သူငယ်ချင်းတစ်ယောက်အကြောင်း

သူငယ်ချင်းတစ်ယောက်အကြောင်း

Yangon

စာရေးသူသည် ရန်ကုန်တိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

 “…အဖမ်းခံလိုက်ရပြီ”

Signal ကနေ သူငယ်ချင်းတစ်ယောက်ဖုန်းခေါ်လာတယ်။ ပြီးတော့ ကျွန်မတို့သူငယ်ချင်း(,,,) ဖမ်းခံလိုက်ရပြီ ဆိုပြီး ရေးကြီးသုတ်ပြာပြောလာတယ်။ ကြားကြားချင်း အံ့ဩစိတ်နဲ့အတူ လူက ဟာခနဲ ဖြစ်သွားတယ်။ စိတ်ထဲက ခံစားချက်ကို မဖော်ပြတက်ဘူး။

ဖမ်းခံလိုက်ရတဲ့ သူငယ်ချင်းက ကျွန်မရဲ့သူငယ်ချင်းအရင်းကြီး။ သူအဖမ်းမခံရခင် ရက်ပိုင်းလေးအလိုကမှ အွန်လိုင်းက စကားပြောဖြစ်ကြသေးတယ်။ အပြင်မှာလည်း ခဏခဏဆုံဖြစ်တယ်။

သူအဖမ်းခံရတော့ သူ့အတွက်စိတ်မကောင်းဖြစ်ရ၊ စိတ်ပူရတာနဲ့တစ်ပြိုင်နက်တည်းမှာ ကျွန်မလုံခြုံရေးအတွက် လည်းစိတ်ပူလာရတော့တယ်။ ဘာလို့လို့လဲဆိုတော့ သူ့အမှုကိုလိုက်ကူညီပေးတဲ့ သူငယ်ချင်းကပြောတယ် သူ့ကို ၅၀၅ (က) နဲ့တရားစွဲထားတယ်တဲ့။

ပြီးတော့ သူနဲ့ပတ်သတ်လို့ ဆက်စပ်ပြီးရောက်လာဖြစ်ခဲ့သော် ကျွန်မကလည်း လက်ရှိသတင်းထောက်လုပ်နေတုန်း ဆိုတော့ ထပ်တိုးတရားစွဲလို့ရနေပြန်ရော။

သူနဲ့ကျွန်မက သတင်းထောက်စလုပ်လုပ်ချင်း ဌာနတစ်ခုတည်းအတူတူဝင်ခဲ့ကြတဲ့သူတွေဆိုတော့ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပဲ။ ကျွန်မက အဲဒီဌာနကနေ ထွက်ပြီး အခြားဌာန ၂ ခုလောက်ပြောင်းလုပ်ချိန်အထိ သူက အဲဒီဌာနမှာ ကျန်ခဲ့ပြီးဆက်လုပ်နေတုန်းပဲ။ အာဏာမသိမ်းခင် အချိန်ကမှ သူအဲဒီဌာနကထွက်၊ မီဒီယာနဲ့ဆက်စပ်တဲ့ NGO တစ်ခုမှာအလုပ်ဝင်တာ။ သူက အမြဲ ပြုံးရွှင်နေတက်တဲ့သူ။

အာဏာသိမ်းပြီးတဲ့နောက် သူ့အလုပ်က ရပ်သွားတော့ သူလည်းအလုပ်လက်မဲ့ဖြစ်သွားတယ်။ အလုပ်တွေ ပြန်လိုက်ရှာရင်း အဆင်မပြေတာတွေကို ကျွန်မတို့ဆုံကြရင် သူရင်ဖွင့်လေ့ရှိတယ်။ သူက သူ့မိသားစု အဓိကဝင်ငွေရှာသူလိုဖြစ်နေတော့ အာဏာရှင်တော်လှန်ရေးမှာ သူလုပ်ချင်သလောက် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘဲ သူ့ကိုယ်သူ အားမလိုအားမရဖြစ်တဲ့အကြောင်းတွေ ကျွန်မနဲ့ဆုံတိုင်းအမြဲညီးတယ်။ ဒါပေမယ့် တကယ်တော့ သူကိုယ်တိုင်လည်း အကြောင်းအမျိုးမျိုးကြောင့် အာဏာရှင်တွေမြင်ကွင်းထဲကနေ အကြိမ်ကြိမ် တိမ်းရှောင်နေရတဲ့သူ။ ဒါပေမယ့် သူပါဝင်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဒီတော်လှန်ရေးမှာပါဝင်နေတယ်ဆိုတာကို ကျွန်မသိနေရတယ်။ သူအဖမ်းမခံရခင်ရက်ပိုင်းက ကျွန်မနဲ့ပြောဖြစ်တုန်းကတောင် တစ်ရက်ဆုံကြမယ်ဆိုပြီး ချိန်းထား သေးတယ်။ နောက်တော့ သူအဖမ်းခံလိုက်ရပြီဆိုတဲ့သတင်းပဲ ကြားရတော့တာပဲ။

ကျွန်မလည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်ရတယ်။ သူဘယ်လိုအနေအထားနဲ့ရင်ဆိုင်နေရပြီလဲ၊ စစ်ကြောမေးမြန်းခံနေရပြီလား၊ ပြီးတော့သူ့ဆီကရော ကျွန်မနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တခုခု များသိသွားကြပြီလား စသဖြင့် အတွေးမျိုးစုံနဲ့ စိတ်ပူပန်နေခဲ့ရတယ်။ သူကတဆင့် ငါ့ဆီကိုများလိုက်လာရင် ဘယ်လိုလုပ်မလဲဆိုပြီး သတင်းကြားကြားချင်း ညကဆို အိပ်လို့ကိုမရဘူး။

လက်ရှိနေရာကနေ ခနရှောင်နေရမလား ဆက်နေရမလား ဝေခွဲမရဖြစ်တယ်။ ဒီလိုရှောင်ရတာက ပထမဆုံးတော့မဟုတ်ဘူး၊ အရင်ကလည်း သတင်းတစ်ခုခုစိုးရိမ်စရာကြားရလိုက် တစ်ပတ် လောက် လုံခြုံမယ်ထင်တဲ့နေရာ သွားရှောင်ရလိုက်နဲ့၊ အခြေကျကျ နေရတယ်ကိုမရှိပါဘူး အာဏာ သိမ်းပြီး ကတည်းက။

ရှောင်ရင် ဒီအတိုင်း တစ်နေရာသွားနေလိုက်တာပေါ့ဆိုပြီး မလွယ်ဘူး။ ဘယ်မှာ နေမှာလဲ အိမ်ဌားရ မလား၊ တခြားအိမ်သွားနေရမလား၊ မိန်းကလေးတစ်ယောက်တည်း အခန်းတစ်ခန်းဌား နေရင်ကော လုံခြုံရေးက ရှိပြန်၊ အိမ်မှာဆက်နေနေလို့ တစ်ခုခုဖြစ်ခဲ့သော် ဘယ်လိုလုပ်မလဲဆိုပြီး အတွေး မျိုးစုံနဲ့ပေါ့။ တစ်ခါခါ ကိုယ်သွားရှောင်တဲ့နေရာမှာမှ ဧည့်စာရင်းလာစစ်တာမျိုးနဲ့ ကြုံရမလား စိုးရိမ်ရတာက ရှိသေးတယ်။ နောက်တော့ ကျွန်မရှောင်ဖို့ ဆုံးဖြတ်ပြီး လုံခြုံမယ်လို့ ထင်တဲ့ တစ်နေရာမှာ တစ်လနီးနီးလောက် သွားနေလိုက်တယ်။

တစ်လလောက်ကြာတော့ ကျွန်မသူငယ်ချင်းအမှုက နည်းနည်းငြိမ်သွားတယ်ပဲခေါ်မလား အမှုသစ် ထပ်မစွဲလောက်ဘူး လို့ပဲယုံရတဲ့အခြေအနေပြောရမလား ကျွန်မဆီအမှုမပတ်လောက်ဘူးလို့ ယူဆလို့ရတော့ အရင်နေရာကိုပြန်လာခဲ့တယ်။ အခန်းထဲက အလှဆင်ထားတဲ့မီးသီးလေးတွေ၊ အရုပ်လေးတွေကို အရင်လိုလည်း အာရုံမရှိတော့ပါဘူး။ ကျောပ်ိုး အိတ်ကို ခုံပေါ်ပစ်တင်ပြီး အရုပ်ကျိုးပျက်လှဲချလိုက်တော့တယ်။

တကယ်တော့ ဒီလိုအခြေအနေကြီးကို ကျွန်မအတော်လည်းပင်ပန်းနေပြီ။ အလုပ်လုပ်ရတာထက် အဲဒီလို စိုးရိမ် စိတ်နဲ့နေနေရတာကြီးက လူကို အကျဉ်းချထားသလိုပဲ။ ပုံမှန်သွားလာစားသောက်နေလည်း စိတ်ကလေးလံ နေတယ်၊။ အခုဆို ၂ နှစ်နီးပါးတောင်ရှိလာရောပေါ့။ ကြာတော့ ဒီလိုနေထိုင်မှုပုံစံကြီးက အသားကျသလို တောင်ဖြစ်လာပြီ။ ဘယ်တော့မှ ဒီလိုဘဝကြီးအဆုံးသတ်မလဲ။  

ကျွန်မသူငယ်ချင်းလည်း ထောင်ထဲမှာ အဆင်ကောပြေရဲ့လားမသိ။ နေကောင်းကျန်းမာတယ်ဆိုတဲ့ အပြင်က လူတွေကို စိတ်မပူစေမယ့်သတင်းစကားလေးတွေတော့ ကြိုကြားကြိုကြား သတင်းစကားပါးတတ်တယ်။ တကယ်တမ်း တော့ သူက ပထမဆုံးထောင်ထဲရောက်တဲ့ သူငယ်ချင်းလည်းမဟုတ်တော့ပြန်ဘူး။ သိတဲ့သူတွေ အဖမ်းခံရ၊ ထောင်ကျတာက တစ်စစ အရေအတွက်များလာတာက အပြင်မှာရှိနေသေးတဲ့ ကျွန်မစိတ်ကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေတယ်။ ကိုယ်နဲ့အတူ ခင်မင်ရင်းနီးခဲ့သူ တွေ ဘာအပြစ်မှမရှိဘဲ ထောင်ကျတန်း ကျဖြစ်နေတာတွေမြင်ရတော့ ကျွန်မလည်း အလုပ်လုပ်ရတာစိတ်မဖြောင့်ဘူး။

ပြီးတော့ အာဏာရှင်တွေအုပ်စိုးသ၍ ဘယ်သူမဆိုကြုံလာရနိုင်တဲ့အခြေအနေတွေကြားမှာ ကျွန်မသာ ဆိုရင်ဆိုတဲ့အတွေးကို ဆက်လည်းမတွေးရဲတော့ဘူး…။
 

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦး၏ အနုပညာလက်ရာဖြစ်သည်။