မိခင်နဲ့ ကလေးတွေရဲ့ ဆုံးရှုံးမှုများ 

မိခင်နဲ့ ကလေးတွေရဲ့ ဆုံးရှုံးမှုများ 

Kayah

စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

တိုက်ပွဲကာလအတွင်း တောတောင်ထဲမှာ စစ်ဘေးရှောင်ရင်း ကိုယ်ဝန်ဆောင် မိခင်သည်တစ်ဦးနဲ့လည်း ဆုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီ အချိန်က ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်  ဇွန်လလောက်မှာပဲ ကယားပြည်နယ် ဒီးမော့ဆိုမြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာပါ။

လူတွေအားလုံး တောတောင်ထဲမှာ ရှောင်တိမ်းနေကြတဲ့ အချိန် လုံခြုံမယ်ထင်တဲ့ တောင်စောင်းတနေရာမှာ ခဏတာအတူနေခဲ့ကြပါတယ်။ သူမကို မအေးလို့ပဲခေါ်ကြပါစို့။ ကရင်နီနံမယ်အရင်း ကိုတော့ သူ့လုံခြုံရေးအတွက်မပြောလိုပါ။ သူမက အဲဒီတုန်းက ကိုယ်ဝန်ရင့်မာနေပြီး မီးဖွားဖို့လည်းနီးနေတဲ့ အချိန်ပါ။

သူမအမျိုးသားကလည်း သူမနဲ့အတူ တောတောင်ထဲမှာ ခိုနားနေဖို့ တဲအိမ်လေးတွေ စားစရာတွေ အမိုးတွေ အကာတွေ လုပ်ပေးနေတာတွေတွေ့ခဲ့ရပါတယ်။ သူမ မီးဖွားဖို့ အနီးစပ်ဆုံး ဆေးရုံဆေးပေးခန်းမရှိတဲ့အတွက် စိတ်ပူပန်နေခဲ့ကြရှာပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက တောတောင်ထဲကနေ မအေးတို့နဲ့ အတူဆက်မနေတော့ပဲ နယ်စပ်တောဘက်ကို ခရီးရှေ့ဆက်ခဲ့တဲ့နောက်မှာတော့ စဲမယ်တို့ မိသားစုနဲ့ မတွေ့တော့ပါဘူး။ ၆ လလောက်ကြာပြီးတဲ့ နောက်မှာတော့ မအေးကို ထိုင်း၊ ကရင်နီနယ်စပ် ဒုက္ခသည်စခန်းမှာ အမှတ်မထင်ပြန်တွေ့လိုက်ရပါတယ်။ အဲဒီမှာ သူမကို တွေ့တော့ ကလေးကော မွေးသွားပြီလား ၊ ဘာလေးမွေးလဲပေါ့ ကလေးတွေရဲ့ အခြေအနေကို မေးလိုက်တယ်။

အဲဒီမှာ သူမ ဘာမှမပြောပဲ မျက်ရည်တွေ ဝဲတက်လာပြီး ငိုချလိုက်ပါတော့တယ်။ ကျွန်မဘာမှန်းမသိပဲ ဆက်မမေးရဲတော့ပါဘူး။ သူမ အရမ်းကိုခံစားနေရတာကို မြင်တွေ့ခဲ့ရပါတယ်။ သူမက သူတို့ရဲ့ တဲအိမ်ထဲပြေးဝင်သွားပြီး ကျွန်မကို လုံးဝ စကားပြန်မပြောနိုင်တော့ပဲ ငိုနေရှာပါတယ်။

အဲဒီချိန် သူမအမျိုးသားပြောတာက သူတို့မှာ အမွှာသားလေးနှစ်ယောက်မွေးခဲ့ပြီး ကလေးတွေက တောထဲတောင်ထဲမှာပဲ ဆေးဝါးလုံလုံလောက်လောက်ကုသခွင့်မရခဲ့ကြလို့ ဆုံးပါးသွားရတာကို ရှင်းပြပါတော့တယ်။

သူတို့ကလေးတွေကို တိုက်ပွဲဖြစ်နေချိန်အတွင်း အဲဒီတောထဲမှာပဲ နီးစပ်ရာ ရွာတစ်ရွာမှာ အရပ်လက်သည်နဲ့ မွေးခဲ့ကြရပါတယ်။ ဆေးရုံဆေးခန်းရှိတဲ့ မြို့ပေါ်တက်ဖို့ အဲဒီအတောအတွင်း တိုက်ပွဲကာလဖြစ်နေတာမို့ သွားလာဖို့ခက်ခဲခဲ့ကြတယ်လို့ဆိုပါတယ်။ တောတောင်ထဲမှာပဲ နယ်လှည့်ကျန်းမာရေးဝန်ထမ်းတွေနဲ့ တတ်နိုင်သလောက် ဆေးကုသခဲ့ကြသေးတယ်လို့ဆိုပါတယ်။

ကလေးတွေ မွေးဖွားပြီးနောက်မှာ ကလေးတွေက အဖျားဝင်ပြီး ဆေးကုသဖို့ ဆေးဝါးမလုံလောက်တာတွေ နေရာထိုင်ခင်း အမိုးအကာတွေကအစ မလုံခြုံတာတွေကြောင့် အခုလို ဆုံးရှုံးလိုက်ရတာလို့ သိလိုက်ရပါတယ်။ စစ်ပွဲဖြစ်နေတဲ့ကာလမို့ လိုက်ပို့ပေးနိုင်တဲ့သူတွေ အကူအညီလိုက်တောင်းခဲ့ကြပေမယ့်လို့ ဘယ်သူမှ လမ်းမတွေပေါ် မဖြတ်သွားရဲခဲ့ကြဘူးလို့ဆိုပါတယ်။

မြို့ပေါ် သွားလာတဲ့သူတွေကိုလည်း အဲဒီတုန်းက စစ်တပ်ကနေ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ကြုံနေကြရတော့ သူတို့ရဲ့ မွေးကင်းစ အမွှာကလေးလေးကို ဆေးခန်းဆေးရုံသွားပြဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရတာပါ။

မအေးတို့နဲ့ပြန်ဆုံချိန် သူတို့ရဲ့ ကလေးတွေသတင်းသွားမေးမိတဲ့အချိန်မှာ  သူမကလေးတွေကို ပြန်ပြီးတမ်းတ သတိရမိလို့ ဝမ်းနည်းကြေကွဲရပြန်ပါတယ်။ သူမ ကလေးလေးတွေ ဆုံးရှုံးပြီးတဲ့နောက်မှာ မအေးက ကလေးအကြောင်း ပြန်ပြောရင် သူမ ရူးမတတ်အောင် ခံစားနေရဆဲပါ။

မအေးလိုပဲ စစ်ပွဲကာလအတွင်း တောထဲတောင်ထဲမှာ ဖြစ်သလို မီးဖွားခဲ့ကြရတဲ့ မိခင်တွေ တော်တော်များများ ကြုံနေရကြရပါတယ်။ CDM ပြုလုပ်သွားတဲ့ ရဲတစ်ဦးရဲ့ အမျိုးသမီးဆိုရင် သူ့အမျိုးသားနဲ့အတူ လိုက်ပြေးလွှားရင်း ကလေးပျက်ကျသွားခဲ့ရတာလည်းရှိခဲ့ပါတယ်။

နောက်ထပ် အသိမိတ်ဆွေထဲက စစ်ဘေးရှောင်ရင်း တခြားဝေးလမ်ခေါင်ပါးတဲ့ တောရွာမှာပဲ မွေးလနေ့ရက် မရောက်သေးပဲ မီးဖွားရခဲ့ပြီး ကလေးက လိုအပ်တဲ့ ဆေးဝါးကုသမှုမရခဲ့လို့ ဆုံးရှုံးလိုက်ရတာလည်း ကြုံခဲ့ဖူးပါတယ်။ မီးဖွားဖို့ခက်ခဲပြီး မီးတွင်းထဲမှာပဲ သေဆုံးသွားရတဲ့ မိခင်တွေလည်း ကြားနေရပါတယ်။

ဒီလို မိခင်နဲ့ ကလေးငယ်တွေ အဖြစ်ဆိုးနဲ့ကြုံတွေ့နေရတာတွေက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစစအရာရာ ဆုံးရှုံးနေကြရတာက အနာဂတ် လူသားမျိုးနွယ်အတွက် အများကြီးဆုံးရှုံးနစ်နာစေပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဒီကနေ့အချိန်ထိ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေချိန်မှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသက မိခင်နဲ့ကလေးတွေကတော့ ပုံမှန်ကာကွယ်ဆေးလည်းထိုးခွင့်မရကြသလို လုံလောက်တဲ့ အစာရေစာနဲ့ အစားအသောက်လည်း မရနိုင်တော့ပါဘူး။

မိခင်နဲ့ ကလေးငယ် ကာကွယ်စောင့်ရှောက်မှု အခွင့်အရေးတွေ ဆုံးရှုံးနေကြရပါတယ်။ ဒီလို ဒုက္ခဆင်းရဲမှုတွေ ကြုံတွေ့နေကြရတဲ့ ကာလမှာ မိခင်းနဲ့ ကလေးငယ်တွေအတွက် အနာဂတ်လှပဖို့ မျှော်လင့်ချက်တွေက ဝေးနေဆဲပဲလို့ သုံးသပ်မိပါတယ်။
 

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။