မဲထည့်နေတဲ့အချိန် ဗုံးပေါက်ရင်ဘယ်သူတာဝန်ယူမှာလဲ

မဲထည့်နေတဲ့အချိန် ဗုံးပေါက်ရင်ဘယ်သူတာဝန်ယူမှာလဲ

မြန်မာနိုင်ငံအလယ်ပိုင်း

စာရေးသူသည် မြန်မာနိုင်ငံအလယ်ပိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ မဲထည့်သင့်တယ် မထည့်သင့်ဘူး ဆိုတဲ့အကြောင်း အိမ်ထောင်ရှင်အမျိုးသမီးတစ်စု လက်ဟန်ခြေဟန်နဲ့ပါ စကားလက်စုံကြနေပါတယ်။

အလုအယှက် အခြေအတင်ပြောနေကြတာကတော့ တို့တွေမဲထည့်လိုက်ရင် အခုအခြေအနေတွေထက်ပိုဆိုး လာနိုင်တယ်ဆိုတာပါသလို မထည့်ဘဲနေရင်လည်း သူတို့(စစ်ကောင်စီဘက်ကသူတွေ)က အညိုးထားပြီး သူတို့မိသားစုဝင်တွေကို ဒုက္ခပေးလာနိုင်မလားဆိုတာမျိုး သူတို့အုပ်စုလေးပဲကြားရရုံ ခပ်တိုးတိုးပြော နေကြ တာပါ။

အဲ့ထဲက အမျိုးသမီးတစ်ယောက် ပြောလိုက်တာက “ကိုယ်မဲထည့်နေချိန် ဗုံးပေါက်တာတို့ ပစ်တာတို့နဲ့ကြုံ ရင်ဘယ်ပြေးလို့ ပြေးရမှန်းမသိဘူးလေ” တဲ့ ဒါမို့ သူကတော့ ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီက ရွေး ကောက်ပွဲလုပ်လည်း မဲမထည့်ဘူးဆိုတဲ့အကြောင်းကို ပြောလိုက်တာပါ။

ဒီအသက်အရွယ်ထိ မဲသုံးကြိမ်ပေးခဲ့ဖူးပြီး၊ မဲပေးခဲ့တဲ့အကြိမ်ရေတိုင်းဟာ လူတန်းစီရလို့ အချိန်ကြန့်ကြာ တာကလွဲရင် ဘာအကြောက်တရားမှ မရှိခဲ့ပါဘူး။ အခုကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို မဲသွားထည့် မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံခြုံမှုမရှိတာကြောင့် မဲပေးဖို့ စိတ်ကူးမရှိဘူးလို့ ဆိုတာပါ။

စကားစုပြောနေတဲ့ အိမ်ထောင်ရှင် အမျိုးသမီး ခြောက်ယောက်စလုံးက မဲမပေးဖို့အကြောင်းပဲပြော နေတာ တော့ မဟုတ်ပါဘူး။ သူတို့အဖွဲ့ထဲကပဲ အမျိုးသမီးတစ်ယောက်ကတော့ မဲပေးမှ သူတို့မိသားစုဘဝတွေ လုံခြုံမှာ ဆိုရင် လိုအပ်ရင် မဲထွက်ပေးရမှာပဲလို့ ပြောသူလည်းပါဝင်နေပါတယ်။

အာဏာကို မတရားသိမ်းယူပြီး နောက်ပိုင်းမှာ အခြေခံ စားသောက်ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန် တရိပ်ရိပ်မြင့်တက်နေတာဖြစ်တဲ့အတွက် ပြည်သူတွေဟာစားဝတ်နေရေး အကြပ်ဘေးကို ရင်ဆိုင် နေရချိန်မို့ ပြန်လည်ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲကို စိတ်ဝင်စားနိုင်တဲ့ အခြေအနေမရှိတဲ့ ပြည်သူတွေလည်း အများကြီး ရှိနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ အတန် တန်ထုတ်ဖော်ပြောထားပေမယ့် ဘယ်ရက်မှာ လုပ်မယ်ဆိုတာကိုတော့ တိတိကျကျပြော ဆိုထားတာ မရှိသေး ပါဘူး။

ဒါပေမယ့် စစ်ကောင်စီဟာ ဒီရွေးကောက်ပွဲမှာ သူတို့ပါတီ လုံးဝအနိုင်ရစေဖို့ စနစ်တွေ ဥပဒေတွေ ကိုပြင်ဆင် ခဲ့ပါတယ်။ အရင် လွတ်လပ်စွာ ကျင်းပတဲ့ တရားမျှတခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကွက်ကွက်လန်ရှုံးခဲ့တာမျိုး တွေ မဖြစ်အောင်လို့ လို့ အများပြည်သူတွေက သုံးသတ်ကြပါတယ်။

ဥပမာစစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဲအများဆုံးအနိုင်ရစနစ်ကနေ အချိုးကျကိုယ်စားပြု ( PR)  စနစ်ကို ပြောင်းပြီး ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

ဒါ့အပြင်နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကို ပြင်ဆင်ခဲ့ရာမှာလည်း ပါတီဝင်တစ်သိန်း၊ ငွေသိန်းတစ်ထောင် ရှိရ မယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် တစ်ချို့သောပါတီငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခက်အခဲနဲ့ ကြုံ တွေ့နေရပါတယ်။

“ပါတီစုံ ဒီမိုကရေစီဆိုတာ ပါတီစုံမှ ဒီမိုကရေစီဖြစ်မှာလေ။ မှတ်ပုံမတင်နိုင်တဲ့ပါတီတွေ၊မှတ်ပုံတင်ဖို့ ခက်ခဲနေ တဲ့ပါတီတွေ၊ ရွေးကောက်ပွဲကို စိတ်မဝင်စားတဲ့ပြည်သူတွေနဲ့ဆိုတော့ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရား မျှတမှုဘယ်မှာရှိမှာလဲ” လို့ လူငယ်တစ်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံး ဗုံးသံတွေ သေနတ်သံတွေ၊ စစ်ဘေးရှောင်တွေနဲ့ ရွေးကောက်ပွဲကိုဘယ်လိုကျင်းပမှာလဲ။ တကယ့် မြေပြင် အခြေအနေနဲ့ လွဲချော်နေတော့ ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေဆို တာမဖြစ်နိုင် တဲ့အခြေအနေ ပဲလို့ အထက်ပါ လူငယ်က ဆက်ပြောလိုက်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ခံနေရပြီး တိုင်းရင်းဒေသ တွေမှာဆိုလည်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီအနေနဲ့ နယ်မြေအားလုံးကို မထိန်းချုပ်နိုင်တာ ဟာ ပေါ်လွင်လှပါတယ်။

နိုင်ငံတစ်ဝှမ်းမြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက်စစ်ကောင်စီအနေနဲ့ ရာနှုန်းပြည့်ထိန်းချုပ်နိုင်တာက ၁၉၈ မြို့နယ် သာရှိပြီး လုံခြုံရေးနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၇ခု၊ ထိထိရောက် ရောက်ဆောင် ရွက်ရမယ့်မြို့နယ် ၆၅ ခုရှိတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် ဇန်နဝါရီ ၃၁ ရက်မှာ ပြုလုပ်တဲ့ ကာလုံ( ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီ) အစည်းအဝေးမှာ ဝန်ခံပြောဆိုထားပါတယ်။

ဒီလိုအခြေအနေတွေရှိနေပေမယ့် စစ်ကောင်စီဟာတိုင်းဒေသကြီး ပြည်နယ်အချို့မှာ မဲစာရင်း မှန်ကန်မှုရှိရေး အတွက် သန်းကောင်စာရင်း( လူဦးရေစာရင်း) ကောက်ခံမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

“မဲပေးရင် စာရင်းမှန်အောင်လို့ဆိုပြီး အိမ်ထောင်စုစာရင်း အသစ်လဲပေးတယ်။ မရှိတဲ့သူတွေကိုလည်း အသစ်လုပ်ပေးတယ်”လို့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းဒဏ်ကို အလူးအလဲခံနေရတဲ့ အိမ်ထောင်ရှင်မတွေထဲမှာ ကျွန်မကိုယ်တိုင် ပါဝင်နေတဲ့အတွက် ကုန်ဈေးနှုန်းကို ထိန်းချုပ်ပေးနိုင်ပြီး ပြည်သူတွေ တင်မြှောက်တဲ့ အစိုးရ တစ်ရပ်ကိုသာ အမြန်ဆုံးလိုချင်တာတော့ အမှန်ပါပဲ။

အာဏာသိမ်းအစိုးရဟာ လူမဆန်စွာသတ်ဖြတ်မှုတွေ၊ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်တာတွေကို မကြိုက်တဲ့အတွက် ဒီလိုကာလမျိုးမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်တယ်ဆိုရင်တောင် ကျွန်မကိုယ်တိုင်လည်း မဲ ပေးမှာတော့ မဟုတ်ပါဘူး။

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦး၏ အနုပညာလက်ရာဖြစ်သည်။