စာရေးသူသည် ရှမ်းပြည်နယ် မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
တောင်ကြီး မြို့အရှေ့မြို့ပတ်လမ်းပေါ်မှာရှိတဲ့ တော်ဝင်ပုလဲနှင်းဆီ လက်ဘက်ရည်ဆိုင်က ထိုင်နေကြဆိုင်။ ကင်မရာ အိတ်ကိုယ်စီနဲ့ ဆိုင်ကယ်လေးကိုယ်စီနဲ့ စုရပ်လုပ် စတိုရီထုတ်ဖို့တိုင်ပင်ခဲ့တဲ့ နေရာလေးပေါ့။
အစည်းအဝေးပဲလုပ်လုပ်၊ သတင်းယူပြီးပြန်လာတာပဲဖြစ်ဖြစ်၊ သတင်းစတိုရီလုပ်ရန်တိုင်ပင်ဖို့ပဲဖြစ်ဖြစ် အဲဒီလက်ဘက်ရည်ဆိုင်ရဲ့အတွင်းခန်းက တောင်ကြီး သတင်းသမားတွေရဲ့ ရုံးခန်းပမာ စုရပ်ဖြစ်ခဲ့တာပေါ့။
ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ဟာ သတင်းသမားတွေအလွန်နည်းပေမဲ့ စည်းလုံးမှုအားကောင်း ခဲ့ပါတယ်။ တောင်ကြီး သတင်းထောက်များအသင်း ဖွဲ့စည်းပြီး စည်းစည်းလုံးလုံး နဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်ခဲ့ကြတာပါ။
ပြည်သူအတွက် ရှမ်းတောင်မှာ ထူးခြားဖြစ်စဉ်တွေ အများပြည်သူလိုအပ်တဲ့အချိန်တွေ ဒီတောင်ကြီးသတင်းထောက်များအသင်းထဲက သတင်းသမားတွေ သွားရောက် သတင်းထုတ်ပေးခဲ့ ကြတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတွေ နောက်သတင်းလိုက်ရင်း သတင်းသမား တစ်ဦး အဖမ်းခံရလို့ ပြည်နယ်အစိုးရထံ၊ ပြည်နယ်ရဲတပ်ဖွဲ့ထံ၊ ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးထံ ဝိုင်းဝန်းတောင်းဆိုလို့ နေ့ချင်းပြန်လွတ်ပေးခဲ့ပါတယ်။
မတ်လအလယ်လောက်ရောက်လာတဲ့အချိန် စစ်ကောင်စီတွေ အကြမ်းဖက်ပြုလာတဲ့အချိန်မှာ သတင်းသမားတွေကို ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးဖို့ပြုလာခဲ့ပါတယ်။
အဲလိုနဲ့ စည်းလုံးနေတဲ့ တောင်ကြီး သတင်းသမားတွေလည်းတစ်ယောက်တစ်နေရာ လွတ်မြောက်ရာကို ထွက်သွားကြပါတယ်။ အမည်စာရင်းမပါတဲ့သတင်းသမားတွေကလည်း သတင်းအလုပ်မလုပ်တော့ပဲ မြို့ပေါ်မှာ တိတ်တိတ်ကလေးဘဝကို နှစ်မြုပ်လိုက်ရပါတယ်။
တစ်ချို့သတင်းသမားတွေ လွတ်မြောက်ရာသို့မသွားခင်မှာပဲ အဖမ်းခံလိုက်ရသူတွေလည်းရှိပါတယ်။ အခုတော့တောင်လေးလုံးအကျဉ်းထောင်မှာ ထောင်ဒဏ် သုံးနှစ်အမိန့်ချခံရသူရှိသလို ထောင်ဒဏ် ၂ နှစ်ကျခံရသူတွေလည်းရှိပါတယ်။
ထွက်သွားလိုက်တဲ့သတင်းသမားတွေကလည်း ယခုချိန်ထိ မပြန်လာနိုင်သေးပဲ ရောက်တဲ့နေရာ မှာ သတင်းအလုပ်ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အဲလိုနဲ့ အခုဆိုရင် ထိုင်နေကြ လက်ဘက်ရည်ဆိုင်လည်း နေရာပြောင်းရွှေ့ဖွင့်လှစ်လိုက်ပါပြီ။
"အေးသူငယ်ချင်း နေကောင်းတယ်နော်၊ ကျန်းမာရေး ဂရုစိုက်အုံး။ ဒီမှာငါတို့ထိုင်နေကြ လက်ဘက်ရည်ဆိုင်ကိုလွမ်းနေတာ သွားကြည့်တော့မရှိတော့ဘူးသူငယ်ချင်း တခြားနေရာပြောင်းသွားပြီ။ တစ်နေ့ပြန်ဆုံမယ် သူငယ်ချင်း။ ဘေးကင်းလုံခြုံ ပါစေကွာ" ဆိုပြီး စာရေးသူ ရဲ့လုပ်ဖော်ကိုင်ဖက်ရဲ့ မက်စေ့ဘောက်မှာ စကားချန်ထားခဲ့တာတွေ့တော့ မျက်ရည်မထိန်းနိုင်ပဲ အလိုလိုကျခဲ့မိတာအမှန်ပါ။
စာရေးသူတို့ဖွဲ့စည်းခဲ့တဲ့တောင်ကြီး သတင်းထောက်များအသင်းရဲ့ နာယကကြီး သတင်းစာဆရာ ဦးသန်းဝေ ကလည်း အာဏာသိမ်းပြီးနောက် တစ်နှစ်အကြာမှာ ၉၆ ပါးလူကြီးရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်။ အဲအချိန် သတင်းသမားတွေလည်း တစ်ယောက်တစ်နေရာ ရောက်ကုန်လို့ နာရေးတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။
သတင်းသမားအချင်းချင်း လူမှုရေးတွေကို ဝိုင်းကူဖို့မလုပ်နိုင်တော့ဘူး။ သတင်းသမားအချင်ချင်း ချိတ်ဆက်မှုတွေလည်းပြတ်တောက်ခဲ့ရပါတယ်။
စာရေးသူတို့ အသင်းသားအနေနဲ့ ဘာမှမကူညီနိုင်တော့တဲ့အပြင် မိမိကိုယ်မိမိ လုံခြုံရေးကလည်း အမြဲသတိနဲ့နေရတာမို့ စိတ်မကောင်းတာမှတပါး ဘာမှမလုပ်နိုင်ခဲ့ပါ။
နိုင်ငံရေးရဲ့ ဓမ္မနဲ့ အဓမ္မအကြားမှာ သတင်းသမားအများစုက ဓမ္မ ဘက်ကိုလိုက်သွားကြတာ။ ဒီနိုင်ငံရေးပဋိပက္ခ ဘယ်တော့မှငြိမ်းချမ်းမှာလဲ။ ဘယ်တော့မှ အရင်လို အမြဲဆုံခဲ့တဲ့သူတွေနဲ့ ပြန်ဆုံရမလဲ။ ဘယ်တော့မှ အရင်အခြေအနေကိုပြန်ရောက်မှာလဲ တွေးရင်းတွေးရင်းနဲ့ပဲ။ အဝေးတစ်နေရာစီရောက်နေကြလို့ နေကောင်းကျန်းမာပါစေလို့ပဲအမြဲဆုတောင်းနေခဲ့ရတာပေါ့လေ။
စစ်အုပ်ချုပ်ရေးအောက်မှာ တရားဥပဒေ မရှိ ဖမ်းချင်တဲ့သူကိုဖမ်း၊ တပ်ချင်တဲ့ပုဒ်မတွေတပ်ပြီး ထောင်ချနေကြတာ။ သတင်းသမားတွေရဲ့ ဘဝလုံခြုံရေးဟာ အလွန်အရေးပါအရာရောက်ခဲ့ပါပြီ။ တိုင်းပြည်ငြိမ်းချမ်းတဲ့တစ်ချိန် သတင်းသမားအချင်းချင်း စုစုစည်းစည်းနဲ့ ပြန်ဆုံမယ်လို့မျှော်လင့်ရင်းနဲ့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်ကို လွမ်းနေရပါတယ်။
ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။