လုံခြုံရေးအရ စစ်ဆေးတာတွေက မလုံခြုံမှုတွေဖြစ်နေ

လုံခြုံရေးအရ စစ်ဆေးတာတွေက မလုံခြုံမှုတွေဖြစ်နေ

မြန်မာနိုင်ငံအလယ်ပိုင်း

စာရေးသူသည် မြန်မာနိုင်ငံအလယ်ပိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

ကျွန်မကမြို့ပေါ်မှာနေထိုင်သူပါ။ မြို့အတွင်း လူစည်ကားရာနေရာတွေနဲ့ လမ်းဆုံလမ်းခွလိုနေရာတွေမှာ သဲအိတ်တွေကို ဘန်ကာသဘောမျိုးဆောက်လုပ်ပြီး ပြည်သူဘက်ကို သေနတ်အရံသင့်ထောင်ထားတာတွေ လုပ်ပါတယ်။

စစ်ကောင်စီဟာ ဇွန်လလောက်ကစပြီး သူ့အမှုတွေမှာ တရားခံ မမိဘူးဆိုရင် နီးစပ်ရာလူနဲ့ မင်္သကာဘူးလို့ ထင်တဲ့ ပြည်သူတွေကို ဖမ်းခေါ်တာတွေ လုပ်တာဟာ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။ အခုချိန်အထိ ဒီစစ်ဆေးရေးဂိတ်အခြေအနေက မပြောင်းပါဘူး။
 
စစ်ဆေးရေးလုပ်တာလည်း ပိုပြီးတော့တောင်တင်းကြပ်ပါတယ်။ တစ်ခြားမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ တောင်ကြီးတွေမှာဆို မြို့ဝင်မြို့ထွက်က ဂိတ်တွေမှာဆိုရင် အမျိုးသမီးတွေကို စစ်ဆေးတာ ရင်သားတွေဘာတွေပါ ပွတ်သပ်ခံရတဲ့အပြင်၊ ဓားထောက်ပြီး အစစ်တာမျိုးတွေပါ အသိထဲက ကြုံနေရ တာတွေ ရှိပါတယ်။ အာဏာကို အလွှဲသုံးစားလုပ်တဲ့ သဘောမျိုးတွေပေါ့၊

စစ်ကိုင်းတိုင်းနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ လူသတ်တာ ရွာလုံးကျွတ်မီးရှို့တာတွေရှိသလို မြို့ပေါ်တွေမှာလည်း ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ မလုံခြုံအောင် နည်းလမ်းပေါင်းစုံနဲ့ ကြောက်လာအောင် လုပ်နေတာပါ။

ဒီလိုဖြစ်စဉ်တွေ မကြာခဏဆိုသလိုဖြစ်လာတော့ အစတည်းက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတဲ့ ကျွန်မအတွက်တော့ အပြင်ထွက်လို့ လူတွေ ရုပ်ရုပ်သဲသဲ ဖြစ်နေတာတွေ့လို့ နောက်ပြန်ဆုတ်ပြီး ရှောင်လိုက်ရင်တောင် ကိုယ့်ကိုများ လာဖမ်းနေမလားဆိုတဲ့ စိုးရိမ်စိတ် ထပ်ဖြစ်နေတတ်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ပိုလုပ်လာလေလေ  အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူမှန်သမျှ ပိုပြီး နာကျည်းလာလေလေပဲဖြစ်ပါတယ်။

“ဂျပန်ခေတ်တုန်းကတောင် အခုလောက်အခြေအနေမဆိုးဘူး။ မယုတ်မာကြဘူး။ အခုစစ်တပ်ရဲ့ လုပ်ရပ်တွေက ဂျပန် တွေထက်ကို ဆိုးနေတာ” လို့ အသက် ၈၀ ကျော်အရွယ် အဖွားက ကျွန်မကိုပြောပြပါတယ်။

စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဟာ ပြည်သူတွေကို အကြောက်တရားစိတ်ရိုက်သွင်းပေးဖို့နဲ့ နိုင်ငံရေး စိတ်မဝင်စား စေချင် တာပါပဲ။ ဒါကြောင့်လည်း နိုင်ငံရေးလုပ်တာကို ပိတ်ပင်ပြီး ရပ်ကွက်တွေ မြို့ရဲ့ အစွန်အဖျားတွေမှာ လောင်းကစားဝိုင်းတွေဖြစ်တဲ့ ကြက်ဝိုင်း၊ ဂျင်ဝိုင်း အစရှိတာတွေကိုတော့  တရားဝင်ခွင့်ပြုပေးထားပါတယ်။

မနှစ်နှစ်လယ်လောက်တုန်းက ပဲခူးတိုင်းအတွင်းမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး လမ်းဘေး ကွမ်းယာဆိုင် ထိုင်နေတဲ့ အချိန် နာဖူးကျည်ဖောက်ခံရပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူးသေဆုံးပြီး နောက်ရက်မှာ ဒေသခံပြည်သူ ဆယ်ဦးကျော်ကို စစ်ကောင်စီဘက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်။

“ညီမအဖေကိုဖမ်းတာ ညီမထင်တာတော့ သူ့သမီးနှစ်ယောက်စလုံးက CDM လုပ်ထားတော့ ဒါတွေနဲ့ ဆက်စပ်ပြီး ဖမ်းတယ် ထင်တာပဲ။ အဖေဆို အသက်လည်းကြီးပြီ ရောဂါ အခံလည်းရှိတယ်။ ဖြစ်တဲ့နေရာနဲ့လည်း အဝေးကြီးကို လာဖမ်းသွား တာ”လို့ အဲ့ဒီအုပ်ချုပ်ရေးမှူးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ အဖမ်းခံလိုက်ရတဲ့ ပညာရေးဌာနက CDM လုပ်ထားတဲ့ ကျောင်းဆရာမက ကျွန်မကို ပြောပြပါတယ်။

ဒီလိုဖြစ်စဉ်တွေက မြို့တိုင်း၊ နယ်တိုင်းမှာ ခပ်စိပ်စိပ်ဖြစ်နေတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။

လမ်းသွားလမ်းလာတွေကိုလည်း ဆိုင်ကယ်နဲ့ သွားရင် ဆိုင်ကယ်နောက်ဖုံးတွေလှန်ပြီး စစ်ဆေးတာ၊ ကားနောက်အဖုံးတွေလှန်ပြီး စစ်ဆေးတာအပြင် တစ်ခါတစ်ရံ ဖုန်းတွေပါယူပြီး စစ်ဆေးတာတွေအထိ လုပ်နေတဲ့အတွက် ပြည်သူတွေ အပြင်ထွက်မယ်ဆိုရင် လက်ကိုင်ဖုန်းကို ယူမသွားတော့ဘဲ အိမ်မှာထားခဲ့တာမျိုး လုပ်လာသလို ကိုယ်ကိုကိုင်လည်း အပြင်ထွက်ရင် လက်ကိုင်ဖုန်းကို အိမ်မှာပဲ ထားခဲ့တာ အကျင့်တစ်ခုလိုတောင် ဖြစ်နေပါပြီ။

ဒါ့အပြင် NUG အစိုးရကို ထောက်ခံသူလို့ ကျော်ဇောနာမည်ထွက်တဲ့သူကို ပစ်မှတ်တာ ဖမ်းဆီးတာ ရှိသလို CDM လုပ်ထားတဲ့သူတွေကိုလည်း ဖိအားပေးစောင့်ကြည့်တာတွေ လုပ်ပြီး ဒလန်ဆိုတဲ့သူတွေက ရဲတွေကို လက်တို့လိုက်တာနဲ့ (မှတ်ချက်ပေးလိုက်တာနဲ့) တစ်ခါ ထဲဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိနေပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရသူတွေက အနည်းဆုံးတော့ နှိပ်စက်ခံရပြီး ကံမကောင်းရင်  တရားခံလို့ စွပ်စွဲခံရပြီး ထောင်ထဲဝင်ရတာတွေလည်း ရှိနေပါတယ်။

ထောင်မချလို့ပြန်လွတ်လာတဲ့သူတွေဆီကလည်း ငွေကြေးတောင်း ခံတာတွေ လည်း ရှိနေပါတယ်။ ရဲတွေကလည်း ပြည်သူတွေ ဖမ်းဆီးခံရတာတွေ များလေလေ ကျန်ခဲ့တဲ့ မိသားစုဝင်တွေဆီက ငွေညှစ်လို့ ပိုကောင်းတဲ့ အခြေအနေ။

“အစ်မဆို အာဏာသိမ်းတဲ့နေ့ကတည်းက CDM လုပ်ထားတာဆိုတော့ အခုဆို အပြင်ထွက်ရင်တော်တော် သတိထားရတယ်။ ဘာလို့လဲဆိုတော့ နောက်ယောင်ခံလိုက်တာတွေ ရှိနေတယ်။ အိမ်ထဲမှာနေတာတောင် မလုံခြုံသလို ဖြစ်နေတော့ တစ်ခါတစ်လေ နယ်ဖက်မှာ ရှောင်နေရတာလည်းရှိတယ်” လို့ ကျန်းမာရေးဌာနက အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ကျွန်မကို ပြောပါတယ်။


သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိနေသည့် အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦးမှ အနုပညာလက်ရာဖြစ်သည်။