စာရေးသူသည် ကရင်ပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
၂၀၂၂ နှစ်ကုန်ပိုင်းမှာ KNU လက်အောက်ကတပ်မဟာ ၇ နယ်မြေ ထဲ က စစ်စခန်းဘက်ကို သတင်းကိစ္စအချို့နဲ့ ကျနော်သွားခဲ့တယ်။ အဲဒီက စစ်သင်တန်းကျောင်းမှာ ထူးထူးခြားခြား ဆိုတာထက် မှတ်မှတ်ရရ အစ္စလမ် အမျိုးသမီးငယ်တစ်ယောက်ကို တွေ့ခဲ့ပါတယ်။
သူမ က PDF ရဲဘော် အစ္စလမ် အမျိုးသမီးငယ်တစ်ယောက်ပါ၊ သူ့ကို ဘာသာခြား ရဲဘော်မ လို့ အများစုက အလွယ်ခေါ်ကြတယ်။
တပ်ရင်းက ပေးတဲ့ နာမည်ကတော့ ရဲဘော် ချောကလက် ပါ။ အသားညိုညို ပိန်ပိန်လေးမို့ခေါ်သလားလို့ တွေးမိပါတယ်။ ရန်ကုန်မြို့မှာ မွေးပြီးကြီးလာခဲ့ကာ အသက်၂၂ နှစ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူ အဖြစ်ကနေ အာဏာသိမ်းမှုကြောင့် ၂၀၂၁ မေလမှာ ကရင်လက်နက်ကိုင်နယ်မြေထဲရောက်လာခဲ့တယ် လို့ဆိုတယ်။
အဲဒီကစပြီး စစ်ပညာနဲ့ ဆေးတပ်သား ပညာ တွေ ကို တောင်ပေါ် မိုးရာသီ နဲ့ ဆောင်းရာသီ ငှက်ဖျား ၊တုတ်ကွေး၊ ကိုဗစ် တွေ အကြားထဲ ကရင်လက်နက်ကိုင် နယ်မြေထဲ မှာသင်ခွင့် ရခဲ့တယ်။
ကျနော်က သူ့အခြေအနေကိုကြည့်ပြီး အခက်အခဲ အများကြီး ရှိမယ် ဆိုတာ မေးစရာ မလိုပေမယ့် ကျနော်မေးလိုက်မိသေးတယ်။ သူ့အတွက် ဘယ်အရာက အခက်ခဲဆုံးဖြစ်မလဲပေါ့။
စကားမြန်မြန်ပြောတတ်တဲ့ သူမက ပြန်ပြောတယ်. "ပုံမှန်အားလုံးကြုံနေရတဲ့အခက်အခဲတွေတော့ အများကြီး ရှိပါတယ်.. ဒါပေမဲ့ကျမ အတွက်တော့ အစ္စလမ် အမျိုးသမီး တစ်ယာက် ဖြစ်တဲ့အတွက် စားသောက်နေထိုင်မှု့ အတွက်က ဘာသာရေး စည်မျဥ်းစည်းကမ်းတွေ အကြားမှာ သိပ်ပြီး ခက်ခဲ ခဲ့တယ်။ ဥပုဒ်လ တွေမှာ တော်တော် ခက်ခဲစွာနေရပါတယ်။ အစ္စလမ် ဥပုဒ်လ မှာ အစာရှောင် ရင်း၊ ဝါဖြေ ချိန် ညနေ စားစရာမရှိ ရင်တောင် ရေခဲရေ အေးအေးလေး တစ်ခွက် တမ်းတမိ ပါတယ်။"
"အိမ်ကို အရမ်းလွမ်းခဲ့ရတဲ့အချိန် ပေါ့.. ညနေ ဝါဖြေ ချိန် ဆို မိသားစုတွေ စုပေါင်းစားသောက်ကြတာမျိုး မျက်စိထဲမြင်ယောင်ရင်း ငိုချတယ်။ ဒီမှာ အမျိုးသမီးရဲမေ ၄၀ ကျော်မှာ ကိုယ်တစ်ယောက်ထဲ အစ္စလမ် ပါ။ ပြီးတော့ ဟာလာ အစားအသောက် တွေ ကိုယ့်အတွက် အချိန်မပေး နိုင်၊ မစီစဉ် ပေးနိုင် တဲ့ စစ်သင်တန်းကာလ ထဲ မှာ ကိုယ်အစီအစဉ် နဲ့ ကိုယ် ဟာလာ အစားအသောက် ပုံစံ မဟုတ်တဲ့ ရေနဲ့ ထမင်း၊ ကြက်ဥကြော်နဲ့ ငပိရည်၊ ငပိထောင်း၊ ခေါက်ဆွဲခြောက်ပြုတ် ကိုစားရင်း ဖြတ်သန်းနေထိုင်ခဲ့ပါတယ်။"
သူ့မ စကားအဆုံး ကျနော် ပြန်ပြောစရာ နှစ် သိမ့်စရာစကား ဘယ်လိုမှ ရှာမတွေ့ခဲ့ပါဘူး။
ဒီလို ကျနော်စကားလုံးရှာနေတုန်း သူမ ဆက်ပြောလာတာ..
"ကျမ အဖေ နဲ့အမေ ဒီနှစ်ထဲ က အစ္စလမ်တွေ ရဲ့ ဥပုဒ် လ အလွန်မှာ ရှေ့ဆင့် နောက် ဆင့် ရက်တွေ သိပ်မကွာ ဘဲ ကိုဗစ် ကူးစက်ပြီး ကွယ်လွန်ခဲ့ပါတယ်။ အသက်၇၀ ကျော်ပြီမို့ ခံနိုင်ရည် မရှိတာရော ကျမ ကိုလွမ်းတဲ့စိတ်ရောကြောင့်လို့ ထင်ပါတယ်။"
"ကျန်တဲ့ ညီအကို မောင်နှမ တွေ ကလဲ အကြောင်းကြောင်းကြောင့် မိသားစုဝင်အဖြစ်က စွန့်လွတ် လိုက်ကြတယ်။ အစ်မ အကြီးဆုံး က ပြောတယ်။ နင် ဘယ်တော့ မှ မိသားစု ဆီ ပြန်မလာနဲ့တော့တဲ့.." ပြောအပြီး သူမ ငို ခဲ့ပါတယ်။
စစ်တပ်ရဲ့ မတရားသဖြင့် ကျောင်းသားနဲ့ လူငယ်တွေ ကို ခေါင်း တွေ ပွင့် အောင် ပစ်သတ် နေတာ ကို ကိုယ်တိုင် သပိတ် စစ်ကြောင်း ထဲ ချီတက် နေရင်း မျက်မြင် ကိုယ့်တွေ့ ဖြစ်ခဲ့လို့ စစ်တပ်ဆိုတာကို သိပ်ပြီး နာကျည်းမုန်းတီးပြီး ဒီလက်နက်ကိုင်တော်လှန်ရေးနေရာကို ရောက်လာခဲ့ပြီး တစ်ခု မှ မကျန်အောင်ဆုံး ရှုံးပြီးပေမယ့် သူမ နောက်မဆုတ်ပဲ ဆက်တိုက်သွားမယ်ဆိုပြီး ပြောလာတော့ ကျနော် စိတ်သက်ရာ ရခဲ့တယ်.. သူမ စိတ်ဓာတ်ကျမနေပဲ အနိုင်ယူဖို့ အဆုံးတိုက်ဖို့ စဉ်းစားထားတာကို လေးစားမိတယ်။
လက်ရှိ သူမက ဆေးတပ် အမျိုးသမီးရဲဘော် အဖြစ် နဲ့ တိုက်ပွဲ ထဲ လူနာ နောက်တန်းက ကောက်ရ တာ၊ သေနပ်ဒဏ်ရာ၊ လက်နက်ကြီးဒဏ်ရာ၊ မိုင်း ဒဏ်ရာ ရ လာတဲ့ လူနာတွေ ကို မဲ့ဆောက် ဘက် ကို သယ်ပို့တာတွေကိုအဓိကလုပ်နေတဲ့သူဖြစ်ပါတယ်။
ကျနော်တို့ စကားဆုံး တော့ ကျနော့်သမီးကို အရမ်းသတိရမိတယ်.. အဲ့ဒီစခန်းက အပြန် လမ်း တစ်လျှောက်မှာ တွေး စရာတွေ ဖြစ်ခဲ့ တယ်၊ ကျနော် မှာ လည်း ၁၃ အရွယ် သမီးတစ်ယောက် ရှိတယ်လေ။ အခုဆို ကိုဗစ်ကာလရယ်၊ ခေတ်ဆိုးကာလကြီးရယ်ဆို ၄ နှစ် ရှိပြီ။ မိသားစု က တစ်ကွဲ တစ်ပြား ပေါ့ ဗျာ။ သူတို့ကို လုံခြုံရာ တော်လှန်ရေး နယ်မြေ ထဲက ကျေးရွာ တစ်ခုမှာထားခဲ့ရတာ။
စစ်ဏာသိမ်းတဲ့ ဆိုးကျိုး က ကျနော့် တို့ အပြင် တစ်နိုင်ငံလုံးက လူငယ်တွေ ၊ခလေးငယ်တွေ ပိုပြီး ထိခိုက် ပါတယ်၊အနာဂတ် တွေ ပျောက်ကုန်တယ်။ သေချာတာတစ်ခုက ကျနော်သမီးလေးမှာလဲ အခု ရဲဘော်ချောကလက်လို အာဏာရှင်ကို အပြီး တိုက်မယ်ဆိုတဲ့ စိတ်မျိုးရှိနေမှာ လို့ ကျနော်တွေးမိတယ်။
ပန်းချီလက်ရာ JC သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။