စစ်ပွဲ၊ ပြည်နှင်ဒဏ်နှင့် အကူအညီ ဖြတ်မှုကြားက သတင်းထောက်

စစ်ပွဲ၊ ပြည်နှင်ဒဏ်နှင့် အကူအညီ ဖြတ်မှုကြားက သတင်းထောက်

ကချင်ပြည်နယ်

စာရေးသူသည် ကချင်ပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။

ကျွန်မဟာ ငယ်ငယ်ကတည်းက “ငါကြီးလာရင် သတင်းထောက်လုပ်မယ်” ဆိုပြီး မျှော်လင့်ချက် သေချာ ထားခဲ့ဖူးသူမျိုးတော့ မဟုတ်ပါဘူး။

အခုတော့ တခြားဘာမှ မလုပ်ချင်တော့ဘူး။

ကျွန်မက ကချင်တိုင်းရင်းသူပါ။ မြန်မာနိုင်ငံကို စစ်တပ်အာဏာမသိမ်းခင်ကတော့ နယ်မြိုလေးတစ်ခုက အသက် ၂၀ ကျော် သတင်းထောက်ပေါက်စလေးတစ်ယောက်ပေါ့။ ၂၀၁၉ ခုနှစ် ဩဂုတ်လလောက်ကမှ  သတင်းစာပညာကို လေ့လာသင်ယူခဲ့ပြီး သတင်းလောကထဲကို ရောက်လာခဲ့သူပါ။

အိမ်ကနေ ထွက်လာခဲ့ရတာ ဒီနှစ်ဆိုရင် လေးနှစ်ရှိပြီပေါ့။ ပြည်တွင်း လွတ်မြောက်နယ်မြေမှာ နေထိုင်ရင်း သတင်းရေးသားနေရင်းက အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်းနိုင်ငံထိ ထပ်မံ ပြောင်းရွှေ့လုပ်ကိုင်နေရသူပါ။  

အာဏာမသိမ်းခင်ကဆို သတင်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားယူ ၊ ရိုက်ကူး ၊ ရေးသား ၊ တင်ပြနိုင်ခဲ့ပေမယ့် လက်ရှိ ခိုလှုံနေရတဲ့ ထိုင်းနိုင်ငံမှာတော့ ၆ ပေ၊ ၇ ပေ ပတ်လည် အခန်းထဲကနေ မြေပြင်သတင်းရင်းမြစ်ကိုသာ အားကိုးပြီး သတင်းရေးသားနေရတဲ့ အပေါ်မှာ ကိုယ့်ကိုယ်ကို အားမလို အားမရ မကြာခဏ ဖြစ်နေမိတတ်ပါတယ်။

အိမ်နီးချင်းနိုင်ငံရောက်တဲ့အခါ တရားဝင် အလုပ်လုပ်ရဖို့ထက် တရားဝင်နေထိုင်နိုင်ဖို့ကိုတောင် နှစ်စဉ် ရုန်းကန်နေရတာပါ။ အပင်ပန်းဆုံးနေ့ရက်တွေကတော့ အမေတစ်ယောက်တည်း အိပ်ရာပေါ် ကိုဗစ်ဖြစ်နေတယ်လို့ သိရတဲ့ အချိန်တွေပေါ့။ ကိုယ်ရွေးချယ်လိုက်တဲ့လမ်းကြောင့် မိသားစုကို အားနာမိသလို တစ်ဖက်မှာလည်း သတင်းရေးသားတဲ့ အလုပ်ကို မစွန့်လွှတ်နိုင်ပြန်ဘူး။

၂၀၂၅ ခုနှစ်ကတော့ ကျွန်မအတွက် ပိုခက်ခဲတဲ့ နှစ် တစ်နှစ် ဖြစ်နေခဲ့ရပါတယ်။ ကျွန်မအလုပ်လုပ်ခဲ့တဲ့ သတင်းဌာနကနေ အကြောင်းအမျိုးမျိုးကြောင့် အလုပ်နားဖြစ်ခဲ့တယ်။ နေရာသစ်ကို ထပ်ပြောင်းရွှေ့နေထိုင်နေခဲ့ရင်း အလုပ်လည်း ရှာနေခဲ့ရတယ်။ ဒီလို အခြေအနေမှာ နောက်ထပ် သတင်းဌာန တစ်ခုကနေ ကျွန်မကို အလုပ်ခန့်ဖို့ စိတ်ဝင်စားလို့ တွေ့ချင်တယ်လို့ တစ်ဆင့်ကမ်းလှမ်းခဲ့ဖူးတာမျိုး ရှိခဲ့ပေမယ့် USAID က အထောက်အပံ့တွေ ရပ်ဆိုင်းတော့မယ်ဆိုပြီး သတင်းစထွက်လာချိန်ကစပြီး အခုထိ အတည်ပြုဆက်သွယ်တာမျိုး မရှိတော့ဘူး။ 

ကျွန်မတို့မြန်မာနိုင်ငံက သတင်းဌာနအတော်များများဟာ USAID ရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေခဲ့ကြတာတွေရှိတာမို့ အခုလို အခြေအနေမှာ သတင်းဌာနတွေ အနေနဲ့ လူသစ်ထပ်ဖြည့်ဖို့ တွန့်ဆုတ်သွားကြတာကို ကျွန်မအနေနဲ့လည်း နားလည်ပါတယ်။ လက်ရှိလုပ်ကိုင်နေဆဲ ကျွန်မမိတ်ဆွေသတင်းသမားတစ်ချို့တောင် အလုပ်နားလိုက်ရတာတွေရှိတာကိုး။ 

ကျွန်မအနေနဲ့လည်း အရင်ထက်ကို သတင်းသမားအလုပ်ကို ရဖို့ ပိုခက်ခဲနေတာသဘောပေါက်ပေမယ့် ဒီအလုပ်ကို သံယောဇဉ်ရှိတာရယ်၊ ကျွန်မမှာ ရှိထားပြီးသား ဒေသအသီးသီးက အဆက်အသွယ်တွေကနေ ကျွန်မတို့ နိုင်ငံရဲ့၊ ပြည်သူတွေရဲ့ အခြေအနေတွေကို ဆက်ပြီးတင်ပြသွားချင်သေးတဲ့ ဆန္ဒရယ်ကြောင့် သတင်းနဲ့ ပတ်သက်တဲ့ အလုပ်ကိုပဲ ရရှိနိုင်ဖို့ ဆက်ပြီး စောင့်ဆိုင်းရှာဖွေနေတုန်းပါ။  

လွတ်လပ်တဲ့ သတင်းသမားတစ်ယောက် အနေနဲ့ သတင်း၊ ဆောင်းပါး တစ်ချို့လည်း စုံစမ်း ရေးသား ၊ တင်ပြနေရင်းပေါ့။ 

ငယ်ငယ်တုန်းက သတင်းထောက်လုပ်မယ်လို့ မတွေးခဲ့ဘူးဆိုတာ ကျွန်မရဲ့ မိသားစုအသိုင်းအဝိုင်းဟာလည်း နိုင်ငံရေးလောကနဲ့ အလှမ်းဝေးလှပါတယ်။ ငယ်စဉ်က အစိုးရ တီဗီလိုင်းက လွှင့်တဲ့ မြဝတီနဲ့ မြန်မာ့အသံ သတင်းတွေသာ နားဆင်ခဲ့ရသူဖြစ်ပြီး အဖေဖွင့်တဲ့ ရေဒီယိုက RFA နဲ့ VOA သတင်းတွေကိုတော့ ရံဖန်ရံခါမျှသာ နားထောင်မိခဲ့ဖူးသူပေါ့။

တက္ကသိုလ်နောက်ဆုံးနှစ် ဖြေပြီးတော့ ကျွန်မနေတဲ့ နယ်မြို့လေးမှာရှိတဲ့ ဒေသအခြေပြု လူ့အခွင့်အရေးအဖွဲ့အစည်း တစ်ခုမှာ အလုပ်သင်အနေနဲ့ အလုပ်ဝင်လုပ်ရင်း မတရားခံနေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝအခြေအနေနဲ့ အသံမထုတ်နိုင်လို့ ဘယ်သူမှ မသိလိုက်တဲ့ အဖြစ်အပျက်တချို့ကို တွေ့မြင်နားထောင်ခဲ့ရပြီး သူတို့အတွက် ငါ ဘာလုပ်ပေးရမလဲ၊ ဘာလုပ်ပေးနိုင်မလဲဆိုပြီး စတွေးမိခဲ့၊ အဲ့ကနေမှ သတင်းထောက်လုပ်ဖို့ စ စိတ်ဝင်စားခဲ့တာပါ။

အဲလိုနဲ့ သင်တန်းတက်ပြီးနောက်မှာတော့ ဗီဒီယို သတင်းထောက်ဖြစ်လာခဲ့ပါတယ်။ သတင်းထောက်ဖြစ်ခါစမှာ ကျွန်မအတွက်ကတော့ အစစအရာရာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှပ်နေခဲ့ပြီး အခြေခံလူတန်းစားပြည်သူတွေရဲ့ အသံတွေကို အစိုးရအဖွဲ့အစည်းတွေသိရှိအောင် ပေါင်းကူးပေးနိုင်၊ အသံကူထုတ်ပေးနိုင်ခဲ့ပါတယ်။ ကိုယ့်ကြောင့် ပြည်သူတွေအတွက် ပိုကောင်းတဲ့ အခြေအနေလေးတွေ ပြောင်းလဲသွားတာ ကြည့်ပြီး ပီတိတွေ ဝေနေခဲ့တာပေါ့။ ဒါတွေဟာ စစ်တပ်က မြန်မာနိုင်ငံကို အာဏာမသိမ်းခင်က ဖြစ်ရပ်တွေပါ။

အာဏာသိမ်းမှု အပြီးမှာတော့ ကျွန်မဟာ သတင်းထောက်အလုပ်ကိုဆက်လုပ်နိုင်ဖို့ အတွက် မိသားစုနဲ့ အတိုက်အခံ လုပ်ရပါတော့တယ်။ ကျွန်မ နေ့ဘက် ကင်မရာတစ်လုံးနဲ့ မြို့ပတ်ပြီး ဆန္ဒပြတဲ့သူတွေကို မှတ်တမ်းတင်ဖို့ သွားရတိုင်း၊ ရဲနဲ့ စစ်သားတွေ လိုက်ခံရတိုင်း၊ ညဘက်တွေမှာ အသိအိမ်တွေကို ပြောင်းရွှေ့နေရတိုင်း ကျွန်မရဲ့ မိခင်ဟာ ရတက်မအေးဘဲ စိတ်ပူနေခဲ့ရပါတယ်။

ဒီလိုနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့ညမှတော့ ကျွန်မတို့ မိသားစုရဲ့ အိမ်တွင်းစစ်ပွဲအသေးလေး စတင်ခဲ့တယ်။ အမေဟာ ကျွန်မကို သတင်းထောက်အလုပ်က ရပ်နားပြီး မြို့နယ်ပြောင်းနေဖို့ သူ့ရဲ့ ကျန်းမာရေးကိုအကြောင်းပြပြီး အပြင်းအထန် နားချခဲ့တယ်။ ဒါကလည်း ကျွန်မရဲ့ သူငယ်ချင်း သတင်းထောက် တစ်ယောက်ဟာ စစ်ကောင်ဆီကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူထုလှုပ်ရှားမှုတွေမှာ မှတ်တမ်းလိုက်ယူနေစဉ် စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုကို ခံခဲ့ရတာကြောင့် အမေ့ အနေနဲ့ ကျွန်မအတွက်ပါ ပိုစိုးရိမ်နေခဲ့ရတာကြောင့်ပါပဲ။

ဒါပေမယ့် ကျွန်မတို့ မြို့လေးမှာ သတင်းဌာန နည်းသလို သတင်းထောက်လည်း နည်းလှတဲ့အတွက် ကျွန်မဟာ သတင်းထောက်အလုပ်ကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မကို “ကင်မရာ မကိုင်ခိုင်းရင် သေနတ်ပြောင်းကိုင်မယ်” လို့ မိသားစုကိုတောင် အကျပ်ကိုင် ပြောဆိုမိခဲ့ပါတယ်။ ဒီမိသားစုတိုက်ပွဲ အဆုံးမှာတော့  ကျွန်မဟာ ကင်မရာ ဆက်ကိုင်ဖို့ အနိုင်ရရှိခဲ့ပါတယ်။

ဒီခရီးလမ်းဟာ ကျွန်မ ခန့်မှန်းထားသလောက်တော့ မလွယ်ကူခဲ့ပါဘူး။ သူငယ်ချင်း သတင်းထောက် အဖမ်းခံရပြီး ကျွန်မလည်း အမှုတွဲအနေနဲ့ နာမည်ပါလာတာ သတင်းရရှိပြီးနောက်မှာတော့ ကျွန်မဟာ လွတ်မြောက်နယ်မြေတစ်နေရာကို တိမ်းရှောင်ခဲ့ရပါတယ်။ အဲ့ကတည်းက 

ကျွန်မနေထိုင်ခဲ့ဖူးတဲ့ နယ်မြို့မှာလည်း ကျွန်မရဲ့ အိမ်ရှေ့မှာ သူစိမ်းအမျိုးသားတစ်ဦး လာရောက်ထိုင်စောင့်နေတတ်တယ်လို့ အိမ်နီးချင်းတွေဆီက သိရတယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာတော့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) လို့ ထင်ရတဲ့သူတစ်ယောက်ဟာ ကျွန်မနေအိမ်ဝင်းထဲ ဝင်ရောက်လာပြီး နာမည်တပ်မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့လို့ ကျွန်မရဲ့ မိသားစုဝင်တွေပါ နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံ နယ်စပ်မြို့ကနေ သတင်းရေးသားတင်ဆက်နေရတာကို အားမရလို့ ပြည်တွင်းကနေ သတင်းတွေ သေချာ စုံစမ်းရေးသားတင်ပြဖို့တွေးပြီး ပြည်တွင်းကို ပြန်ဝင်ခဲ့ပါသေးတယ်။ ပြီးတော့ ကိုယ် အရင်က သတင်းထောက်လုပ်ခဲ့တဲ့ မြို့နယ်မဟုတ်ဘဲ အမေရောက်ရှိနေတဲ့ မြို့နယ်ကို သွားခဲ့ပြီး တစ်လခန့် နေထိုင်ခဲ့တယ်။ ဒါပေမယ့် စစ်တပ်ရဲ့ အစစ်အဆေးနဲ့ လုံခြုံရေးတင်းကြပ်မှုတွေကြောင့် ရပ်ကွက်ထဲမှာ သတင်းထောက်အလုပ်ကို ပုန်းသျိုပြီး လုပ်ကိုင်ဖို့ ဆိုတာ အတော်ခက်ခဲတဲ့ အခြေအနေမှန်း သိခဲ့ရပြီး မြန်မာနိုင်ငံနယ်စပ်ကိုပဲ သွားရောက်ပြီးတော့ သတင်းသမားအလုပ်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

ကျွန်မအတွက်တော့ မြန်မာနိုင်ငံမြောက်စွန်းကနေ ဆွေမျိုးအသိုင်းအဝိုင်းမရှိ၊ ရောက်လည်း မရောက်ဖူးခဲ့တဲ့ မြန်မာနိုင်ငံ တောင်ပိုင်းနယ်စပ် အိမ်နီးချင်းနိုင်ငံထိ သွားရောက်နေထိုင်ပြီး သတင်းထောက်အလုပ် ဆက်လုပ်ရတာဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။

အဲလို အခြေအနေတွေကြားမှာမှ ကိုယ်နဲ့ နေ့စဉ်ချိတ်ဆက်ပြောဆို သတင်းပေးနေတဲ့ ရဲဘော်တစ်ချို့ဟာ တိုက်ပွဲမှာ ကျဆုံးခဲ့ရပြီး ကိုယ်ကတော့ သူတို့နာရေးကို အွန်လိုင်းမှာ တက်လာမှ သိလိုက်ရတာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီလို ဖြစ်စဉ်တွေဟာ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာကို အတော်ထိခိုက်စေတာမို့ သတင်းသမားဘဝကနေ အနားယူလိုက်ဖို့ တွေးဖူးပေမယ့် တကယ်တမ်းတော့ သတင်းသမား အလုပ်ကို သံယောဇဉ် မဖြတ်နိုင်ခဲ့ပါဘူး။ ဒီကာလမှာတော့ ကျွန်မလိုပဲ သတင်းသမား အများစု ခံစားနေကြရမယ် ထင်ပါတယ်။

တစ်ဖက်မှာလည်း သေနတ်ကိုင်ပြီး ကိုယ်တိုင် တိုက်ပွဲမဝင်နိုင်ပေမယ့် ကလောင်ကိုင်ပြီး ကိုယ်ရေးသားဖော်ပြလိုက်တဲ့ သတင်း၊ ဆောင်းပါးတွေကြောင့် တိုက်ပွဲတိမ်းရှောင်နေတဲ့ ပြည်သူတချို့ဟာ အလှူရှင် တစ်ချို့နဲ့ ချိတ်ဆက်မိပြီး အကူအညီရလိုက်ကြောင်း ပြန်သိရတော့ ဒါတွေဟာ ဒီကာလမှာ သတင်းသမားတစ်ယောက်အနေနဲ့ ဆက်လက်ရပ်တည်ဖို့ ရရှိတဲ့ အားတွေ ဖြစ်ခဲ့တာပါ။

ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်းတွေနဲ့ မစိမ်းခဲ့တဲ့ ကျွန်မဟာ ဒီကာလမှာလည်း အခွင့်အခါရတဲ့အချိန် ကိုယ်တိုင်သွားရောက်ခဲ့ရတဲ့ ကရင် စစ်ဘေးရှောင်စခန်းနဲ့ ကရင်နီ စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်ပြည်သူတွေကို တွေ့ဆုံခွင့်ရချိန်မှာတော့ ဒေသအသီးသီးက ပြည်သူတွေဟာ စစ်တပ်ရဲ့ ဒဏ်ကို မျက်ရည်တစ်လှည့်၊ အပြုံးတစ်လှည့်နဲ့ ကြံ့ကြံခံ အံတုနေကြဆဲ ဆိုတာကို မျက်မြင်တွေ့ခဲ့၊ သိခဲ့ရပြီး ဒါတွေကလည်း သတင်းထောက် အနေနဲ့ ဆက်လက်လုပ်ကိုင်နေဖို့ အားတွေဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးမှာလည်း တတ်နိုင်တဲ့ဘက်က ပါဝင်နေရင်းနဲ့ ပြည်သူတွေဘက်က ရပ်တည်တဲ့၊ ပြည်သူတွေရဲ့ အသံတွေကို ဖော်ထုတ်ပေးနေနိုင်တဲ့ သတင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့၊  သတင်းတွေဆက်ရေးနေနိုင်ဖို့ ကျွန်မ ကြိုးစားနေတုန်းပါ။

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်