စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
ထိုင်း-ကရင်နီနယ်စပ် စစ်ရှာင်စခန်း၊ ၂၀၂၃ ဇူလိုင် ၁၂ ရက် ညသန်းခါင်။
“အိပ်မယ်ဆိုရင် သတိနဲ့ အိပ်ကြနော။ နားစွင့်ထားလို့ ကလေးအဖေကို ကျွန်မပြောထားတယ်။ လေယာဉ်လာမယ်ဆိုရင် ကျွန်မက အငယ်တစ်ယောက်ကို ခေါ်မယ်။ အကြီးတစ်ယောက်ကို ခေါ်သွားပေးနော်။ တခြားဘာမှ မယူနဲ့တော့ ကလေးတွေကိုဆွဲပြီး ဗုံးခိုကျင်းထဲ ပြေးပုန်း အဲ့ဒီလိုပဲလုပ်ကြမယ်နော် ဆိုပြီးတော့ ပြောထားတယ်” လို့ မေရီက ပြောပါတယ်။
“လေယာဉ်လာမယ်ဆိုရင် ချက်ချင်း ဗုံးခိုကျင်းထဲပြေးပုန်းနော ဖိနပ်တွေတောင် မစီးနဲ့တော့ ဆိုပြီးတော့ သူ့ကို (သူမရဲ့သား) သင်ပေးထားတယ်” လို့ မေရီက စစ်ရှောင်အိမ်ဘေးမှာ တူးထားတဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းဖို့ အသက် ၇ နှစ်အရွယ်သားလေးကို ရည်ရွယ်ပြီးပြောပါတယ်။
မယ်ရီဟာ အာဏာမသိမ်းခင်က လွိုင်ကော်က မူလတန်းကလေးတွေကို စာသင်ကြားပေးနေတဲ့ အစိုးရပညာရေးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။
သူမရဲ့ခင်ပွန်းမှာသာမန်တောင်ယာလုပ်ငန်းတွေကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ CDMပြုလုပ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
တစ်နေ့စစ်ရှောင်စခန်းတစ်ခုမှာ သတင်းယူဖို့နဲ့ အကူအညီပေးဖို့သွားရင်း မထင်မှတ်ပဲ ငါးနှစ်ကျော်ကြာရင်းနှီးခင်မင်ခဲ့တဲ့ သူငယ်ချင်းမိသားစုနဲ့ တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။
“အဲဒီကို မရောက်ခင်တုန်းကဆိုရင် ကျွန်မတို့တွေးတယ်။ ပိုလုံခြုံတယ်ပေါ့နော်။ ပိုလုံခြုံတော့ ကျွန်မတို့ကလေးကို ကျောင်းတွေတက်ခိုင်းစေချင်တယ်။ သူတို့ကျောင်းတက်ပြီး စာတွေသင်ယူနိုင်မယ်လို့ အဲဒီလိုရည်မှန်းထားတာ။ ဒါပေမယ့် ကျွန်မတို့ရောက်တော့ မလုံခြုံဘူး” လို့ မေရီကတော့ တုန်ရီနေတဲ့ အသံနဲ့ ဖွင့်ဟပြောပြလာခဲ့ပါတယ်။
၂၀၂၁စစ်တပ်အာဏာသိမ်းပြီးနောက်တခြားပြည်နယ်မှာရှိတဲ့သူငယ်ချင်းသတင်းထောက်တစ်ယောက်ကိုစစ်ကောင်စီကဖမ်းဆီးပြီးထောင်ချခဲ့ပါတယ်။အဲဒီသတင်းကြောင့်ကျွန်မလည်းအိမ်မှာနေပြီး သတင်းမယူနိုင်တော့ပဲ တစ်ရက်ကို နေရာတစ်ခုစီ ပြောင်းရွေ့ပြီး ညအိပ်တာတွေ သတင်းရေးသားတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုကနေ အာဏာသိမ်းပြီး ၃ လကျော်အကြာ မေလ ၂၁ ရက်နေ့မှာတော့မိဘတွေနေတဲ့အိမ်နဲ့ ဆိုင်ကယ် ၁၀ မိနစ်အကြာမောင်းသွားရတဲ့ နေရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ရာကစပြီး ကျွန်မရဲ့ မိသားစုလည်း စစ်ရှောင်ဘဝကို နေ့ချင်းတွင်း ရောက်ရှိသွားခဲ့ပါတယ်။
အခုတော့နယ်စပ်တစ်နေရာမှာနေထိုင်ပြီး ကရင်နီမှာဖြစ်ပျက်သမျှ နေ့စဉ်သတင်းတွေကို အခက်ခဲကြားက ကြိုးစားတင်ဆက်နေဆဲပါ။ လက်ရှိမှာ ကျွန်မအနေနဲ့လူမျိုးမတူတဲ့လူတွေ စုပေါင်းနေထိုင်တဲ့ စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်ပြီး သတင်းရေးသားရတာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။
ဒီလိုအခြေအနေတွေထဲကနေ အခုချိန်ထိ ကျွန်မရေးသားနေတဲ့ ကရင်နီပြည်ကသတင်းတွေဟာ နေ့စဉ်နီးပါး တိုက်ပွဲအကြောင်းနဲ့ အရပ်သားသေဆုံးမှုသတင်းတွေဖြစ်လို့ တခါတရံမှာ သတင်းဆိုးတွေ ဆက်တိုက် ရေးသားဖော်ပြရတဲ့အချိန် စိတ်ဖိစီးတာတွေလည်း ကြုံခဲ့ရပါတယ်။
မမျှော်လင့်ပဲ ရောက်သွားတဲ့ အဲဒီနေ့ဇူလိုင်လ၁၂ ရက်နေ့က လူအုပ်ကြီးထဲမှာ မယ်ရီရဲ့အမျိုးသားက ကျွန်မကို လာနှုတ်ဆက်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့မိသားစုဝင်တွေရှိတဲ့နေရာကိုခေါ်သွားပြီး မေရီတို့မိသားစုနဲ့ ပြန်ဆုံခွင့်ရခဲ့ပေမယ့် အဆင်မပြေမှုများစွာကိုတွေ့ရတော့ ဘယ်လိုနှစ်သိမ့်ရမှန်းမသိခဲ့ပါဘူး။ ဒါနဲ့သူ့ရဲ့ရင်ဖွင့်သံကိုပဲ ကျွန်မအလေးထား နားထောင်ပေးခဲ့ပါတယ်။ သူနဲ့တစ်နေရာမှာ ထိုင်ရင်း ညတစ်ညမှာ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို နှစ်နာရီကြာ အဆက်မပြတ် မရပ်မနား ပြောပြခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ လွိုင်ကော်မြို့ဇာတိ မေရီကတော့ ၃ နှစ်အရွယ်နဲ့ ၇ နှစ်အရွယ် သားနှစ်ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားတဲ့အတွက် မေရီနဲ့ သူမိသားစုဟာ မေလ ၂၀၂၁မှာ စစ်ရှောင်စခန်းတစ်ခုကို ရောက်သွားတယ်။ ဒါပေမယ့် စစ်ရှောင်စခန်းတွေကိုတောင် အလွတ်မပေးပဲ ဗုံးကြဲတိုက်ခိုက်မှု တွေ လုပ်ခဲ့တဲ့အတွက် လူထိခိုက်မရှိခဲ့ပေမယ့် ဆေးခန်းတွေ ကျောင်းတွေတော့ မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီတော့မေရီနဲ့ သူတို့မိသားစုက နောက်တစ်နေရာကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းမှာ လေကြောင်းဗုံးကြဲမှုဒဏ်တွေကနေ ပိုမိုကင်းလွှတ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီစစ်ရှောင်စခန်းကို မေရီတို့မိသားစု ဧပြီလပထမပတ်မှာ ရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့နဲ့ အတွေးနဲ့ မညီခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနယ်စပ်က စစ်ရှောင်စခန်းကိုတောင်ဒီဗုံးကြဲတိုက်ခိုက်မှုက ဇူလိုင်လ ညတစ်ညမှာ မေရီတို့ဆီ ရောက်လာခဲ့တယ်လေ။
အိပ်မောကျနေတဲ့ မေရီတို့မိသားစုဟာ စက္ကန့်ပိုင်းသာကြာတဲ့ ပထမအကြိမ်ဗုံးကြဲမှုကို ကြားရုံသာ ကြားခဲ့ရပြီး ပြေးပုန်းဖို့ အချိန်မရခဲ့ကြပါဘူး။
သို့ပေမယ့် စက္ကန့်ပိုင်းသာကြာတဲ့ အခုညဗုံးကြဲမှုက မေရီအတွက် ကလေးကိုပွေ့ချီတဲ့အဆင့်အထိသာ လက်လှမ်းမှီခဲ့ပါတယ်။ အချိန်အနည်းငယ်အတွင်းမှာပဲ မေရီတို့နဲ့ မလှမ်းမကမ်းက အထက်တန်းလွန် စာသင်ကျောင်းတစ်ခု ပစ်မှတ်ထား ဗုံးကြဲခံရခဲ့တာပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မေရီတို့ ကရင်နီမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့ရာက စပြီး စစ်တပ်ဟာ လေယာဉ်တွေနဲ့ ညအချိန်မတော်တွေမှာ အရပ်သားနေ အဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီအတွေ့အကြုံအရ အခုဒီညမှာလဲ မေရီ အနေနဲ့ ဒုတိယအကြိမ်လာရောက်ဗုံးကြဲနိုင်တယ်လို့ ကြိုတင်ခန့်မှန်းခဲ့ပြီး ဗုံးခိုကျင်းကို အရောက်ပြေးခဲ့ကြပါတယ်။
မေရီရဲ့မှန်းဆချက်ဟာမမှားခဲ့ပါဘူး။ မိနစ်ပိုင်းအကြာမှာပဲ အဲဒီစာသင်ကျောင်းကိုပဲ ဒုတိယအကြိမ် လာရောက်ဗုံးကြဲခဲ့ပါတယ်။ လူနေထိုင်ခြင်းမရှိတဲ့အဲဒီကျောင်းဆောင်ဟာ အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားခဲ့ပါတယ်။ မေရီတို့နေတဲ့စစ်ရှောင်စခန်းကို အဲ့ဒီတစ်ညတည်းမှာပဲ မိနစ်ပိုင်းသာခြားပြီး ၅ကြိမ်တိတိ လာရောက်ဗုံးကြဲခြင်းခံခဲ့ပါတယ်။ ဆေးခန်း၊ စာသင်ကျောင်းနဲ့ ကတ်သလစ်ဘုရားကျောင်း အဆောက်အအုံတို့ဗုံးကြဲခံခဲ့ရပါတယ်။ ဗုံးကြဲခံရတဲ့ အချိန်ကစ မနက် ၄ နာရီအထိ ဂူထဲမှာပဲ နေခဲ့ကြရပါတယ်။ မေရီတို့ချည်းပဲမဟုတ်ပါ။
“သူတို့ လာပစ်တော့ ကျင်းထဲ ပြေးပုန်းကြတယ်။ နောက်ထပ် ပစ်မာစိုးလို့ ကျနော်တို့ ဂူထဲ ထပ်ပြေးပုန်းတယ်။ ကျနော်တို့ တအားကြောက်တော့ အခုထိ စိတ်ထဲ မကောင်းဘူး။ ကျွန်တော်တို့ ဂူထဲသွားနေတဲ့နေရာက အေးလည်းအေးတယ်။ ပြီးတော့ ရေစိမ့်ကျတယ်လေ။ တအားအေးတယ်” လို့ မေရီတို့လိုပဲ ကရင်နီက စစ်ပြေးတွေက ဆိုပါတယ်။
ဗုံးကြဲမှုဖြစ်စဉ်ကြောင့် စစ်ရှောင်တွေမှာ အဲဒီမှာမနေရဲတော့ပဲ ချက်ချင်းထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားသူတွေလည်းရှိခဲ့ပါတယ်။
နောက်ထပ်ယာယီစခန်းတစ်ခုမှာ ရောက်နေတဲ့ မယ်ရီအနေနဲ့တော့ကလေးတွေရဲ့ အိပ်မက်လှလှ မမက်နိုင်တဲ့ ညတွေ ကုန်လွန်ပါစေလို့ ဆုတောင်းနေပါတယ်။
ယာယီနေထိုင်ခွင့်သာဖြစ်တဲ့အတွက် မေရီကတော့ အရင်စစ်ရှောင်စခန်း ပြန်နေခိုင်းမှာကို စိုးရိမ်နေပါတယ်။
“သွားပြန်နေမယ်ဆိုရင်လည်း စိတ်က ဘယ်တော့မှ လုံခြုံမှာ မဟုတ်တော့ဘူး။ လေယာဉ်ကျွန်မတို့ဆီ ဘယ်အချိန်ပြန်လာမလဲ။ ညအချိန်မှာ စိတ်ချလက်ချအိပ်နိုင်မှာမဟုတ်ဘူး။ လေယာဉ်သံကိုပဲ နားစွင့်ထားရမယ် ဆိုတော့ အဲဒီနေရာကို ပြန်သွားမနေချင်တော့ဘူး။ အကုန်လုံးက” လို့ မေရီ က စိုးရွှံ့ထိတ်လန့်စွာနဲ့ ပြောလာပါတယ်။
ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ ပံ့ပိုးကူညီပေးနေပါသည်။