စာရေးသူသည် မြန်မာနိုင်ငံအလယ်ပိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
ဒီရက်ထဲ ဈေးရောက်တိုင်း အများဆုံးကြားနေရတာက “ဈေးတက်သွားလို့” ဆိုတဲ့စကား။ အခုလည်းဝယ်နေကျ စားသုံး ဆီဈေးက စစ်တပ်က အာဏာမသိမ်းခင်မှာ တစ်ပိသာကို ၄၀၀၀ ကျော်ကနေ ၉၀၀၀ ကျော်ဖြစ်ခဲ့ပြီ။
စားသုံးဆီ တစ်မျိုးထဲ ဈေးတက်တာ မဟုတ်ဘဲ အခြေခံစားသောက်ကုန်ဈေးနှုန်း အကုန်နည်းပါးတက်နေတော့ ဈေးထဲ ရောက်ရင် မီးဖိုချောင်အတွက် အဓိက လိုတာကိုသာ ဦးစားပေးပြီး ဝယ်နိုင်ပါတော့တယ်။
စစ်တပ်က အာဏသိမ်းပြီး မကြာခင်အချိန်မှာ ရွှေဈေးအဆမတန် ထိုးတက်သွားတုန်းက ကျွန်မနဲ့ တိုက်ရိုက် မသက်ဆိုင် ပေမယ့် ဒီနှစ်ဖေဖော်ဝါရီလဆန်းကစပြီး တရိပ်ရိပ်တက်လာတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းကတော့ ကျွန်မတို့ မိသားစုကို ခြောက်လှန့်နေတဲ့ နတ်ဆိုးတစ်ခုလိုပါပဲ။
အရင်လို လစဉ်ပုံမှန်ဝင်ငွေမရှိတော့ အစစအရာရာ ချွေတာနေရတဲ့ အချိန်မှာ အခုလိုကုန်ဈေးနှုန်းထိုးတက်တော့ တစ်ပတ်လုံးမှာ အသားဟင်းမပါဘဲ ချက်ဖြစ်တဲ့ရက်တွေလည်းရှိနေပါတယ်။ ထမင်းစားပီးတဲ့အခါ အချို၊ အချဉ် မုန့်ပဲသရေ ဆိုတာ မစားနိုင်တော့တဲ့ အခြေအနေတောင် ဖြစ်နေပါပြီ။
အရင်ကဆို ပိုက်ဆံ ငါးထောင်နဲ့ အသားဟင်းတစ်မျိုး အရွက်ကြော်၊ အချဉ်ရည်ဟင်းနဲ့ ဖွယ်ဖွယ်ရာရာ မိသားစုလေး ယောက် တစ်ရက်စာ လုံလောက်ပေမယ့် အခုတော့ ငါးထောင်ဆိုတာ တစ်နှပ်စာတောင် ကောင်းကောင်း မရတော့ပါဘူး။
မိသားစုတွေ ဟန်မပျက် ထမင်းနှပ်မှန်ဖို့အတွက် ရှိတဲ့ ငွေလေးကို ခြိုးချန်ချွေတာပြီး သုံးစွဲနေရတာပါ။ တစ်ခါတစ်လေ စဉ်းစားမိပါသေးတယ်။ အခုလို အချိန်မျိုးမှာ ကိုယ့်မိသားစုထဲ ကျန်းမာရေးများ ဆိုးဆိုးရွားရွားထဖြစ်လို့ကတော့ ဘယ်လို လုပ်ရပါ့မလဲလို့လည်း တွေးပူမိတဲ့ အခါလည်း ရှိပါသေးတယ်။
မတ်လဆန်းမှာ တရိပ်ရိပ်တက်လာတဲ့စက်သုံးဆီဈေးဟာ အမြင့်ဆုံး တစ်လီတာကို ကျပ်နှစ်ထောင့်နှစ်ရာအထိ ရောက်ရှိ နေပါပြီ။
အရင်ကဆို တစ်ထောင်ဖိုးဆီဖြည့်ရင် ရပေမယ့် အခု နှစ်ထောင်ကျော်မှ ရတာဖြစ်တဲ့အတွက် ဆိုင်ကယ်ဆီကို ချွေတာနဲ့ အနေနဲ့ အရေးပေါ် အခြေအနေမျိုးမှ မဟုတ်ရင် ခြေလျင်ပဲသွားဖြစ်ပါတယ်။
မြေပဲဆီအစစ်ဆိုရင်အရင် တစ်ပိသာ ၆၀၀၀ကျော်ကနေ အခု တစ်သောင်းနှစ်ကျော်ပါ။ မြေပဲဆီဟာ စျေးပေါတဲ့ဆီတွေနဲ့ယှဉ်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ သိပေမယ့် ဈေးသက်သာတဲ့ စားသုံးဆီသာ အခြေခံလူတန်းစားတွေက စားနိုင်ပါတယ်။
၂၄ ပြည်ဆန်အကြမ်း တအိတ်ကို အရင်က သုံးသောင်းကျော်ကနေ အခု ငါးသောင်းနီးပါး၊ ၂၄ ပြည်ပေါ်ဆန်းတစ်အိတ်ကို အရင်လေး သောင်းကျော်ကနေ အခု ရှစ်သောင်းကျော်ဖြစ်နေတာပါ။ ဆန်အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းမတူနိုင်ပါဘူး။ အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းရှယ်ဆိုရင် ၂၄ပြည်တစ်အိတ်ကို ကိုးသောင်းကျော် ပေါက်နေတဲ့အတွက် တပြည်ရဲ့ ဈေးနှုန်းမှာ ၃၈၀၀ ကျော်ရှိနေပါတယ်။
ဒါပေမယ့်လည်း ဒီလို ရှယ်ဆိုတဲ့ ဆန်အမျိုးအစားကို ဝယ်မစားနိုင်ပါဘူး။ မနောသုခ ဆန်တစ်ပြည်ကို ၁၅၀၀ တန်ကိုသာ ဝယ်စားပါတယ်။ အသုံးစရိတ် လျော့လို့ရတဲ့ နေရာတွေကို အကုန်လျော့နေရတဲ့အတွက် အရာအားလုံးကို ဝင်ငွေနဲ့ တွက်ချက်ပြီး ဝယ်သုံးနေရတဲ့ ကာလပဲ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လျှပ်စစ်မီးဟာလည်း ပုံမှန်မရပါဘူး။ အာဏာမသိမ်းခင်က လေတိုက်၊ မိုးရွာမှ မီးပျက်ပေမယ့် အခုကာလမှာ ဘာမှမဖြစ်လည်း မီးဖြတ်ချင်တဲ့အချိန် ဖြတ်ထားတဲ့ဒဏ်လည်း ခံရပါသေးတယ်။
ဒီလိုလျှပ်စစ်မီး ပုံမှန်မရတဲ့အတွက် မထင်းဟင်းချက်ဖို့အတွက် မီးသွေးကို မဖြစ်မနေ ဝယ်ရတာဖြစ်တဲ့အတွက် မီးသွေးရဲ့ ဈေးကလည်း တစ်အိတ်ကို ၃၅၀၀ ကနေ အခု ၆၀၀၀ ကျော်ထိ တက်နေပါတယ်။
အချိန်ပိုင်းနဲ့သာ မီးရရှိပေမယ့် မီတာခတွေကတော့ လျော့နည်းသွားတယ်ဆိုတာ မရှိပါဘူး။ ဒီလိုအခြေအနေတွေကို ပြည် သူတွေက လှုမှု့ကွန်ယက်ကနေ အသံတွေထွက်ခဲ့ကြပေမယ့် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အာဏာသိမ်း အစိုးရက မသိ မသာနေခဲ့ပြီး တစ်စုံတစ်ရာ ဖြေရှင်းပေးတာလည်း မရှိခဲ့ပါဘူး။
ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက်တော့ စားသုံးဆီအပါအဝင် အခြားမီးဖိုချောင်ပစ္စည်းတွေကို အများကြီးဝယ် ယူမစုဆောင်းနိုင်တဲ့ အတွက် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကို ခါးသီးစွာ လက်ခံရုံကလွဲလို့ အခြားမရှိတော့ပါဘူး။
ပြည်ပရင်းနှီးမြုပ်နှံမှု ကုမ္မဏီတွေကလည်း မြန်မာနိုင်ငံက ထွက်ခွာသွားကျတဲ့အတွက် အလုပ်အကိုင် အခွင့်လမ်းကလည်း ပိုမိုရှားပါးလာတဲ့အချိန် ကုန်ဈေးနှုန်းကြီးမြင့်မှုက ကျွန်မတို့ပြည်သူတွေအတွက်တော့ ပိုပြီး အကျပ်ရိုက်စေခဲ့ပါတယ်။
အလုပ်အကိုင်အခွင့်လမ်း ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ နောက်ဆက်တွဲကတော့ အရင်မြို့ကြီးပြကြီးတွေမှာ သိပ်မရှိတတ်တဲ့ ခိုးဆိုးလုနိုက်မှုတွေ များပြားလာ တာကို နေ့စဉ်ရက်ဆက် မြင်တွေ့ကြားနေရပါတယ်။
မြို့လည်ခေါင်မှာ နေ့ခင်းကြောင်တောင်အချိန် အမျိုးသမီးတစ်ယောက်ထဲ ဆိုင်ကယ်မောင်းနေစဉ်မှာ အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်ဘီးမှာ အနောက်ကထိုင်လိုက်လာတဲ့ အမျိုးသားက အမျိုးသမီးရဲ့ ဘေးတိုက်လွယ်ထားတဲ့ ပိုက်ဆံအိတ်ကို ဆွဲယူသွားတာမျိုး၊ ဖုန်းပြောနေစဉ် လက်ကိုင်ဖုန်းကို လုယူသွားတဲ့ ဖြစ်ရပ်တွေက မကြာခဏဆိုသလို လူမှုကွန်ရက် စာမျက်နှာမှာတွေ့နေရသလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း မကြာခဏ ဖြစ်နေပါတယ်။
ဒါ့အပြင် မောင်းလာတဲ့ဆိုင်ကယ်ကို တွန်းလှဲပြီး ဓားထောက်တယ်။ ဆိုင်ကယ်ယူတဲ့အပြင် ပါလာတဲ့ လက်ဝတ်ရတနာ၊ ပိုက်ဆံအိတ်ကို ယူတဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။
အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ ခေတ်ကာလမကောင်းတဲ့အချိန်မှာ ပြည်သူမျက်နှာကို မကြည့်ဘဲ ဈေးတင်ရောင်းပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ငန်းရှင်တွေကို ထိန်းချုပ်နိုင်တဲ့ အစိုးရတစ်ရပ်မျိုး၊ အမှန်တကယ်ဒုက္ခ ဆင်းရဲတွင်းထဲ ရောက်နေ တဲ့ ပြည်သူတွေကို ကယ်တင်ပေးနိုင်မယ့် အစိုးရတစ်ရပ်မျိုးကိုတော့ လိုချင်မိတာ အမှန်ပါပဲ။
ဒီမိုကရေစီအနှစ်သာရ ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိတော့ဘဲ အခုအခြေအနေမှာ ဒီလိုခက်ခဲနေတဲ့ ဒဏ်တွေကို ဆန္ဒထုတ်ဖော်ဖို့ မဆိုထားနဲ့ လှုမှုကွန်ရက်မှာ ဝေဖန်ရေးသားရင်တောင် အရေးယူခံရနိုင်တဲ့ အခြေနေမှာ ရှိနေ တာပါ။
အာဏာသိမ်းစစ်ကောင်စီ အစိုးရကတော့ နေ့စဉ်ရက်ဆက် သူတို့ကို တော်လှန်နေတဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့က လွဲပြီး ဒီလိုကြုံတွေ့နေရတဲ့ အခက်ခဲကို ဖြေရှင်းဖို့ စိတ်ကူးတောင် မရှိလောက်ပါဘူး။
စစ်ကောင်စီဟာ မြို့ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာတွေအပါအဝင် စစ်အသုံးစရိတ်တွေက ကျပ်သန်းပေါင်းများစွာ ကုန်နေလောက်ပါပြီ။ ဒီပိုက်ဆံတွေကိုသာ ပြည်သူတွေရဲ့ အခက်အခဲတွေ လိုအပ်ချက်တွေကိုဖြေရှင်းပေးရင် အရမ်း ကောင်းမှာပဲလို့ တွေးမိပါသေးတယ်။
လက်ရှိအချိန်မှာတော့ ကျွန်မတို့ပြည်သူတွေဟာ ကောင်းမွန်တဲ့ ဘဝကို မျှော်လင့်ခွင့်တောင်မရှိတော့ဘဲ ပိုမိုဆိုးလာတဲ့ နေ့ရက်တွေကိုသာ ဖြတ်သန်းနေရတာတော့ အသေချာပါပဲ။
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားပြီး ပြည်သူမျက်နှာကိုကြည့်တဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးတဲ့ အစိုးရတစ်ရပ် အမြန်ဆုံး ရချင်တာတော့ ကျွန်မရဲ့ ရင်ထဲက ဆန္ဒမှန်ဖြစ်ပါတယ်။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိနေသည့် အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦးမှ အနုပညာလက်ရာဖြစ်သည်။