ရုပ်ရှင်လမ်း

ရုပ်ရှင်လမ်း

ရန်ကုန်

မြန်မာပြည်ရဲ့ ရုပ်ရှင်လောကဟာ တချိန်တုန်းက အရှေ့တောင်အာရှ တခွင်လုံးမှာ ရုပ်ရှင်ကားတွေ အများကြီး လှိုင်လှိုင်ထွက်တဲ့ အထဲမှာ ပါပါတယ်။ “မြဂနိုင်” လိုမျိုး အချစ်ဇာတ်ကားကြီးတွေက အစ “လူထုအောင်သံ” လို ဦးနုရဲ့ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တဲ့ စာကို မှီးပြီး ရိုက်ထားတဲ့ နိုင်ငံရေးကားတွေ အပါအဝင် ဇာတ်ကားမျိုးစုံ ထွက်ခဲ့တာပါ။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ တစ်နှစ်ကို ကား ၈၀ လောက် ထွက်တာတောင်မှ ရုံတွေက များလွန်းလို့ မလောက်တာတွေ ဖြစ်ခဲ့ရပါသေးတယ်။  ရုပ်ရှင်လုပ်ငန်းက အဲဒီအချိန်တုန်းက အတော်လေးကို ခေတ်စားခဲ့တာ ကိုး။ 

ဆိုရှယ်လစ်ခေတ်မှာတော့ ဖလင်လိပ်တွေ အလွန်တရာ ရှားပါးလာပြီး ရုပ်ရှင်တွေ ဆက်မရိုက်နိုင်တော့တာ ကြောင့် ရုပ်ရှင်ရုံတွေလည်း စီးပွားရေးအရ မရပ်တည်နိုင်တော့ပါဘူး။ ရုပ်ရှင်ရုံတွေကိုလည်း နိုင်ငံပိုင် သိမ်းပစ် လိုက်တယ်လေ။ 

၁၉၈၈ အရေးအခင်းနဲ့ နောက်ဆက်တွဲ သဘောထား ကွဲလွဲခြင်းနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို တင်းတင်း ကျပ်ကျပ် ထိန်းချူပ်လာတာကလည်း ရုပ်ရှင်လောကကို အတော်ထိခိုက်စေခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေ ပိတ်သွားတဲ့ အချိန်မှာတော့ ဗွီဒီယို ထုတ်လုပ်ရေးဘက်ကို လှည့်လာကြတော့တယ်။ အဲဒီမှာ ဈေးပေါပေါနဲ့ လူများများဆီ ရောက်နိုင်မယ့်  ဗွီဒီယိုခေတ်တခေတ် ပေါ်ပေါက်လာပါတော့တယ်။ 

The Kite Tales (လေတံခွန်ပုံပြင်များ) ဟာ ၃၅လမ်းက ဝါရင့်ထုတ်လုပ်သူတွေ ဖြစ်တဲ့ အောင်ပြည့်စုံရုပ်ရှင်နဲ့ ဗွီဒီယို ထုတ်လုပ်ရေးက ဦးပြူးနဲ့ မဟာထွန်းရုပ်ရှင်နဲ့ဗွီဒီယိုထုတ်လုပ်ရေးက အကယ်ဒမီဒေါ်ခင်လေးသိမ့် တို့ကို မေးမြန်းခဲ့ပါတယ်။ ဒီ ၃၅ လမ်းလေးဟာကျဉ်းပေမယ့် အချစ်ဇာတ်လမ်းက အစ သွေးထွက်သံယို သရဲကား အဆုံး ပုံစံမျိုးစုံ ကားမျိုးစုံရဲ့ ပိုစတာတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေနဲ့ ပြည့်နေတဲ့ ရုပ်ရှင်နဲ့ ဗွီဒီယိုလမ်းကလေး ပေါ့။