သင်တန်းဆင်းတဲ့ တစ်နေ့

သင်တန်းဆင်းတဲ့ တစ်နေ့

ကယားပြည်နယ်

စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

ကလေးငယ်တွေ ကိုယ်စီချီထားကြတဲ့ မိခင်တွေ ၃ ဦးကားကြုံလိုက်စီးကြဖို့ သစ်ပင်အောက်မှာ  ကားအလာကို ထိုင်စောင့်နေကြပါတယ်။ ကားလာတော့ လိုက်ပြေးတက်လိုက်ကြတာ ကားပေါ်မှာလည်း လူတွေပြည့်ကြပ်သိပ်နေပေမယ့် အတင်းတိုးဝှေ့ပြီး တက်လာကြတယ်။ ကျွန်မလည်းသူတို့နဲ့အတူ ကျဉ်းကျဉ်းကြပ်ကြပ် ကားပေါ်မှာ လိုက်ပါလာခဲ့တယ်။

ဒီလမ်းက လူသူ အသွားအလာမရှိတဲ့နေရာဖြစ်ပြီး ကရင်နီတပ်မတော်တွေသာ သွားလာတဲ့ လမ်းဖြစ်ပါတယ်။ မနက်ဖြန် ကရင်နီတပ်မတော်တပ်သားသစ်တွေ သင်တန်းဆင်းပွဲရှိတာမို့ သတင်းသွားယူဖို့ သူတို့တွေနဲ့အတူ ကျမလည်း ကားကြုံလိုက်စီးခဲ့တာပါ။ ကလေးကိုယ်စီချီထားတဲ့ မိခင်ဖြစ်သူတွေက မနက်ဖြန်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းမယ့် ​ သူတို့ အမျိုးသားကို တွေ့ချင်ဇောနဲ့ လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။

တောတောင်ထဲကြားထဲက တကွေ့တကောက် ဖောက်လုပ်ထားတဲ့ မြေသားလမ်းမိုးရွာထားတော့ လမ်းတွေတော်တော်ဆိုးနေပါတယ်။ တောင်ပေါ်ကရေတွေစီးကျပြီးလမ်းတွေက ဗွက်တွေထပြီး ပျက်စီးနေပါတယ်။

အဲဒီကြားထဲက တကွေ့တကောက်နဲ့ ကားအတော်ကြာကြာ စီးပြီးတဲ့နောက်မှာတော့ အရမ်းအေးစိမ့်နေတဲ့ တောင်ထိပ်တစ်နေရာကို ရောက်သွားပါတယ်။ ဒီနေရာမှာ ခုခံစစ်တန်းလျားအနေနဲ့ ဆောက်ထားတဲ့ ယာယီအဆောက်အအုံတွေ ရှိနေပါတယ်။

ရောက်တဲ့အချိန်မှာ ကားပေါ်ပါလာကြတဲ့ ခရီးသည်တွေက သူတို့ အသိမိတ်ဆွေ ရဲဘော်တွေ ရှိကြတဲ့ နေရာ အသီးသီးသွားကြပေမယ့် ကလေးတွေနဲ့ပါလာကြတဲ့ မိခင်တစ်ဖွဲ့ သူတို့ အမျိုးသား ဘယ်မှာရှိနေလဲမသိကြဘူး။ သင်တန်းသားတွေက သူ့စည်းနဲ့သူ့ကမ်းနဲ့ နေနေရတော့  သူတို့တွေကို ချက်ချင်း တွေ့ခွင့်မရနိုင်ကြသေးပါဘူး။ ဒီလောက် ချမ်းချမ်းအေးအေး တောင်ပေါ်မှာ နေစရာမရှိခက်ခက်ခဲခဲနေရာလိုမျိုးမှာ ကလေးငယ်တွေခေါ်လာကြပြီး သူတို့ရဲ့ အမျိုးသားကို ဂုဏ်ပြုဖို့ တက်လာခဲ့ကြရတာပါ။

ဒီတောဒီတောင်ပေါ် စစ်သင်တန်းဆင်းမယ့်နေရာမှာ ကလေးတွေတစ်ပွေ့တစ်ပိုက်တွေနဲ့ မိခင်တွေက သူတို့ တစ်ညတည်းခိုဖို့ ကူရာမဲ့နေချိန် ကျွန်မလည်းသူတို့ကို ကျွန်မနဲ့အတူခေါ်လာပြီးတော့ တဲအိမ်လေး တစ်လုံးတည်းမှာပဲ တစ်ညအတူအိပ်စက်ခဲ့ကြတယ်။ ကလေးတွေက ငါးနှစ်အောက်တွေပဲ ရှိကြပါသေးတယ်။ အမိုးအကာမလုံတဲ့ တဲအိမ်တွေထဲမှာ ကလေးငယ်တွေက ညီးညူသံတွေ၊ ငိုသံတွေ ကြားနေရပါတယ်။

နောက်နေ့မနက် ၆နာရီလောက်မှာ ကရင်နီတပ်မတော်တွေ သင်တန်းဆင်း စစ်ချီတေးတွေနဲ့ ချီတက်အလေးပြုတဲ့ ကွင်းကို ကျွန်မတို့သွားခဲ့ကြပါတယ်။ မြူဆိုင်းတွေကြောင့် လမ်းတွေတော့မြင်နေရပေမယ့်အဝေးကိုတော့မမြင်ရပါဘူး။

သင်တန်းကွင်းထဲမှာတော့ သူတို့လို ရဲဘော်အမျိုးသမီးတွေကော မောင်နှမတွေကော မိဘတွေက သူငယ်ချင်းမိတ်ဆွေတွေကော အမြောက်အများ တက်ရောက်အားပေးနေတာမြင်ခဲ့ရပါတယ်။

သင်တန်းကွင်းထဲမှာတော့ ကရင်နီတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေက သင်တန်းသားတွေကို အားပေးဖို့ မိန်ခွန်းပြောဖို့ ဆုချီးမြင့်ဖို့ စဉ်မြင့်တွေထက်မှာ ရှိနေကြပါတယ်။

ကွင်းထဲမှာ သင်တန်းသားတွေကော တက်ရောက်လာကြတဲ့သူတွေကော ခန့်မှန်းခြေ ၅၀၀ ကျော်လောက်ရှိနေပါတယ်။

သင်တန်းသားတွေက ကရင်နီနိုင်ငံတော်သီချင်းသီဆိုတာတွေ ၊ သစ္စာအဓိဌာန် ဆိုတာတွေ ၊ မိန့်ခွန်းနားထောင်တာတွေ ၊ ချီတက်အလေးပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်သင်တန်းကွင်းမှာ စစ်ရေးပြတွေ ချီတက်အလေးပြုတာတွေလုပ်နေချိန် အပြင်ဘက်မှာ ထိုင်ကြည့်နေကြတဲ့  ကျွန်မနဲ့အတူပါလာတဲ့ ကလေးအမေတွေရဲ့ မျက်ရည်တွေဝဲနေတာတွေ ကျွန်မမြင်ခဲ့ရတယ်။

ဘယ်လိုခံစားရလဲလို့မေးလိုက်မိတယ်။ မိခင်တစ်ယောက်က "ပျော်တာပေါ့။ သူတို့ကိုမြင်ရတော့။ ဒါပေမယ့် သူတို့က သင်တန်းဆင်းပြီးရင် စစ်ထွက်တိုက်ရမယ်လေး။ လေးစားတာလည်းပါတယ်။ ဆင်းရဲဒုက္ခခံရမှာကိုလည်း တွေးကြောက်နေမိတာပေါ့။"

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီအမျိုးသားတွေရော အမျိုးသမီးတစ်ချို့ရော က အခုလိုအားလုံးကိုစွန့်လွတ်ပြီး လက်နက်ကိုင် တော်လှန်ရေးအလုပ်ကိုရွေးခြယ်လိုက်ကြပေမယ့် သူတို့ရဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အမျိုးသမီးတွေကတော့ သူတို့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ လာရောက်အားပေးနေခဲ့ကြဆဲပါ။

သင်တန်းဆင်းပွဲပြီးလို့ သူတို့တွေဆီကို အမျိုးသားဖြစ်သူတွေကို ပြေးလာပြီး သူတို့ကလေးတွေကို ပွေ့ဖက်ချီနမ်းတဲ့သူနဲ့ ငိုတဲ့သူနဲ့ မြင်တွေ့ခဲ့ရပါတယ်။

သက်ရောက်အားပေးလာခဲ့ကြတဲ့သူတွေနဲ့ ဆိုင်ရာဆိုင်ရာ မိတ်ဆွေ၊ မိသားစုဝင်တွေကော အမျိုးသမီးတွေကော သူတို့နဲ့သက်ဆိုင်ရာ ရဲဘော်တွေဆီသွားပြီး အမှတ်တရပုံတွေရိုက်ကြတယ်။

အဲဒီချိန်ကျဘေးမှာရှိနေတဲ့ အသက် ၆၀ အရွယ် အဖွားတစ်ယောက် အဝေးကနေပဲ လှမ်းကြည့် နေရင်း ပြုံးရယ်နေတာတွေ့ခဲ့ရတယ်။

အဖွားဘယ်သူ့ကိုရှာနေတာလဲ သွားတွေ့လိုက်ပါလားလို့ ကျွန်မက ပြောလိုက်တော့ အဖွားဖြစ်သူက "ကျွန်မတူလေးတွေ ၅ ယောက်လောက်ပါတယ်။ သွားမတွေ့ရဲဘူး။ သွားတွေ့ရင် ကျွန်မငိုချမိမှာစိုးလို့တဲ့။ ကျွန်မသူတို့ကို သနားလည်းသနားတယ်။ လေးလည်းလေးစားပါတယ်။" လို့ ပြောလာပါတယ်။

စစ်ဘေးဒဏ်ကို ခါးသည်းအောင် ခံစားခဲ့ရ အဖွားက သူ့တူလေးတွေစ စ်သင်တန်းဆင်းတာကို လာရောက်အားပေးခဲ့ပေမယ့် သူမ အရမ်းခံစားနေရလို့ သွားမတွေ့ခဲ့ပါဘူး။

ကရင်နီတပ်မတော်ရဲ့ သင်တန်းကွင်းထဲမှာ တခါမှဒီလောက်များတဲ့သင်တန်းဆင်းလူဦးရေမရှိခဲ့ဘူးလို့ ဆိုပါတယ်။ အရင်က သင်တန်းဆိုရင် ဆယ်ဂဏန်းလောက်ပဲရှိခဲ့ပြီး အခုလို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်သင်တန်းလာတက်တဲ့သူတွေက သင်တန်းတစ်ခါဆင်းရင်  ရာနဲ့ချီရှိနေတာလို့ ကြားရပါတယ်။

သူတို့တွေက စစ်ရေးလေ့ကျင့်ပြီးသွားရင် ကျရာရှေ့တန်းကိုထွက်ပြီး မိသားစုတွေနဲ့ ဝေးရာကို ထွက်ခွာသွားကြရတော့မှာပါ။

ကျွန်မနဲ့အတူ လိုက်ပါလာခဲ့ကြတဲ့ ကလေးမိခင်တွေသူတို့တွေရဲ့ အမျိုးသားတွေကို နုတ်ဆက်ရင်း ပြန်လာခဲ့ကြရပါတယ်။

အမျိုးသားဖြစ်သူတွေက တော်လှန်ရေးသမားတွေဖြစ်ပြီဆိုတော့ ကလေးတွေကို မိခင်တစ်ယောက်တည်းကပဲ ထိန်းကျောင်းရှာဖွေကျွေးမွေးပြုစုရတော့မှာဖြစ်ပါတယ်။

ဒီလိုတော်လှန်ရေးကာလမှာ တော်လှန်ရေးသမားတစ်ယောက်က သူ့မိသားစုကိုလည်း ဘာမှမထောက်ပံ့နိုင်သလို ကျန်ခဲ့တဲ့ အမျိုးသမီးကလည်း စစ်ဘေးဒဏ်ကြောင့် ပြေးလွှားနေရချိန် ဘာအလုပ်အကိုင်ဝင်ငွေမှ မရှိကြပါဘူး။

ကလေးတွေလည်း အနာဂတ်မဲ့နေကြရပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကလေးတွေအနာဂတ်မဲ့နေခဲ့ကြရပြီး ဖခင်မပါပဲ မိခင်တစ်ယောက်တည်း ရုန်းကန်နေရတဲ့ မိခင်တွေဒုနဲ့ဒေးရှိနေလောက်ပါပြီ။

နေ့စဉ်ရက်ဆက်  စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာဆိုရင် အခု လူဦးရေ သုံးသိန်းသာရှိတဲ့ ကရင်နီပြည်နယ်မှာ တစ်သိန်းကျော်လောက်က စစ်ဘေးဒုက္ခသည်တွေဖြစ်ကုန်ကြပါပြီ။

ဒီတစ်ခါ တနိုင်ငံလုံးက စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်မှသာ ကရင်နီပြည်က ကလေးငယ်တွေဘဝ မိခင်တွေရဲ့ဘဝ အနာဂတ်ပြန်ပြီး ရောင်စဉ်တံလာမှာဖြစ်ပါတယ်။

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။