဖြစ် လုံတဲ့အခန်းတစ်ခုထဲဝင်ပြီး ဖြစ်ဖြစ် အင်တာဗျူးလုပ်ရတယ်။ ဘယ်သူ့ကိုမှ ယုံလို့မရတဲ့အခြေအနေမှာ ဘယ်သူမှမသိလေပိုကောင်းလေပဲပေါ့။ တစ်ချို့သတင်းထောက်တွေလည်း ဒီလိုလုပ်ကြတယ်ဆိုတာ ကျွန်မပြန်သိရတယ်။ အမျိုးသမီးမိတ်ဆွေ သတင်းထောက်တစ်ယောက်ဆို သူဆန္ဒပြပွဲသတင်းယူနေရင်း ဖမ်းဆီးခံခဲ့ရတယ်။
သတင်းထောက်မှန်းမသိခဲ့တဲ့အတွက် ပြန်လွတ်လာခဲ့ပြီး အဲ့ဒီနောက်ပိုင်း စိတ်ဒဏ်ရာတွေ စိတ်မလုံခြုံမှုတွေ အများကြီးသူခံစားခဲ့ရတယ်။ ပြန်အဖမ်းခံရမှာ စိုးရိမ်တဲ့အတွက် အလုပ်လည်းဆက်မလုပ်ဘဲ ရပ်ထားလိုက်ရသလို သူ့ ကင်မရာပစ္စည်းတွေကိုပါ တခြားနေရာရွေ့ ထားလိုက်ရတဲ့အကြောင်း ကျွန်မကိုပြောပြတယ်။ အခုကျွန်မလည်း ရိုက်ကူးရေးတစ်ခုရှိရင် ပစ္စည်းတွေ ဖွက်ထားတဲ့ဆီကို အရင်သွားပြီးယူ၊ ပြီးမှ သတင်းရိုက်ရမယ့်နေရာကိုသွားနဲ့ အဆင့်ဆင့်တွေ ဖြစ်နေတော့တယ်။
သတင်းထောက်အကုန်လုံးကလည်း ဒီကာလမှာ ပြည်ပမှာဖြစ်စေ ပြည်တွင်းမှာဖြစ်စေ စိတ်ဒဏ်ရာ Trauma တွေကို တစ်နည်းတစ်ဖုံနဲ့ သေချာပေါက်ခံစားနေကြရတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်ကြရင်လည်း စိတ်ချမ်းသာစရာတစ်ခုမှကိုမရှိဘူး။ အနာဂါတ်ကဝေဝါး၊ ဘယ်တော့ ကိုယ်သတင်းထောက်လုပ်တာ သိသွားမလဲ၊ ကိုယ်အဖမ်းခံရရင် ကိုယ့်အိမ်နဲ့မိသားစုလုံခြုံရေးကိုလည်း စိတ်ပူရပြန်တယ်။ ဒီအထဲ ဘယ်သူ့ကိုမှ အပြည့်အဝ မယုံကြည်ရဲတဲ့ စိတ်မလုံခြုံမှုကလည်း ရှိနေပြန်တယ်။ သံသယမျက်လုံးတွေ စိုးရိမ်စိတ်တွေဆိုတာ အမြဲရှိနေတယ်။
ဒါပေမယ့် ဘာလို့ သတင်းထောက် အလုပ်ကိုဆက်လုပ်နေရဆိုရင် ကျွန်မတစ်ယောက်တည်းအတွက် အဖြေကတော့ ဒီတော်လှန်ရေးအတွင်းမှာ အမှန်တရားအတွက် ဓမ္မဘက်က တစ်ထောင့်တစ်နေရာ ကနေပါဝင်ရပ်တည် ခွင့်ရတယ်။ ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်အလုပ်နဲ့ မတရားမှုတွေနဲ့ ပြည်သူတွေအပေါ်စစ်တပ်ရဲ့ ရက်စက် ယုတ်မာမှု တွေကို ဖော်ထုတ်နိုင်တယ်။ အနည်းဆုံးတော့ ထိခိုက်ခံစား နေရတဲ့သူတွေအတွက် သူတို့ခံစားရတဲ့ မတရားမှု တွေကို ဖွင့်အံပြောပြနိုင်တဲ့သူ နားထောင်ပေးနိုင်တဲ့သူ ဖြစ်ခွင့်ရတယ်။ ကိုယ့်ထက်ပိုပြီး ထိခိုက်ခံစား နေကြရတဲ့ လူတွေကို အမြဲတွေ့မြင်ကြားသိ နေရတဲ့အတွက် ကျွန်မမှာ ရှိနေတဲ့ဒုက္ခတွေဟာ မပြောပလောက် ဘူးဆိုပြီး ဒီလိုပဲ အားတင်းရှေ့ဆက်နေရတာပါပဲ။
ဒါပေမယ့် အကုန်လုံးအားတင်းထားရမယ်မဟုတ်လား။ ဒီအခြေအနေတွေလွန်မြောက်တဲ့အခါ ဒီအဖြစ်အပျက် တွေကို ရီရီမောမောပြန်ပြောချင်သေးတယ်။
ပန်းချီလက်ရာ Songbird။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ Songbird ကိုပံ့ပိုးကူညီပေးနေပါသည်။