စာရေးသူသည် ချင်းပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
မိုးတွေကသည်းနေပြီးမှိုင်းတိုက်တာနဲ့ရောလို့နေပါတယ်။ ချင်းပြည်နယ်မင်းတပ်မြို့ဆိုတာကလည်း မြူခိုးမှိုင်းတိုက်ပြီ ဆိုတာနဲ့ ကိုယ့်ရှေ့ကသွားနေတဲ့သူကိုတောင်ကောင်းကောင်းမမြင်ရပါဘူး။ အခုလိုအချိန်ဆိုပိုဆိူးတာပေါ့။
ကျွန်တော်တို့ နေထိုင်နေတဲ့ သက်ကယ်နှင့်ဝါတာ ဘလူး ပလပ်စတစ်မိုးကာရောပြီး မိုးထားတဲ့တောင်ယာတဲလေး ကလည်း မိုးဒဏ်လေဒဏ်ကို ကောင်းကောင်း မခံနိုင်တဲ့အခါတဲအိမ်ထဲမှာမိုးရေတွေကပြည့်လျှံလို့နေတယ်။ ရက်ပေါင်း(၁၀၀)ကျော်သာ ရှိသေးတဲ့ကလေးရဲ့ ငိုသံကလည်းမိုးသံနဲ့ရောလို့နေပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့ကလေးကြီးလာရင်တော့ ပြောစရာတွေရှိလာတာပေါ့။ "မင်းငယ်ငယ်လသား အရွယ်မှာ စစ်တပ်ကအာဏာရူးလို့ တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်"လို့။
သေနတ်သံတွေကြားမှာ ပုံးရတာတွေ၊ အိမ်တွေပျက်စီး မီးလောင်တာတွေကို၊ ထိတ်လမ့်စရာတစ်ညမှာ ဒီလိုအကြောက်တွေ၊ တိုက်ပွဲတွေကြားက သူတို့အမေကလေးမွေးခဲ့တာတွေကို ပုံပြင်တစ်ခုလိုတော့ပြန်ပြောပြရတော့မှာ။
မိန်းမကငိုနေတဲ့ကလေးကိုနို့တိုက်ရင်း ဒေါသသံနှင့်ကျွန်တော့ကို လှမ်းပြီး ပြောတယ်။ ''ရှင့်အဘတွေကျေးဇူးနဲ့ကျွန်မတို့ပြေးနေရပြီ၊ ဒုက္ခရောက်နေရပြီလေ"တဲ့။
စစ်တပ်ကိုထောက်ခံတဲ့သူမဟုတ်ပေမယ့်လည်း ကျွန်တော်က စစ်တပ်က အိမ်တွေမီးရှို့၊ ရွာတွေထဲဝင်ပြီး ပြည်သူတွေရဲ့ပစ္စည်းတွေ၊ ဆိုလာပြားတွေ ၊ဘက်ထရီအိုးတွေ ယူဆောင်တာတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေသတ်ဖြတ် စားသောက်တာတွေကို သတင်းစာမျက်နှာတွေမှာ ခဏခဏ ဖတ်ရပြီး၊ စစ်တပ်ကတော့ဒါမျိုး လုပ်မှာမဟုတ်ပါဘူး၊ မဖြစ်နိုင်ပါဘူးဆိုပြီး အိမ်မှာ အမြဲပြော နေတဲ့သူလေ။ အခုတော့စစ်တပ်ကြောင့်ပဲ ကိုယ်တိုင်ပြေးနေရပြီ ဆိုတော့ မယုံလည်းမရတော့ဘူး။ မိန်းမရဲ့ဒေါသနှင့်ပြောတာတွေကိုလည်းခံနေရတာပေါ့။
ဘဝမှာဒီလိုစစ်ပြေးဒုက္ခသည်ဖြစ်မယ်လို့ဘယ်တုန်းကမှမထင်ထားဘူးဗျာ။ အရင်ကစစ်ပြေးဒုက္ခ သည်ဆိုရင် ကရင်နယ်စပ်၊ ကချင်ပြည်နယ်ဘက်ကိုပဲပြေးမြင်ကြတာလေ။အခုတော့ ကိုယ်တိုင်ကို ပြေးနေရတာ။
တကယ်တော့ ကျွန်တော်တို့က မင်းတပ်ကနေ တစ်ခြားနေရာတွေကို ဘယ်ပြေးချင်မှာလဲဗျာ။
ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းတယ်။ မင်းတပ်မှာရှိတဲ့ သူတွေအားလုံးလမ်းပေါ်ထွက်လာကြတယ်။
မင်းတပ်ဆိုတာကလည်း နွေဉီးတော်လှန်ရေးမှာ ပထမဆုံးတူမီးကိုင်ပြီးတော်လှန်တဲ့မြို့လေ။ CDMဝင်တဲ့ သူတွေအများကြီးရှိတဲ့မြို့၊ အာဏာသိမ်းတာတစ်နှစ်ကျော်ပြီးတဲ့တိုင်အောင် တစ်ချို့ဌာနရုံးတွေ မဖွင့်နိုင်သေးဘူးလေ။
စစ်တပ်ကဆေးရုံထဲမှာဝင်ပြီးစခန်းချတယ်။ မြို့ခံ တွေကစစ်တပ်ကိုဝိုင်းပြီး မောင်းထုတ်ကြတယ်။ စစ်တပ်ထွက်သွားရတယ်။ တစ်ခါ ညဘက်မှာ CDMဝင်ထားတဲ့ ကျောင်းဆရာမအိမ်ကို စစ်တပ်ကဝင်ဖမ်းတယ်။ မိနစ်ပိုင်းအတွင်းမှာ မြို့ခံလူငယ်တွေက စစ်တပ်ကိုပြန်ဝိုင်းတယ်။ စစ်တပ်နောက်ဆုတ်သွားရတယ်။
ကျွန်တော်တို့လည်း ''ကံဆိုးမမှသွားရာ၊မိုးလိုက်လို့ရွာ' ဆိုသလိုပြောရမလားပဲ။ မိန်းမက ဝန်ထမ်း၊ ကိုယ်ဝန်ကြီးနှင့်မီးဖွားဖို့အတွက် မီးဖွားခွင့်ယူပြီးအိမ်ပြန်လာတာ။ အဲဒီမှာအာဏာသိမ်းတာ နဲ့ကြုံတော့ တခါထဲ CDMလုပ်ပစ်လိုက်တယ်။ မီးဖွားခွင့်တောင်မခံစားဘူး။
မင်းတပ်မှာက CDMလုပ်တဲ့ဝန်ထမ်းတွေထဲမှာ ကျန်းမာရေးနဲ့ပညာရေးကအများဆုံးလေ၊ အဲဒီချိန်မှာ ကလေးမွေးဖို့ကလည်း နေ့စေ့၊ရက်စေ့ကြီးဖြစ်နေပြီ။ မိန်းမပြနေတဲ့ အိုဂျီ (သားဖွားဆရာဝန်) ကလည်း အောက်ပြည်ကိုပြန်ပြေးပြီ။
ဆေးရုံဆေးခန်း တွေလည်း ပိတ်ထားတယ်။ အဲဒီမှာ CDMဆရာမတွေ စုပြီးတော့ ဆေးပေးခန်းလေးဖွင့်ထားကြတာ။ ဒီမှာပဲမွေးရတော့မယ့် အခြေနေဖြစ်နေပြီ။ မွေးခန်းဆိုပြီးလုပ်ထားတာလဲ အလှပြင်ဆိုင်က ခေါင်းလျှော်ခုံကြီးတစ်ခုကိုမွေးကုတင်လုပ်ကြတယ်။ ဆရာဝန်မရှိပဲဆရာမတွေပဲဝိုင်းမွေးကြတာ ဘုရားကျေးဇူးတော်ပဲပြောရမှာပေါ့။ ကလေးက ဘာမှမဖြစ်ပဲ သန်သန်မာမာပဲ မွေးလာခဲ့နိုင်တယ်။
အင်မတန်ကြောက်ဖို့ကောင်းတဲ့အချိန်ပါ။ တစ်ခုခုဖြစ်ရင် ဘာဆေးမှမရှိဘူး။ ကျွန်တော်က အဲဒီအချိန်က ကားစီးလုံးငှားပြီး ပိုကြီးတဲ့မြို့ ဆေးရုံဆင်းရမလား ဝေခွဲမရဖြစ်နေတာ။
မွေးသာမွေးရတယ်ရင်တထိတ်ထိတ်နဲ့နှင့်မွေးရတာ၊ စစ်တပ်က CDMဆေးခန်းတွေဖွင့်တာ မကြိုက်ဘူး။ မြို့ပေါ်မှာလည်း လိုက်ဖမ်းနေပြီ။ အဲဒီချိန်မှာမင်းတပ်မှာ အခုလိုဒေသကာကွယ်ရေး တပ်CDF တွေမဖွဲ့ရသေးဘူး။ လူငယ်တွေက ရရာလက်နက်တွေနဲ့ လုံခြုံရေးယူပေး ရတယ်။
အပေါ်ထပ်မှာ မိန်းမက မွေးခါနီး ဗိုက်ကနာနေပြီ။ အဲဒီချိန်မှာပဲ အောက်မှာ ကင်းလှည့်လာတဲ့ စစ်ကားနဲ့ရဲကားက လာရပ်တယ်။ လူငယ်တွေကလည်း လှေကားထိပ်အပေါ်ကအပေါက်ဝမှာ အားလုံးငြိမ်ပြီးချောင်းနေကြတာ။ ဆရာမတွေကလည်း မိန်းမကို ''ခဏလေးသည်းခံနော်၊ မအော်နဲ့အုံးနော်၊ စစ်ခွေးတွေတက်လာမှာစိုး လို့ခဏလေးနော်" တဲ့။
ကျွန်တော့မှာလည်း ဇော်ချွေးပြန်နေပြီ။ဒီကောင်တွေတက်လာရင်ဘယ်လိုလုပ်မလဲပေါ့၊ အပေါက်ဝမှာစောင့်နေတဲ့လူငယ်တွေကတော့ အပေါ်တက်လာတာနဲ့ခုတ်ဖို့ပြင်ထားပြီ။ ကျွန်တော်ကလည်း မိန်းမသွေးလန့်မလား ထူပူနေတာ။
နာရီဝက်လောက်အကြာမှာ နောက်ဆုံး ဒီကောင်တွေကားထွက်သွားမှပဲ မိန်းမကလည်းကွက်တိမွေးတော့တာပဲ။ ကလေးကလည်း အာဗြဲကြီးနဲ့ငိုတော့တာပဲ။တကယ့်ကိုအမှတ်ရစရာပဲဗျာ။
ဒီလိုနဲ့ စစ်တပ်၊ မြို့မိမြိုဖ၊ ဘာသာရေးအဖွဲ့အစည်းတွေ ညှိုနှိုင်းရင်း စစ်တပ်ကစပြီး စည်းဖောက်လာတယ်။ လူငယ်တွေကိုဖမ်းတယ်။ ဒီတော့ တိုက်ပွဲတွေစတော့တာပါပဲ။
အိမ်မှာကလည်း ကလေးအကြီးလေးက ၂နှစ်ကျော်၊ အငယ်လေးက မွေးထားတာ ရက်(၁၀၀)ဝန်းကျင်ပဲရှိသေး။ ညဘက်သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားပြီဆိုတာနဲ့ မြို့ပေါ်အိမ်တွေအားလုံး မီးပိတ်လိုက်ကြတယ်။ မီးဖွင့်ထားတဲ့အိမ်ကို စစ်တပ်က လှမ်းပစ်တော့တာပဲ။ ကလေးကလည်း မီးပိတ်တာနဲ့ငိုတော့တာပဲဗျာ။ အဲဒီတော့ မိသားစုတွေစောင်ထူထူကြီးထဲမှာဝင်ပြီးခြုံနေရတယ်။ ငိုသံမကြားရအောင်လေ။
တိုက်ပွဲတွေစတော့ မင်းတပ်မြို့ပေါ်ကသူတွေအားလုံးကနီးစပ်ရာရွာတွေကို ရှောင်ကြရတယ်။ မိုးတွင်းကာလကြီးဆိုတော့ ဆိုင်ကယ်လမ်းတွေပဲအသုံးပြုပြီးပြေးလွှားသွား နေရတာတစ်ကယ့် စိတ်မကောင်းစရာပဲဗျာ။ သူ့ကိုလည်းကိုယ်မကူနိုင်၊ကိုယ့်ကိုလည်းသူမကူနိုင်ဖြစ်တာပေါ့။'
အစပြေးတော့ နီးနီးနားနားရွာလေးတွေနားပဲပြေးတယ်။ ကိုယ်ပြေးတဲ့ရွာကို စစ်တပ်ကဝင်လာတော့ အထုတ်ဆွဲပြီးပြေးရပြန်ပြီ။ လုံခြုံမယ်ထင်တဲ့ရွာကိုထပ်ရွေ့ အဲဒီရွာကိုလည်းစစ်ကြောင်းဝင်လာတော့ နောက်ထပ်ရွေ့ရပြန်တယ်။ နောက်ဆုံး (၃) ခါလောက် ပြေးပြီးမှ အခုနေတဲ့ရွာကိုရောက်လာတာ။
အခုဆိုရင်ဒီရွာလေးမှာစစ်ဘေးရှောင်လာတာတစ်နှစ်ကျော်ကာလ။ မိုးတွေကတော့သည်းတုန်းပဲ။ မင်းတပ်မှာရှိတဲ့အိမ်ကိုပြန်ချင်တာပေါ့။ သူများရွာမှာနေတယ်ဆိုတာလည်းကြာပြီ။ စစ်တပ်ကတော့ မြို့ပေါ်ကအိမ်တွေမှာ စာရင်းကောက်ပြီးပြန်လာခဲ့ဖို့ခေါ်နေတယ်။ ဒါပေမယ့်ဘယ်သူမှ လည်းမပြန်ရဲဘူး။
မပြန်ရဲဘူးဆိုတာက ကိုယ့်အိမ်ထဲမှာတံခါးပိတ်ပြီးနေတာတောင် အိမ်ထဲဝင်လာပြီး ဖုန်းပြစမ်းဆိုပြီး ဖုန်းစစ်တယ်။ ဖုန်းထဲမှာသေနတ်ပုံလေးတွေ့တာ ထောင်၇နှစ်ချပစ်လိုက်တာလေ။ တစ်နှစ်အတွင်းမှာ မင်းတပ် ၂၇၄တပ်ရင်းထဲမှာ စစ်ခုံရုံးကနေဖမ်းပြီး ထောင်ချပစ်တာ ၄၃ယောက်ရှိတယ်။
မင်းတပ်မြို့ပေါ်ကနေ ကျေးရွာတွေမှာစစ်ရှောင်နေကြတဲ့သူပေါင်း ၁ သောင်းကျော်ရှိပါတယ်၊ မင်းတပ်မြို့နယ် လူဦးရေ ၅သောင်းကျော်ရှိတဲ့ထဲမှာ ၄ပုံ ၁ပုံက စစ်ရှောင်နေတဲ့သဘော ဖြစ်နေတာပေါ့။ စစ်ကောင်စီတွေကတော့ မြို့ပေါ်မှာ စစ်ရှောင်စခန်း ၁၀ခု သတ်မှတ်ပေးကြတယ်။ ဒါပေမယ့်ကျေးရွာကစစ်ရှောင်တွေကပိုများနေပါတယ်။
ဟိုတလောကလည်း မင်းတပ်စစ်ရှောင်တွေအတွက် နိုင်ငံတကာအကူအညီအဖွဲ့တွေ ပူးပေါင်းပြီးထောက်ပံ့ပေမယ့် တစ်ကယ်ကျေးရွာတွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေဆီ သွားရောက်ခွင့်မပြုပဲ စစ်ကောင်စီအသိမှတ်ပြုတဲ့ စစ်ရှောင်တွေမှာ ဆန်တွေကိုပေးခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့်လည်း တစ်ကယ့်ကျေးရွာတွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ အခုလိုမိုးတွင်းကာလကြီးမှာ စားနတ်ရိက္ခာအပြင် အမိုးအကာတွေကလည်း လိုလာနေပါပြီ။
အခုတော့ကျွန်တော်တို့လည်း ဒီမှာ မိုးရာသီ နှစ်ခုမြောက်ပေါ့။ အမိုးပေါ်မှာ ရေတွေက တဝုန်းဝုန်းကျ။
ရွာထဲမှာနေတယ်ဆိုပေမယ့် ဒီတိုင်းတော့မရဘူး၊ အမြဲတမ်းနားစွင့်ထားရတာ။ စစ်ကြောင်းလာတယ်လို့ အသံကြားပြန်ရင် အထုတ်တွေ မိုးကာနဲ့ဖုံးပြီး တောင်ယာတဲတွေထဲပြေးရတာ။ တစ်ကယ့်ကို စိတ်ပျက်စရာ။
စစ်ကောင်စီတပ်တွေကလည်း စစ်ကြောင်းထိုးနေတုန်းပဲ။ ကျေးရွာနေပြည်သူတွေက စားရိက္ခာတွေကို မိုးကာနဲ့ထုတ်ပြီး မိုးရေတွေကြားထဲမှာ လုံခြုံမယ်ထင်ရတဲ့နေရာတွေကိုသွားနေကြတဲ့ မြင်ကွင်းတွေက... သေချာပါတယ် ဒီတစ်မိုးလည်းဆက်ပြီးပြေးနေရအုံးမယ်လို့ ထင်ပါတယ်။
ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။